သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ မြန်မာလူ့အခွင့်အရေး ဥပဒေမူကြမ်း ကန်အထက်လွှတ်တော်အမတ် ၁၄ ဦး ပူးတွဲတင်သွင်း


ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမူဆလင်တွေကို နှိမ်နင်းခဲ့တဲ့ကိစ္စတွေမှာတာဝန်ရှိတဲ့ မြန်မာစစ်တပ်က အကြီးတန်းအရာရှိ တွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက နောက်တကြိမ်ထပ်ပြီး တိုက်တွန်းလိုက်ကြတဲ့အကြောင်း ဧပြီလ ၁၁ရက်နေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာမူဆလင် ၇သိန်းကျော်ကိုထွက်ပြေးရအောင် ဆယ်စုနှစ်တွေနဲ့ချီပြီး စနစ်တကျ လုပ်ဆောင်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်သူ တွေကို အရေးယူဖို့ ရီပါဘလစ်ကန်နဲ့ ဒီမိုကရက် ပါတီ၂ရပ်လုံးက အထက်လွှတ်တော်အမတ်တချို့ စုပေါင်းပြီးတောင်းဆိုခဲ့ ကြတာပါ။

ရီပါဘလစ်ကန်ပါတီက Indiana ပြည်နယ်အထက်လွှတ်တော်အမတ်Todd Young, Florida ပြည်နယ်အထက်လွှတ်တော်အမတ် Marco Rubio အပြင် ဒီမိုကရက်ပါတီက Maryland ပြည်နယ်အထက်လွှတ်တော်အမတ် Ben Cardin ၊ Illinois ပြည်နယ်အထက်လွှတ်တော်အမတ် Dick Durbinနဲ့ Oregon ပြည်နယ်အထက်လွှတ်တော်အမတ် Jeff Merkleyတို့ကမကထ လုပ်ပြီး အမေရိကန်အထက်လွှတ်တော်အမတ်၁၄ဦးတို့ ပူးတွဲတောင်းဆိုခဲ့ကြတာပါ။

မြန်မာ့လူ့အခွင့်အရေး နဲ့လွတ်မြောက်ရေး ဥပဒေမူကြမ်း၂၀၁၉ကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ရက် ကြာသပတေးနေ့တုန်းက တင်သွင်းခဲ့တာ ဖြစ်ပြီး ဒီမူကြမ်းက ရိုဟင် ဂျာတွေအပေါ် နှိပ်ကွပ်ခဲ့မှုမှာ တာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့လုံခြုံရေးအရာရှိတွေရဲ့ ရက်စက်မှု တွေကို ကမ္ဘာကိုသိအောင် ပြသလိုက်တာဖြစ်ပြီး သူတို့ရဲ့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ်အရေးယူမခံရပဲဖြစ်နေတဲ့အခြေ အနေကို လက်မခံနိုင်ဘူးလို့အထက်လွှတ်တော်အမတ် Ben Cardinကပြောပါတယ်။

မြန်မာလုံခြုံရေးတပ်တွေက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တာ သံသယဖြစ်စရာမရှိဘူးလို့လည်း ဆိုပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုပါဘူး။ ရိုဟင်ဂျာဒုက္ခသည်တသန်းလောက် ဒုက္ခသည်စခန်းတွေအတွင်းဆက်ပြီး နေထိုင်ကြရတဲ့ အခြေအနေတွေဟာလက်မခံနိုင်စရာပဲဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ ဒုက္ခသည်တွေနေရပ်ကို ငြိမ်းငြိမ်းချမ်းချမ်းပြန်လာတာကို ခွင့်ပြုရမယ့်အပြင် သူတို့ကို နိုင်ငံသားဖြစ်ခွင့်လည်း အပြည့်အဝပေးရလိမ့်မယ်၊ ငြိမ်းချမ်းရေးနိုဘလ်ဆုရင်ရဲ့ မှန်ကန်တဲ့လုပ်ရပ်ကို ကမ္ဘာက စောင့်ကြည့်နေပါတယ်လို့ အထက်လွှတ်တော်အမတ် Dick Durbin ကပြောပါတယ်။

မြန်မာစစ်အရာရှိတွေအပေါ် အရေးယူဒဏ်ခတ်ဖို့ တောင်းဆိုတဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ ပထမ မူကြမ်းကို ၂၀၁၇ခုနှစ်နိုဝင်ဘာလတုန်းကတင်သွင်းခဲ့တာဖြစ်ပြီး ကွယ်လွန်သူ အထက်လွှတ်တော်အမတ် ဂျွန်မက္ကိန်းက ဦး ဆောင်ပြီး မြန်မာ့လူ့အခွင့်အရေး နဲ့လွတ် မြောက်ရေး ဥပဒေမူကြမ်း၂၀၁၇ ကိုတင်သွင်းခဲ့တာပါ။ ဒီမူကြမ်းကိုအခြေခံပြီး ထပ်ဆင့်တောင်းဆိုမှုကို အထက်လွတ်တော်အမတ်တွေက ကြာသပတေးက နောက်တကြိမ်တင်သွင်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG