အမေရိကန်အစိုးရက ပြည်ပနိုင်ငံတွေကို ပေးနေတဲ့ အကူအညီတွေကို ရက် ၉၀ ကြာ ဆိုင်းငံ့တဲ့ကာလအတွင်း၊ HIV ဝေဒနာရှင်တွေအတွက် ပေးနေတဲ့ AIDS ရောဂါ အကူအညီပေးရေး သမ္မတရဲ့ အရေးပေါ်အစီအစဉ် (PEPFAR) ကို အသက်ကယ်တဲ့ လူသားချင်းစာနာမှု အကူအညီအဖြစ်နဲ့ ကင်းလွတ်ခွင့်ပေးသွားမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က သမ္မတအဖြစ် တာဝန်စယူပြီး နာရီပိုင်းအတွင်းမှာပဲ သမ္မတ Donald Trump က ပြည်ပကိုပေးနေတဲ့ အကူအညီတွေဟာ အမေရိကန်သာ ဦးစားပေး ပထမဆိုတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီမှု ရှိ၊ မရှိဆိုတာကို ပြန်လည်သုံးသပ်ဖို့အတွက် အကူအညီ ပေးနေတာတွေကို ဆိုင်းငံ့ဖို့ အမိန့်ပေးခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ အကူအညီတွေ အများဆုံးပေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကတော့ အစောပိုင်းမှာ အရေးပေါ် စားနှပ်ရိက္ခာ အကူအညီတွေကို ကင်းလွတ်ခွင့်ပေးခဲ့ပြီး၊ အဲဒီနောက် အင်္ဂါနေ့မှာတော့ အသက်ကယ်ဆေး၊ ဆေးဝါးကုသခွင့်၊ အစားအစာ၊ နေထိုင်ခိုလှုံစရာနေရာနဲ့ အသက်ရှင် ရပ်တည်နိုင်ဖို့ တခြား အခြေခံလိုအပ်ချက်တွေကိုပါ ကင်းလွတ်ခွင့်နဲ့ ခွင့်ပြုခဲ့ပါတယ်။
ဒါပေမဲ့လည်း သမ္မတထရမ့်ရဲ့အမိန့် နောက်ဆက်တွဲ ကင်းလွတ်ခွင့်တွေမှာ အသေးစိတ် အချက်အလက်တွေ မဖော်ပြထားတာကြောင့် အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ သူတို့ရဲ့ အလုပ်တွေကို ဆက်လုပ်လို့ ရနိုင်လား မရနိုင်ဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိဘဲ ရှုပ်ထွေးမှုတွေ ရှိခဲ့တာပါ။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ဘေးကင်းလုံခြုံမှုနဲ့ သံတမန်ရေးဌာနရဲ့ ညွန်ကြားချက်မှာတော့ PEPFAR အစီအစဉ်အတွက် အကူအညီတွေကို ခွင့်ပြုခဲ့ပြီး၊ အဲဒီထဲမှာ HIV ဝေဒနာသည်တွေကို ကုသစောင့်ရှောက်ရေး၊ တီဘီ အဆုတ်နာရောဂါအပါအဝင် ရောဂါမကူးအောင် ကာကွယ်ကုသဖို့၊ ဓါတ်ခွဲခန်းဆေးစစ်တာနဲ့ အခြေခံလူသုံးကုန်ပစ္စည်းနဲ့ ဆေးဝါးတွေရရှိဖို့ မိခင်ကနေ ကလေးတွေ မကူးစက်အောင် ကာကွယ်ဖို့တွေ ပါဝင်ကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။
Forum