သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ ရုရှား ထိပ်သီးအစည်းအဝေး ယူကရိန်းအရေး အဓိကဆွေးနွေး


ရုရှားသမ္မတ Putin နဲ့ အွန်လိုင်းကတဆင့် ဆွေးနွေးနေတဲ့ အမေရိကန်သမ္မတ Joe Biden. (ဒီဇင်ဘာ ၇၊ ၂၀၂၁)
ရုရှားသမ္မတ Putin နဲ့ အွန်လိုင်းကတဆင့် ဆွေးနွေးနေတဲ့ အမေရိကန်သမ္မတ Joe Biden. (ဒီဇင်ဘာ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

ယူကရိန်းနယ်စပ်အနီးမှာ ရုရှားအစိုးရက တပ်ဖွဲ့အင်အား တိုးမြှင့်နေတဲ့အပေါ် အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေက အကြီးအကျယ် စိုးရိမ်နေကြောင်းနဲ့ ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်မယ်ဆိုရင်တော့ ပြင်းထန်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ တုံ့ပြန်မယ့်အကြောင်း အမေရိကန်သမ္မတ Joe Biden က ရုရှားသမ္မတ Vladimir Putin ကို ပြောဆိုခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

အမေရိကန်နဲ့ ရုရှား ခေါင်းဆောင် ၂ ဦး အွန်လိုင်းကနေ ထိပ်သီး တွေ့ဆုံဆွေးနွေးပွဲက ၂ နာရီ ကြာမြင့်ခဲ့ပြီး အဓိကတော့ ယူကရိန်းကိစ္စကို ဆွေးနွေးခဲ့ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က ပြောပါတယ်။

“အကြောင်းအရာမျိုးစုံ ဆွေးနွေးခဲ့ပေမယ့်လည်း အဓိကကတော့ ယူကရိန်းကိစ္စ ဖြစ်ကြောင်း၊ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ နယ်မြေတည်တံ့ ခိုင်မြဲရေးကို အမေရိကန်က အားပေးထောက်ခံကြောင်း သမ္မတ Biden က ရုရှားသမ္မတ Putin ကို ပြောကြားခဲ့ကြောင်း” အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Sullivan က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

တင်းမာမှုတွေ လျှော့ချပြီး သံတမန်ရေးအရ ပြန်လည်ဆောင်ရွက်ဖို့လည်း သမ္မတ Biden က တောင်းဆိုခဲ့ကြောင်းလည်း ခေါင်းဆောင် ၂ ဦး ဆွေးနွေးပွဲအပြီး အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းအပေါ် ကျူးကျော်ခဲ့ရင် ရုရှားအပေါ် ဘယ်လို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်မလဲ ဆိုတာကို သမ္မတ Biden ဘက်က ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သလား ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

ရုရှားသမ္မတ Putin ဘက်က ဘယ်လိုတုံ့ပြန်သလဲ ဆိုတာကို အိမ်ဖြူတော်ဘက်က မပြောပေမယ့် ဆွေးနွေးမှုတွေကို နောက်ဆက်တွဲ ဆောင်ရွက်ဖို့ နှစ်ဖက်အဖွဲ့တွေကို တာဝန်ပေးထားကြောင်းနဲ့ အမေရိကန်ကလည်း မဟာမိတ်တွေနဲ့ အနီးကပ် ညှိနှိုင်းဆောင်ရွက်မှာဖြစ်ကြောင်း ပြောပါတယ်။

ရုရှားသမ္မတရဲ့ လက်ထောက်တဦးဖြစ်တဲ့ Yuri Ushakov ကတော့ ယူကရိန်းအရေး အမေရိကန်နဲ့ ရုရှားသမ္မတတွေ ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့ကြကြောင်း ဆွေးနွေးမှုအပြီး အင်္ဂါနေ့မှာပဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)









XS
SM
MD
LG