သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် အမေရိကန် ဒဏ်ခတ်မှုအသစ် ချမှတ်


အီရန်နိုင်ငံရဲ့ ပဲ့ထိန်းတပ်ဒုံး အစီအစဉ်ကို ထောက်ခံတယ်လို့ဆိုတဲ့ လူပုဂ္ဂိုလ် ၁၈ ယောက်နဲ့ အဖွဲ့အစည်းတွေကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ် အရေးယူလိုက်ပါတယ်။

၂၀၁၅ ခုနှစ်က အီရန်နဲ့ ရရှိခဲ့တဲ့ Nuclear ဆိုင်ရာ သဘောတူ စာချုပ်အတိုင်း အီရန်က လိုက်နာ ဆောင်ရွက် နေပါတယ်လို့ အမေရိကန်က ထပ်မံအတည်ပြုခဲ့ပေမဲ့ ခုလို အရေးယူလိုက်တာ ဖြစ်ပါတယ်။ အီရန်ရဲ့ ဆောင်ရွက်မှုတွေဟာ အရှေ့အလယ်ပိုင်း ဒေသရဲ့တည်ငြိမ်၊ လုံခြုံရေးနဲ့ သာယာဝပြောရေးကို ထိခိုက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

အီရန်နိုင်ငံရဲ့လက်ရွေးစင် အထူးတပ်ဖွဲ့ဖြစ်တဲ့ Revolutionary Guards တပ်ဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့ ၂ ဖွဲ့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနက ပိတ်ဆို့ ဒဏ်ခတ်ခဲ့ပါတယ်။ အဲဒီ အဖွဲ့တွေဟာ ပဲ့ထိန်းဒုံး တီထွင်မှုနဲ့ စမ်းသပ်ပစ်လွှတ်မှု ဆိုင်ရာ အစီအစဉ်တွေမှာ ပါဝင်ပတ်သက် နေတယ်လို့ ပြောပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာန ကလည်း အဖွဲ့ ၇ ဖွဲ့နဲ့ လူပုဂ္ဂိုလ် ၅ ယောက်ကို အီရန် စစ်လက်နက်ပစ္စည်း ဝယ်ယူမှုအပေါ် ပံ့ပိုးပေးမှု၊ အီရန်လူမျိုး ၃ ယောက်ကို အီရန်အခြေစိုက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းနဲ့ ဆက်နွယ်မှုတို့နဲ့ အရေးယူခဲ့ပါတယ်။ အရေးယူ ဒဏ်ခတ်မှုတွေ အရ ပစ်မှတ်ထားခံရတဲ့ အီရန်လူမျိုးတွေ အမေရိကန်နိုင်ငံထဲမှာ ရှိနိုင်တဲ့ ပိုင်ဆိုင်မှု မှန်သမျှကို ထိန်းချုပ် လိုက်သလို၊ အမေရိကန် လူမျိုးတွေ အနေနဲ့ သူတို့နဲ့စီးပွားရေး မလုပ်ရလို့ တားမြစ်လိုက်ပါတယ်။ ခုလို အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုဟာ စိတ်မကောင်းစရာ မကောင်းတဲ့ အလေ့အကျင့်တခု ဖြစ်နေတယ်လို့ New York မြို့ကို ရောက်နေတဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ကုလသမဂ္ဂဆိုင်ရာ VOA သတင်းထောက်ကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG