သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်တည့်မတ်ရေး ကန် နဲ့ ဗြိတိန် ဝန်ကြီး ၂ ဦး ပူးတွဲရှင်းလင်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ပူးတွဲသတင်းစာရှင်းလင်းပွဲ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ပူးတွဲသတင်းစာရှင်းလင်းပွဲ

(Zawgyi/Unicode)

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ သိပ်ကိုအရေးကြီးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab တို့က တနင်္လာနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ G 7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး မကျင်းပခင် အမေရိကန်နဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၂ ဦး တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့နဲ့ စစ်တပ်က ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ မဖြစ်မနေ လိုအပ်သလို အာဆီယံရဲ့မြန်မာ့အရေးအထူးအစည်းအဝေးကနေ ရခဲ့တဲ့ သဘောတူညီချက်ဟာ သိပ်အရေးပါကြောင်း ပြောပါတယ်။

"အာဆီယံအဖွဲ့က အချက် ၅ ချက်ပါ အစီစဉ်- သဘောတူညီချက်ကို ရခဲ့တာ ဖြစ်ပြီး ဒါဟာ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ မြန်မာနိုင်ငံတွင်းက အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ကိုယ်စားလှယ်တဦး ခန့်အပ်ဖို့ ပါပါဝင်တဲ့ ဒီအစီအစဉ်အတိုင်း အာဆီယံက ဆက်လက်လုပ်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် မရှိမဖြစ် လိုအပ်နေတာက အကြမ်းဖက်မှုရပ်ဆိုင်းတာအပြင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်ရေးပဲ ဖြစ်ပါတယ် လို့ ပြောသွားတာပါ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Raab ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရတရပ် ပြန်ပေါ်လာဖို့နဲ့ လက်ရှိဖြစ်ပွါးနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်သွားတာကို ကျနော်တို့ မြင်ချင်ပါတယ်။ စစ်အစိုးရ အုပ်ချုပ်နေတာကနေ ဒီမိုကရေစီနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရတရပ် ပြန်ဖြစ်လာတာကိုလည်း ကျနော်တို့တွေ့ချင်ပါတယ်" လို့ ပြောသွားတာပါ။

မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထား အရေးယူမှုတွေ လုပ်နေသလို စစ်တပ်ထိမ်းချုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့ စီးပွါးရေးလုပ်ကိုင်မှု ရပ်ဆိုင်းပစ်ဖို့ ဖိအားတွေ ပေးနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာ့အရေးအတွက် အာဆီယံအပြင် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ Australia နိုင်ငံတွေနဲ့လည်း သံတမန်ရေးကြိုးပမ်းမှုတွေ ဗြိတိန်က လုပ်ဆောင်နေကြာင်း လည်းပြောပါတယ်။

G 7 နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူကိုယ်တိုင်တွေ့ဆုံတဲ့ အစည်းဝေး မကျင်းပတာ ၂ နှစ်လောက်ရှိလာတဲ့နောက် အခု ပထမဆုံးအကြိမ် လန်ဒန်မှာ လူကိုယ်တိုင်တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..........

(Unicode)










XS
SM
MD
LG