သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

George Floyd သေဆုံးမှုနောက်ပိုင်း ရဲလက်ချက်နဲ့ လူမည်းတဦး ထပ်မံသေဆုံးရမှု ဂယက်


လူမည်းအမျိုးသား Rayshard Brooks သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ Atlanta မြို့က Wendy စားသောက်ဆိုင်အနီး ဆန္ဒပြနေသူအချို့။ (ဇွန် ၁၃၊ ၂၀၂၀)
လူမည်းအမျိုးသား Rayshard Brooks သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ Atlanta မြို့က Wendy စားသောက်ဆိုင်အနီး ဆန္ဒပြနေသူအချို့။ (ဇွန် ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ လူမည်းအမျိုးသားတဦးဖြစ်တဲ့ George Floyd ရဲကဖမ်းဆီးစဉ်အတွင်း သေဆုံးတာနဲ့ ပတ်သက်ပြီး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ တရားမျှတမှုရရှိရေး ဆန္ဒပြပွဲတွေ ကြိုးကြားဆိုသလို ဆက်ပြီး ဖြစ်နေပါတယ်။ ဒီကြားထဲမှာလည်း ထူးခြားတဲ့ဖြစ်စဉ်တွေ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် အယ်ဒီတာ ဦးကျော်ဇံသာကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

မသိင်္ဂီထိုက် - အန်ကယ်ဦးကျော်ဇံသာရှင့်၊ ဒီသီတင်းပတ်ကုန် သောကြာနေ့က ဂျော်ဂျီယာပြည်နယ် Atlanta မှာ လူမည်းအမျိုးသားတဦးပဲ ရဲက ပစ်ခတ်လို့ ထပ်ပြီး သေဆုံးရပါတယ်။ ဒါနဲ့ပတ်သက်ပြီး စနေနေ့ညပိုင်းမှာ ဆန္ဒပြပွဲတွေ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်တာ တွေ့ရပါတယ်။ ဒီကိစ္စ နောက်ဆုံးအခြေအနေလေး ပြောပြပေးပါဦး အန်ကယ်။

လူမည်းအမျိုးသား Rayshard Brooks ပစ်ခတ်ခံရသည့် Wendy စားသောက်ဆိုင် မီးရှို့ခံထားရသည့် မြင်ကွင်း။
လူမည်းအမျိုးသား Rayshard Brooks ပစ်ခတ်ခံရသည့် Wendy စားသောက်ဆိုင် မီးရှို့ခံထားရသည့် မြင်ကွင်း။


ဦးကျော်ဇံသာ - “စနေနေ့ညမှာ ဖြစ်တဲ့ကိစ္စဟာ တော်တော့ကို ပြင်းပြင်းထန်ထန် ဖြစ်တဲ့ ဆန္ဒပြပွဲလို့ ပြောရပါလိမ့်မယ်။ ဆန္ဒပြသူတွေက ပြည်ထောင်စုလမ်းမကြီးကို ပိတ်ခဲ့တယ်၊ ပြီးတော့ အခင်းစဖြစ်ခဲ့တဲ့ Wendy စားသောက်ဆိုင်ကိုလည်း မီးတင်ရှို့ခဲ့ကြတယ်၊ ဆန္ဒပြသူတိုင်းတော့ မဟုတ်ဘူး၊ ဆူပူလိုသူတချို့ကပေါ့။ တကယ် စဖြစ်ခဲ့တာက အဲဒီ Wendy စားသောက်ဆိုင်ထဲမှာ ဈေးဝယ်ပြီး ကားမောင်းထွက်တဲ့နေရာမှာ ဒီလူက ကားရပ်ပြီး အိပ်ပျော်နေတယ်။ အဲဒါကို ဆိုင်က ဖုန်းဆက်တော့ ရဲက လာဖမ်းတယ်။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ ရဲရဲ့ခါးမှာချိတ်ထားတဲ့ Taser ဆိုတဲ့ လျှပ်စီးသေနတ်ပေါ့လေ၊ လူတွေကို ရုတ်တရက် ငြိမ်သွားအောင်လုပ်တာ၊ အဲဒါကို သူက ဆွဲပြီး ထွက်ပြေးတဲ့အခါ နောက်ကပစ်လိုက်တာ ဖြစ်ပါတယ်။

“အခုအခါမှာတော့ Atlanta မြို့ရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲက ချက်ချင်း နုတ်ထွက်သွားပါတယ်။ သေနတ်ပစ်တဲ့လူကိုလည်း ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ အဲဒီဘေးနားမှာရှိတဲ့ ရဲအရာရှိတယောက်ကိုတော့ ခွင့်ပေးထားပါတယ်။ ဥပဒေအရ ဒီဟာတွေကို ဆက်ပြီး အရေးယူမယ်၊ မယူဘူး ဆိုတာကိုတော့ ဆက်ပြီး စဉ်းစားနေကြဆဲ ဖြစ်ပါတယ်။”

မသိင်္ဂီထိုက် - သမ္မတ Donald Trump အနေနဲ့ ပထမဆုံး သူ့ရဲ့ နိုင်ငံရေး လူထုစည်းရုံးပွဲကို ဇွန်လ ၁၉ ရက်နေ့လုပ်ဖို့ ပထမ စီစဉ်ထားတာပါ။ ဒါက Juneteenth လို့ခေါ်တဲ့ အားလပ်ရက်နဲ့လည်း တိုက်ဆိုင်နေတော့ သူက နောက်ကို တရက်ဆုတ်ပြီး ဇွန် ၂၀ ရောက်တော့မှပဲ သူ့ရဲ့ ပထမဆုံး မဲဆွယ်စည်းရုံးရေးကို လုပ်မယ်ဆိုပြီး ပြောပါတယ်။ ဒီကိစ္စက ဘယ်လောက်များ အရေးပါပါသလဲ။

ဦးကျော်ဇံသာ - “Donald Trump က ဒီနေ့ကို ရွေးခဲ့တာက သမိုင်းဝင် နေ့တနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ဇွန် ၁၉ ရက်နေ့ပေါ့လေ၊ အဲဒီနေ့ကို သူတို့က Juneteenth လို့ ခေါ်ကြတယ်။ အဲဒီ Juneteenth ဆိုတဲ့နေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ကျွန်စနစ် ဆုံးခန်းတိုင်တယ်ဆိုပြီး သတ်မှတ်တဲ့နေ့ပါ။ သမ္မတ လင်ကွန်းရဲ့ ကျွန်တွေကို လွတ်မြောက်ခွင့်ပေးတဲ့ အမိန့်ကို Texas ပြည်နယ်မှာ ဗိုလ်ချုပ်ကြီးက ဖတ်ပြခဲ့တဲ့နေ့၊ အဲဒီကစပြီး အဲဒါ အဆုံးသတ်သွားတဲ့နေ့ ဖြစ်ပါတယ်။ ဆိုတော့ အဲဒီနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်မယ်ဆိုပြီး Donald Trump က ရွေးခဲ့တာဖြစ်ပါတယ်။ အခုတော့ သူက ဘာပြောလဲဆိုရင် သူ့ကိုထောက်ခံတဲ့ အာဖရိကနွယ်ဝင် အမေရိကန်လူမျိုးတွေက မေတ္တာရပ်ခံတဲ့အတွက်ကြောင့် သူက တရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။”

မသိင်္ဂီထိုက် - နောက်တခုက သမ္မတ Donald Trump နဲ့ စစ်တပ်ကြား တော်တော်လေး သဘောထား ကွဲပြားနေတဲ့ အနေအထားမျိုးမှာ ဖြစ်နေပါတယ်။ ဒီဟာမျိုးက ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပါသလား၊ ဒီအပေါ်မှာရော အန်ကယ် ဘာတွေများ လေ့လာမိပါသလဲရှင့်။

လူမည်းအမျိုးသား Rayshard Brooks ကို ရှာဖွေနေသည့် ရဲအရာရှိ။
လူမည်းအမျိုးသား Rayshard Brooks ကို ရှာဖွေနေသည့် ရဲအရာရှိ။


ဦးကျော်ဇံသာ - “အထူးသဖြင့်ကတော့ ရီပတ်ဘလစ်ကန် သမ္မတနဲ့ ကွန်ဆာဗေးတစ် ဖြစ်တယ်လို့ ယူဆတဲ့ စစ်တပ်နဲ့ကြားမှာ သဘောထား ကွဲလွဲတာကတော့ သိပ်ရှားရှားပါးပါးကိစ္စလို့ ဆိုရမှာ ဖြစ်ပါတယ်။ အဓိက Donald Trump နဲ့ စစ်တပ်ကြား သဘောထားကွဲလွဲမှုကို အပေါ်ယံအားဖြင့် အကြောင်းရင်း နှစ်ခုနဲ့ အခြေခံအားဖြင့် တခု တွေ့ရပါလိမ့်မယ်။ အပေါ်ယံနှစ်ခုကတော့ အခုဖြစ်နေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီးတော့ Law and Order တရားဥပဒေ စိုးမိုးရေး ထိန်းသိမ်းတဲ့နေရာမှာ Donald Trump လုပ်တာကို စစ်တပ်က သဘောမကျတာတွေ ရှိတယ်။ စစ်တပ်ကိုသုံးမယ်ဆိုတာကို သဘောမကျတာ၊ ဒါက တချက်ပေါ့လေ။

“နောက် ဒုတိယတချက်ကတော့ Confederate Symbol လို့ ခေါ်တာပေါ့၊ တောင်ပိုင်း ခွဲထွက်ပြည်နယ်တွေရဲ့ ခေါင်းဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေ၊ သူတို့ရဲ့ အထိမ်းအမှတ်တွေကို ဖယ်ရှားချင်တဲ့ကိစ္စ၊ အဲဒါကို စစ်စခန်းတချို့မှာ ဒီတုန်းက ပါဝင်ခဲ့တဲ့ Confederate ဗိုလ်ချုပ်တွေရဲ့ နာမည်နဲ့ ထားတာကို စစ်တပ်က မလိုချင်ဘူး၊ ဖယ်ရှားချင်တယ်။ Donald Trump က မဖယ်ရှားချင်ဘူး။ အနှစ်သာရအားဖြင့်ကတော့ Racial Injustice Systematically ရှိနေလား မရှိဘူးလားဆိုတဲ့ ကိစ္စ၊ စစ်တပ်အနေနဲ့တော့ ဒါကို မလိုချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်မှာ လူမည်းဦးရေက သိပ်များလာပြီ။ ၁၉၄၈ ခုနှစ်မှာ ဟယ်ရီထရူးမင်းက စစ်တပ်အတွင်း လူမျိုးရေးခွဲခြားမှုကို အုပ်ချုပ်ရေးအမိန့်သုံးပြီး ပယ်ဖျက်ခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၄၀ အတွင်းမှာ လူမည်းတွေ သိပ်များလာပါတယ်။

“၁၉၉၈ မှာဆိုရင် လူမည်းဗိုလ်ချုပ်ကြီးဖြစ်တဲ့ Colin Powell ဟာ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌကို ဖြစ်ခဲ့ပါတယ်။ အဲဒီလိုပဲ စစ်တပ်မှာ လူမည်းတွေဟာ အရာရှိအားဖြင့် ၁၁ ရာခိုင်နှုန်း၊ စစ်သားအားဖြင့်ဆိုရင် လူမည်း ၂၄ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု တခုလုံးရဲ့ လူမည်း လူဦးရေဟာ ၁၃ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတော့ လူဦးရေနဲ့စာရင် လူမည်းတွေ သိပ်များလာတော့ ဒါကို စစ်တပ်က လက်ခံရမယ်၊ ဒါကို လက်မခံရင် သူတို့စစ်တပ် ဖွဲ့စည်းလို့မရဘူး။ ဒါဟာ အခြေခံဖြစ်တယ်။ နောက်ပြီးတော့ အမျိုးသားလုံခြုံရေးအတွက် အဓိကကျတယ်ဆိုတော့ စစ်တပ်ရဲ့ Trend ပြောင်းလာတဲ့သဘော ဖြစ်တယ်။”

မသိင်္ဂီထိုက် - အန်ကယ် ဦးကျော်ဇံသာ အထူးပဲ ကျေးဇူးတင်ပါတယ်။

George Floyd သေဆုံးမှုနောက်ပိုင်း ရဲလက်ချက်နဲ့ လူမည်းတဦး ထပ်မံသေဆုံးရမှု ဂယက်
please wait

No media source currently available

0:00 0:05:26 0:00
တိုက်ရိုက် လင့်ခ်

----------------------------

Atlanta ဆန္ဒပြပွဲ နဲ့ အမေရိကန် နိုင်ငံရေး နောက်ဆုံးအခြေအနေ
please wait

No media source currently available

0:00 0:05:03 0:00

(Unicode)







Atlanta မြို့မှာ ဆန္ဒပြနေကြသူများ။ (ဇွန် ၆၊ ၂၀၂၀)
Atlanta မြို့မှာ ဆန္ဒပြနေကြသူများ။ (ဇွန် ၆၊ ၂၀၂၀)







XS
SM
MD
LG