အမေရိကန်ပြည်ထောင်စု Alabam ပြည်နယ် Birmingham မြို့က ညပိုင်းလူစည်ကားရာနေရာမှာ စနေနေ့ညပိုင်း ပစ်ခတ်မှုဖြစ်ပြီး လေးဦးသေဆုံး၊ ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မနက်ပိုင်းမှာထုတ်ပြန်ပါတယ်။
ပစ်ခတ်သွားသူတွေကို ရှာဖွေဖမ်းဆီးနိုင်ရေး သတင်းပေးကြဖို့ အာဏာပိုင်တွေက အများအပြည်သူကို အကူအညီတောင်းခံနေပါတယ်။ အခင်းဖြစ်ရာနေရာဟာ စားသောက်ဆိုင်တွေ၊ ဖျော်ဖြေရေးနေရာတွေ ဘားတွေနဲ့ ပြည့်နှက်နေပြီး သီတင်းပတ်ကုန်ရက်တွေမှာ လူစည်ကားလေ့ရှိတဲ့ အရပ်ဖြစ်ပါတယ်။စနေ ညပိုင်း ၁၁ နာရီအချိန်လောက်မှာ ပစ်ခတ်မှုဖြစ်တာပါ။
ပစ်ခတ်တယ်လို့သံသယရှိသူတွေဟာ ကားတစင်းနဲ့လာရောက်ပစ်ခတ်ပြီး ကားပေါ်ပြန်တက် ထွက်ပြေးသွားကြတယ်လို့ ရဲချုပ် Scott Thurmond က တနင်္ဂနွေမနက် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦးတို့ကို သေနက်ဒဏ်ရာတွေနဲ့ လမ်းနံဘေး သေဆုံးနေတာကို ရဲကတွေ့ခဲ့ပါတယ်။ အဲဒီနောက် နောက်အမျိုးသားတဦးကတော့ သေနတ်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။
ပစ်မှတ်ထားလုပ်ကြံခံရသူက သေဆုံးတဲ့အထဲ ပါတယ်လို့ ရဲက ယူဆထားပါတယ်။
တနင်္ဂနွေမနက် အစောပိုင်းမှာတော့ ဒဏ်ရာရသူတွေ ဆေးရုံရောက်လာကြတဲ့အတွက် ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲက အတည်ပြုနိုင်ပါတယ်။ အဲဒီအထဲ တချို့ကတော့ အသက်အန္တရယ်စိုးရိမ်ရပါတယ်။
Forum