သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်မယ့်အပေါ် မြန်မာလုပ်ငန်းရှင်တချို့အမြင်


(Zawgyi/Unicode)

COVID-19 ကပ်ရောဂါရင်ဆိုင်နေရဆဲ အမေရိကန်ပြည်ထောင်စုမှာ မေလဆန်းပိုင်းကစပြီး စီးပွားရေးလုပ်ငန်း တချို့ ဖြေးဖြေးချင်း စတင်ဖွင့်လှစ်ခဲ့ပေမယ့် ပုံမှန်အခြေအနေတွေ ဘယ်တော့ပြန်ရောက်မလဲ၊ ဒီလို ပုံမှန်အခြေအနေဆိုတာကလည်း ဘယ်လိုပုံစံမျိုးဖြစ်မလဲ စတဲ့ ကပ်ရောဂါ ကူးစက်မှုဒဏ်ကို ကြုံတွေ့ရတဲ့မြန်မာအမေရိကန်တွေက စိုးရိမ်နေကြပါတယ်။

အမေရိကန်မှာ ကပ်ရောဂါ စတင်ကြုံတွေ့ပြီး နှစ်လအကြာ ကန့်သတ်ထိန်းချုပ်မှုတွေကို ဖြေလျော့ပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ရေး ဘယ်လို အခြေအနေတွေ ရှိနေသလဲဆိုတာ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

နောက်ဆုံးသတင်းထုတ်ပြန်ချက်တွေအရ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၈၀,၀၀၀ သောင်းကျော်မက ရှိခဲ့ပါတယ်။ အလုပ်လက်မဲ့ ဦးရေဟာ ဆိုရင်လည်း သန်းနဲ့ချီရှိနေတာပါ။လောလောဆယ်မှာတော့ ရောဂါကူးစက်မှုအခြေအနေပေါ်မူတည်ပြီး ပြည်နယ်အလိုက် စီးပွားရေးလုပ်ငန်း အစိတ်အပိုင်း တချို့ကို ဧပြီလကုန်၊ မေလဆန်းပိုင်းက စပြီး ဖြေးဖြေးချင်း ဖွင့်လှစ်နေပါတယ်။

ရောဂါကူးစက်မှု အဆိုးရွားဆုံးနဲ့ ဗဟိုအချက်အချာဖြစ်ခဲ့တဲ့ နယူးရောက်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုဇော်လတ်ကတော့ လူတွေကိုယ်တိုင် ရောဂါကူးမှာ စိုးရိမ်နေဆဲဖြစ်ပြီး အိမ်မှာ နေကြဆဲဖြစ်တယ်လို့ ဗွီအိုအေကိုပြောပါတယ်။

"အခုဟာ ဘယ်လိုဖြစ်သလဲဆိုတော့ ဖွင့်တယ်သာ ပြောတာဗျာ။ ရထားပေါ်မှာ ဆယ်ယောက်တောင် မပြည့်ဘူး။ ကျနော်တို့ အခုဆင်းတယ်ဆိုတာကလည်း နေ့တပိုင်းပဲ ဆင်းတာ။ ဆိုင်တွေကလည်း ဘာဖြစ်နေသလဲဆိုတော့ စီးပွားရေးတွေက နှေးနေတော့ မဖွင့်ရင် ကိုယ့်မိတ်တွေပျက်မယ်၊ ဖွင့်ပြန်တော့လည်း လူက မလာဘူး။ အဲတော့ ဘယ်ဆိုင်ပဲကြည့်ကြည့်။ ဖွင့်ထားရင် လူနှစ်ယောက် သုံးယောက်လောက်ပဲ လာတယ်။ ပျောက်သွားလိုက်ဆိုတော့ ဖွင့်သာဖွင့်ထားရတယ်။ စီးပွားရေးက မကောင်းဘူး။ ရောဂါအတွက် ဆေးကလည်းမရှိ။ ဘယ်က ကူးလို့ ကူးမှန်းလည်းမသိ။ လူတွေက အိမ်ထဲမှာပဲ နေတာများတယ်။ တော်ရုံ အဝတ်အစားတွေတောင် ထွက်မလျှော်ကြဘူး။ လိုအပ်တဲ့ အစားအသောက်တွေလောက်ပဲ ဝယ်ဖို့ ထွက်ကြတော့တယ်။"

နယူးရောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo ကတော့ တနင်္လာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အများပြည်သူ အပန်းဖြေတဲ့ နေရာတချို့ကို မေလ ၁၅ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ရှိကြောင်း ပြောကြားခဲ့ပြီး အခြေအနေတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ကပ်ရောဂါကြောင့် လုပ်ငန်းတွေထိခိုက်ဆုံးရှုံးခဲ့ရတဲ့ နယူးရောက်အထက်ပြည်နယ် Buffalo မြို့က Recycling ဖန်ပုလင်း၊ ပလတ်စတစ်ဗူးတွေ ဝယ်ယူတဲ့ အသေးစားလုပ်ငန်း ပိုင်ရှင် ဦးဇော်ဝင်းကတော့ အမေရိကန်မှာ ပုံမှန်စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်ဖို့ ဒီနှစ်အကုန်ပိုင်းလောက်ထိတောင် မသေချာတဲ့ အနေအထားမျိုးရှိနေတယ်လို့ အခုလို ဗွီအိုအေကိုပြောပါတယ်။

" ကျနော်အမြင်အရ လိုအပ်ချက်အတွက် ပြန်ဖွင့်တာလည်း ဖွင့်သင့်တယ်။ သို့သော် ဖွင့်တာနဲ့ပဲ ချက်ချင်း ပုံမှန်အနေအထားကို ဝုန်းဒိုင်းကြဲပြီးတော့ အားရပါးရနဲ့ စားသောက်ဆိုင်တွေ၊ ဘားဆိုင်တွေ၊ အခြားလူချင်းထိတွေ့ပြီးလုပ်ရတဲ့ လက်သည်းအလှပြင်ဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေ ဆိုရင်တော့ အခုချိန်မှာ ချက်ချင်းကြီး အရှိန်အဟုန်နဲ့ ပြန်လုပ်မယ်ဆိုရင် တော်တော် ဂရုစိုက်ရမယ်။ မဖြစ်နိုင်သေးဘူး။ အန္တရာယ်တွေ ထပ်ပြီးကြုံရနိုင်ချေ ရှိသေးတယ်။"

အမေရိကန်မှာ ကိုဗစ်ရောဂါ ကူးစက်မှုဟာ ပြည်နယ်အလိုက်ကွာခြားတဲ့ အထဲမှာ အသက်သာဆုံးနဲ့ ထိန်းချုပ်နိုင်တဲ့ အနေအထားရှိနေတဲ့ ပြည်နယ်ကတော့ ကာလီဖိုးနီးယားဖြစ်ပါတယ်။ နေအိမ်မှာပဲနေဖို့ ကန့်သတ်ချက်တွေကို မေလဆန်းပိုင်းမှာ စတင် ဖြေလျော့ပေးခဲ့ပြီး မေလ ၄ ရက်နေ့ကစလို့ အဝတ်အစားဖက်ရှင်ဆိုင်၊ ပန်းရောင်ဆိုင်တွေနဲ့ စာအုပ်ဆိုင်တွေ စတဲ့ လက်လီရောင်းချတဲ့ ဆိုင်တချို့ကို ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း အခုချိန်ထိ ဗိုင်းရပ်စ်ကာကွယ်ဆေးမရှိသေးတာ၊ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အသေအချာမသိသေးတဲ့အတွက် လူတဦးနဲ့တဦး အကွာအဝေးနဲ့ နေဖို့၊ နှာခေါင်းစည်းတပ်ဖို့၊ လက်ကို မကြာခဏဆေးဖို့ စတာတွေကိုတော့ မဖြစ်မနေ လိုက်နာဖို့ လိုအပ်နေကြောင်း ကာလီဖိုးနီးယားပြည်နယ်က အထွေထွေရောဂါကု သမားတော် ဒေါက်တာမိုးဆန်းက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ လက်ရှိအခြေအနေကတော့ ထိန်းချုပ်နိုင်ပြီ ဆိုပေမယ့် အရာရာတိုင်းက ယတိပြတ် ဆုံးဖြတ်ချက် ချလို့မရသေးဘူးပေါ့နော်။ ဘာဖြစ်လာမလဲဆိုတာ ဘာမှမသိဘူး။ ဒီဗိုင်းရပ်စ်ကလည်း လောလောလတ်လတ် အသစ်ဖြစ်နေတော့ ကျနော်တို့ တတ်နိုင်သလောက်တော့ Social Distancing တို့၊ လက်ဆေးတာတို့၊ နှာခေါင်းစည်းတပ်တာတို့ ကို အဓိကထားပြီး ဆက်လုပ်သွားမယ်ဆိုရင် အကောင်းဆုံးပါ။ vaccine ကာကွယ်ဆေး မထွက်မချင်းကတော့ လူတွေရဲ့ နေစဉ် လုပ်ဆောင်ရမယ့် အလေ့အထကို အတိအကျကျင့်သုံးဖို့ လိုမယ်လို့ ထင်ပါတယ်ခင်ဗျ။"

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အပြင်းအထန်ကြုံတွေ့ခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေး လုပ်ငန်းတွေနဲ့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး အင်္ဂါနေ့က အမေရိကန် အထက် လွှတ်တော်မှာ ဗွီဒီယို ကွန်ဖရင့်ကြားနာပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ အမေရိကန် ကူးစက်ရောဂါ ထိပ်တန်းကျွမ်းကျင်သူ ဒေါက်တာ Anthony Fauci ကတော့ စီးပွားရေးလုပ်ငန်းတွေကို အလျင်စလို ပြန်လည်ဖွင့်လှစ်မယ်ဆိုရင် နောက်တကြိမ် ရောဂါကူးစက်မှုအန္တရာယ် ကြီးကြီးမားမားကို ရင်ဆိုင်ရဖို့ရှိကြောင်း ကြားနာပွဲမှာ သတိပေးပြောဆိုခဲ့ပါတယ်။ ပုံမှန်အခြေအနေမျိုး ပြန်လည် စတင်တာမျိုး မလုပ်ခင် လူတွေမှာ ဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးမှုတွေကို မဖြစ်မနေ လုပ်ဖို့ ဒေါက်တာFauci က အကြံပြုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)













ဆက်စပ်သတင်းများ ...

XS
SM
MD
LG