သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကို စစ်ရေးအကူအညီပေးမယ့် ဥပဒေမူကြမ်း ကန် အထက်လွှတ်တော်အတည်ပြု


အမေရိကန်လွှတ်တော် အဆောက်အအုံ။
အမေရိကန်လွှတ်တော် အဆောက်အအုံ။

ထိုင်ဝမ်ကို စစ်ရေးအရ အကူညီသိသိသာသာ တိုးပေးနိုင်မယ့် ၂၀၂၂ ထိုင်ဝမ်မူဝါဒ ဥပဒေ Taiwan Policy Act – 2022 အဆိုပြုချက်မူကြမ်းကို ဗုဒ္ဓဟူးနေ့က အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ထောက်ခံမဲ ၁၇ မဲ ကန့်ကွက်မဲ ၅ မဲနဲ့ အတည်ပြုလိုက်ပါတယ်။

တရုတ်ရဲ့ဒေါသတကြီးတုံ့ပြန်မှုတွေ ရှိလာမှာကို စိုးရိမ်ရတဲ့ ကြားက အတည်ပြုလိုက်တဲ့ ဒီမူကြမ်းထဲမှာ တရုတ်ရဲ့ စစ်ရေးဖိအားတိုးပေးမှု ခံနေရတဲ့ ထိုင်ဝမ်အတွက် လုံခြုံရေးဆိုင်ရာ နောက်ထပ် အကူအညီ ဒေါ်လာဘီလီယံပေါင်း များစွာ ထောက်ပံ့ပေးဖို့ပါ ပါဝင်ပါတယ်။

အခုလို အမေရိကန် ပါတီကြီး ၂ ရပ်စလုံးပါဝင်တဲ့ ကော်မတီက မဲခွဲအတည်ပြုပေးလိုက်တာဟာ ထိုင်ဝမ်ကို NATO အဖွဲ့ဝင်မဟုတ်တဲ့ အဓိကမဟာမိတ်အဖြစ် သတ်မှတ်မှု အပါအဝင် အမေရိကန်ရဲ့ ထိုင်ဝမ်ဆိုင်ရာ မူဝါဒ အပြောင်းအလဲကို ရီပတ်ဘလစ်ကင်ကရော သမ္မတဘိုင်ဒန်ရဲ့ ဒီမိုကရက်တွေကပါ ထောက်ခံမှုပေးတာကို ပြနေတာပါ။

ဒီဥပဒေမူကြမ်းက ၁၉၇၉ တရုတ်နဲ့ ဆက်ဆံရေးလမ်းကြောင်း ပြန်ဖွင့်ခဲ့တဲ့ အမေရိကန်က ချမှတ်ခဲ့တဲ့ ထိုင်ဝမ်ကို တရုတ်ပိုင်နယ်မြေတခုအဖြစ် အသိမှတ်ပြုတဲ့ ထိုင်ဝမ်ဆက်ဆံရေးဆိုင်ရာ ၁၉၇၉ မူဝါဒ ကိုအပြောင်းအလဲဖြစ်လာစေမှာ ဖြစ်ကြောင်းလည်း ၂၀၂၂ မူကြမ်းကို ထောက်ခံတဲ့ ကော်မတီဝင်တွေက ပြောပါတယ်။

ကော်မတီရဲ့ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် Bob Menendez ကတော့ အမေရိကန်ဟာ တရုတ်နဲ့ ဆက်ဆံရေးတင်းမာအောင် ဒါမှမဟုတ် စစ်ဖြစ်အောင် လုပ်နေတာ မဟုတ်ကြောင်း ပြောကြားရင်း အမေရိကန်တွေ အနေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာအတွက် အမြင်ကြည်လင်စေဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ရီပတ်ဘလစ်ကန် ပါတီက ကော်မတီရဲ့ ထိပ်တန်းတာဝန်ရှိသူ အထက်လွှတ်တော်အမတ် Jim Risch ကလည်း အမေရိကန်စီးပွါးရေးနဲ့ အမျိုးသားလုံခြုံရေးမှာ အနှောင့်အယှက်ဖြစ်နေတဲ့ ထိုင်ဝမ်အရေး မရေမရာဖြစ်နေတဲ့ အနေထား ပြောင်းဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့တာပါ။

ဒီထိုင်ဝမ်ဆိုင်ရာ ဥပဒေအရ အမေရိကန်က ထိုင်ဝမ်ကို လုံခြုံရေးအတွက် ဒေါ်လာ ၄ ဘီလီယံခွဲ ချထားပေးဖို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲတွေမှာ ထိုင်ဝမ်ပါဝင်ရေးကို ထောက်ခံထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG