၂၀၁၈ မှာ အမေရိကန် ပြည်ထောင်စုမှာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်တိုက်ခိုက်မှု အားလုံးရဲ့ သုံးပုံ ၂ ပုံဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေသူတွေရဲ့ တိုက်ခိုက်မှု ဖြစ်ပြီး ဒီတိုက်ခိုက်မှုတွေရဲ့ ၃ ပုံတပုံ ကျော်မှာ ပြစ်မှုကျူးလွန်သူဟာ တိုက်ခိုက်မှု ဖြစ်ပွါးရာမှာ ဖြစ်စေ၊ ဒါမှမဟုတ် တိုက်ခိုက်တဲ့နေရာကနေ ထွက်ခွါပြီးမကြာခင်မှာ ဖြစ်စေ မိမိကိုယ်မိမိ အဆုံးစီရင်သွားတာ တွေ့ရကြောင်း အစီရင်ခံစာ အသစ်တခု မှာ ဖေါ်ပြထားပါတယ်။
NTAC ခေါ် အမေရိကန်နိုင်ငံတွင်း ခြိမ်းခြောက်မှုဆိုင်ရာ အကဲဖြတ်တဲ့ ဌာနရဲ့ အင်္ဂါနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။ NTAC ဟာ အမိမြေလုံခြုံရေးဌာန လက်အောက်က အစိတ်အပိုင်းတခု ဖြစ်တဲ့ လုံခြုံရေးဆိုင်ရာ အထူးတာဝန်ယူထားရတဲ့ အမေရိကန် Secret Service ဖြစ်ပြီး လူ ၃ ဦး ဒါမှမဟုတ် ၃ ဦးထက်ပိုပြီး အသတ်ခံရ ဒါမှမဟုတ် ဒဏ်ရာရ ခဲ့တာတွေကို စုံစမ်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ မှာ အမေရိကန် ပြည်ထောင်စု တဝှမ်း အခုလို တိုက်ခိုက်မှုပေါင်း ၂၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ ၂၀၁၈ က ဖလော်ရီဒါပြည်နယ် Parkland က ကျောင်းသေနတ်ပစ်ခတ်မှုမှာ လူ ၁၇ ဦး သေဆုံးခဲ့မှုလည်း ပါဝင်သလို ၂၀၁၈ အောက်တိုဘာလက Pennsylvania ပြည်နယ် Pitsburg မြို့ Tree of Life ဂျုးဘုရားကျောင် ပစ်ခတ်မှုအတွင်း လူ ၁၁ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်လည်း ပါဝင်ပါတယ်။
ခုလို တိုက်ခိုက်မှုတွေဟာ ပြည်နယ် ၁၈ ခုမှာ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၉၁ ဦး သေဆုံးပြီး ၁၀၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့တဲ့ နောက်ပိုင်းမှာ လူထုကြား အကြမ်းဖက်မှုတွေကို လျှော့ချနိုင်မယ့် အကောင်းဆုံးနည်းလမ်း တွေရအောင် အာဏာပိုင်တွေ ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။