သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု သတင်းအချက်အလက်စီးဆင်းမှု စစ်ကောင်စီ ထိန်းချုပ်လို့မရ


Swe Win, Editor-in-Chief of Myanmar Now, to Receive 2021 Shorenstein Journalism Award
Swe Win, Editor-in-Chief of Myanmar Now, to Receive 2021 Shorenstein Journalism Award
တိုက်ရိုက် လင့်ခ်

၂၁ ရာစု နည်းပညာတိုးတက်မှုနဲ့အတူ သတင်းအချက်အလက် အကန့်အသတ်မရှိ စီးဆင်းမှုကို ကန့်သတ်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ထိရောက်မှု မရှိဘူးလို့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း က ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးတွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို Myanmar Now အနေနဲ့ ၂၀၁၉ ခုနှစ်မှာ စုံစမ်းဖေါ်ထုတ်ရေးသားခဲ့ပြီးနောက်၊ မကြာခင်မှာပဲ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ကိုဆွေဝင်းဟာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

စုံးစမ်းဖော်ထုတ် သတင်းရေးသားသူနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူအဖြစ် လူသိများတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ကို အမေရိကန် ပြည်ထောင်စု Stanford တက္ကသိုလ်၊ Shorenstein Asia-Pacific သုတေသနဌာနက ၂၀၂၁ ခုနှစ် အတွက် Shorenstein Journalism Award ဆုချီးမြှင့်လိုက်ကြောင်း ဒီသီတင်းပတ်အစောပိုင်းက ကြေညာခဲ့ပါတယ်။

တရားမဝင်သတင်းဌာနအဖြစ် သတ်မှတ်ခံထားရပြီး စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်နေရတဲ့ Myanmar Now အနေနဲ့ အာဏာသိမ်းဆန့်ကျင်တဲ့ လှုပ်ရှားမှုသတင်းတွေနဲ့ကို ဆက်စဉ်မပြတ်အောင် ဖော်ထုတ်တင်ဆက်နိုင်အောင် ဘယ်လို ရုန်းကန်ဆောင်ရွက်နေသလဲ။ လက်ရှိ ပြည်ပကို ရောက်ရှိနေတဲ့ Myanmar Now အယ်ဒီတာချုပ်ကိုဆွေဝင်း ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ကိုဆွေဝင်း။ အမေရိကန်မှာ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ Shorenstein Journalism Award ဆုကို ကိုဆွေဝင်း က ၂၀၂၁ အတွက် ဆုချီးမြှင့်ခံရတဲ့အတွက်လည်း ကျမတို့ အများကြီးဝမ်းသာဂုဏ်ယူမိပါတယ်ရှင့်။ ကိုဆွေဝင်းအနေနဲ့ မြန်မာသတင်းသမားတဦးအနေနဲ့ ဒီလိုနိုင်ငံတကာက အသိအမှတ်ပြုပြီးတော့ ချီးမြှင့်ခံရတဲ့ ဆုတွေထဲမှာ ဒါကတော့ နောက်ဆုံးရရှိထားတဲ့ဆုပေါ့။ အထူးသဖြင့် ကိုဆွေဝင်းက အရပ်သားအစိုးရလက်ထက်ကတည်းကိုက Myanmar Now အနေနဲ့ အခက်အခဲတွေကြားက ရပ်တည်ပြီးတော့ တင်ပြနိုင်ခဲ့တဲ့ အနေအထားတွေမှာလဲ နိုင်ငံတကာက အသိအမှတ်ပြုတာကို တွေ့ရပါတယ်။ ဆိုတော့ အခုနောက်ဆုံး Shorenstein Journalism Award ကို လက်ခံရရှိရတဲ့ အဓိကအကြောင်းရင်းက ဘာကြောင့်လဲဆိုတာကို သိရသလားရှင့်။

ဖြေ ။ ။ ကျနော်တို့ရဲ့ သတင်းတွေကတဆင့် ပြည်သူလူထုက သူတို့သိသင့်သိထိုက်တဲ့ လူ့အဖွဲ့အစည်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပိုမိုပြီးတော့ သိမြင်လာတယ်ဆိုတာကို အဓိကထောက်ရှု့ပြီးတော့မှ ဒီဆုကို ပေးတယ်ဆိုပြီးတော့ ကျနော့်ကို အကြောင်းကြားပါတယ်။ ကျနော့်အနေနဲ့ အခုလိုအခြေအနေမျိုးမှာ ဘာမှအထူးတလည် မြန်မာပြည်သူအားလုံးပါပဲ ပြည်တွင်းမှာရှိတဲ့လူတွေ၊ ပြည်ပမှာရှိတဲ့လူတွေအားလုံး ဘယ်ကိစ္စကိုမှ အကြောင်းပြုပြီးတော့ ဝမ်းသာပီတိဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ပေးတဲ့လူက ပေးတယ်ဆိုတော့လဲ ကျနော်တို့က “Yes” ဒီလိုသဘောမျိုးပဲ ရှိပါတယ်။ ပေးတာကတော့ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေမှာဆိုရင် သတင်းမီဒီယာနဲ့ ပတ်သက်ပြီး အားကောင်းသွားစေတယ်ဆိုတာကို ထောက်ရှုပြီးတော့ပေးတာ ဖြစ်ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ သတင်းမီဒီယာတွေ တော်တော်လေး ပြင်းပြင်းထန်ထန် ဖိနှိပ်လာတယ်။ အဲဒီအထဲမှာ အထူးသဖြင့် Myanmar Now ကို စစ်ကောင်စီက တော်တော်လေး ပြင်းပြင်းထန်ထန် ဖိနှိပ်တာလည်း ရှိပါတယ်။ ဒါပေမဲ့လဲ တဘက်မှာလဲ Myanmar Now က ဆက်လက်ပြီးတော့ ရပ်တည်လှုပ်ရှားနေတယ်။ သတင်းတွေကို အဆက်မပြတ် တင်ဆက်နေတာလဲ တွေ့ရပါတယ်။ လက်ရှိ Myanmar Now က မြန်မာနိုင်ငံမှာ သတင်းမီဒီယာတခုအနေနဲ့ ရပ်တည်လှုပ်ရှားနေတဲ့ အခြေအနေက ဘယ်လိုရှိသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ တတ်နိုင်သမျှ ကြိုးစားပြီးတော့ လုပ်ကိုင်နေတာတွေ ရှိတယ်။ ကျနော်တို့ အဖွဲ့သားတချို့ကတော့ အခုအာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာလိုက်တဲ့အခြေအနေမှာ အလုပ်မလုပ်နိုင်တာတွေလည်း ရှိတယ်။ အလုပ်ကနေ နုတ်ထွက်သွားတာတွေလည်း ရှိတယ်။ အဲဒီအခြေအနေမျိုးတွေ ရှိပါတယ်။ တချို့လူတွေကြတော့ ကျနော်တို့ အစိုးရရဲ့ ထိန်းချုပ်နယ်မြေ အပြင်ဘက်မှာ ရောက်ရှိနေတဲ့လူတွေလည်း ရှိတယ်။ နောက်ပြီးတော့ နိုင်ငံရဲ့ ပြင်ပမှာ ယခင်ကတည်းကိုက ကျနော်တို့ ခန့်ထားတဲ့ လူတွေလည်း ရှိပါတယ်။ အဲဒီလူတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာ ရှိတယ်။ နောက်ပြီးတော့ အားလုံးသိနေတဲ့ Citizen Journalists တွေ ရှိတယ်။ နောက် Stingers တွေ၊ အလွတ်တန်းသတင်းထောက်တွေ။ ဒီလူတွေနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့တွေ သတင်းတွေကို တတ်နိုင်သလောက် ရယူနေသေးတယ်။ အခုအခြေအနေမှာ။

ဆိုတော့ အဓိကတော့ ကျနော်တို့က ဒီအခြေအနေမှာ တအားဆိုးတာမှန်တယ်။ သို့ပေမယ့်လဲ ဘာလောက်ပဲ အခြေအနေဆိုးဆိုး ကျနော်တို့ သတင်းမီဒီယာရဲ့ တာဝန်ခံရမှာတော့ ဒီသတင်းက မှန်ကန်ဖို့က အဓိကပဲ။ ဒီသတင်းဟာ ခိုင်မာရမယ်။ တိကျရမယ်။ ဒါကို ကျနော်တို့က အဓိကအာမခံဖို့ပဲ။ ဆိုတော့ တတ်နိုင်သမျှ ဒီရှုထောင့်ကနေပဲ ကျနော်တို့တွေ သတင်းတွေ ရေးသားပြီးတော့ ပြည်သူလူထုကို တင်ဆက်နေတယ်။ တချို့အခြေအနေမှာဆိုရင် ပြင်ပမှာ ပြောသလောက်၊ သို့တည်းမဟုတ် လူမှု့ကွန်ရက်မှာ ပြောသလောက် အခြေအနေတွေကို ကျနော်တို့ဘက်က အတည်မပြုနိုင်တာတွေ၊ အသေးစိတ်မရနိုင်တဲ့ အခြေအနေတွေ အများကြီး ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးတွေမှာ ကျနော်တို့ သတင်းမတင်ဆက်ပါဘူး။ ကိုယ်ထုတ်တဲ့သတင်းက ဟုတ်တယ်မဟုတ်ဘူးဆိုတာကို ပြည်သူလူထုက အသိဆုံးပါ။ အခုဆိုရင် စစ်ကောင်စီရဲ့ ရက်စက်သတ်ဖြတ် ဖမ်းဆီးနေတာတွေကို ကျနော်တို့တွေ ဦးစားပေးပြီးတော့ လုပ်နေတယ်။ ဒါပေမဲ့ ဘယ်စည်းမျဉ်းစည်းကမ်းပေါ် အခြေခံသလဲဆိုတော့ အမှန်တရားဆိုတဲ့ စည်းမျဉ်းစည်းကမ်းပေါ်ပဲ အခြေခံပြီးတော့ ကျနော်တို့တွေ ဒါကိုလုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။

မေး ။ ။ ဆိုတော့ အဲဒီလို သတင်းမှန်ကန် ခိုင်မာတိကျရမယ့် တိတိကျကျနဲ့ ဖော်ပြနေတဲ့အပိုင်းမှာလည်း တဘက်မှာလဲ စစ်ကောင်စီရဲ့ ပြောဆိုချက်တွေကို Myanmar Now အနေနဲ့ ရယူကြိုးပမ်းနေတဲ့အပိုင်းမှာ ဘယ်လိုရှိသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ အငြင်းပွားစရာဖြစ်တဲ့ သတင်းဖြစ်စဉ်တိုင်းကို တတ်နိုင်သမျှ ဖုန်းဆက်ပြီးတော့ မေးမြန်းပါတယ်။ သူတို့ ကျနော်တို့ရဲ့ ဆက်သွယ်မှုကို ဖြေကြားမှာ မဟုတ်ဘူးဆိုတာကို ကျနော်တို့က ကြိုတင်သိရှိထားပါတယ်။ သို့ပေမဲ့လဲ တတ်နိုင်သမျှ ဖုန်းဆက်တယ်။ မရဘူးဆိုရင်တောင် အစိုးရထုတ် သတင်းစာတွေမှာပါတဲ့ အချက်အလက်တွေကို ကျနော်တို့တွေ ပြန်ကိုးကားတယ်။ ဥပမာအားဖြင့် လူဆယ်ယောက်လောက်သေတယ်။ စစ်ကောင်စီကတော့ လူတယောက်ပဲ သေပါတယ်။ ဒါမျိုးတွေပေါ့။ ဒါတွေလဲ ကျနော်တို့တွေက ကိုးကားပြီးတော့ ထည့်ရေးပါတယ်။ တချို့ကြတော့ စစ်ကောင်စီရဲ့ ရေးသားနေတဲ့ အခြေအနေတွေကိုလည်း ပြည်သူလူထုသိအောင် ပြန်လည်ရေးပြရတာတွေ ရှိပါတယ်။ စစ်တပ်ထုတ် သတင်းစာတွေ။ ဒီသတင်းစာတွေမှာဆိုရင် သေသွားတဲ့လူတချို့ကဆိုရင် သူ့ဟာသူ သွေးရိုးသားရိုးနဲ့ သေဆုံးသွားတာ ဖြစ်တယ်။ သူတို့စစ်ကောင်စီမှာ တာဝန်မရှိဘူး။ ဥပမာအားဖြင့် လွန်ခဲ့တဲ့ (၁) လလောက်က သေဆုံးသွားတဲ့ အလုံမှာ ဆရာ၊ ဆရာမတွေ ဆန္ဒပြရင်နဲ့ ပစ်သတ်ခံရတဲ့ ဆရာ၊ ဆရာမဆိုရင် သူ့ဟာသူ နှလုံးရောဂါဖောက် သေသွားတယ်ဆိုပြီး ဒီကနေ့ သတင်းစာမှာပါတယ်။ ကျနော်တို့တွေ ဒါကို reporting လုပ်ဖို့ ကြိုးစားနေတယ်။ မနက်ဖြန်လောက်တော့ ထွက်မယ်ပေါ့။

ပြောချင်တာက စစ်ကောင်စီက ဘာတွေကို reporting လုပ်နေတယ်။ ဘာတွေကို ထုတ်ပြန်နေတယ်ဆိုတာကိုလည်း ပြည်သူလူထုတွေ သိအောင် ကျနော်တို့တွေ ပြောပြနေတယ်။ နောက်ပြီး ဒီထုတ်ပြန်ချက်တွေက ဘယ်လောက်အထိ အမှန်ပါသလဲဆိုတာကို ကျနော်တို့ ပြောပြဖို့ လိုအပ်တယ်။ ကျနော်တို့က နှစ်ဘက်ဆိုပြီးတော့ သူပြောသမျှတွေအားလုံးကို မစီစစ်ဘဲနဲ့ ကျနော်တို့က ထုတ်လို့မရဘူး။ စီစစ်ပေးရမယ့် တာဝန်က ကျနော်တို့ တာဝန်ပဲ။ နှစ်ဘက်ပြောသမျှ ပြောချင်ရာပြောကွာဆိုပြီး ထုတ်လို့မရဘူး။ ဒါက ကျနော်တို့အတွက် အင်မတန်အရေးကြီးသလို၊ ဒါက ကျနော်တို့အတွက် ထောက်ချောက်ပဲ။ ဒီဆရာမဆိုရင် သေလောက်တဲ့ Fatal Shot – Gun Shot မရဘူးဆိုတာ မှန်တယ်။ ဒါပေမဲ့ ဒီဆရာမက လက်မှာ ကျည်းဆန်ဒဏ်ရာရတယ်။ လက်မှာဒဏ်ရာရတယ်။ အဲဒီနေရာမှာပင် သူ သေဆုံးသွားတယ်။ နှလုံးရောဂါအခံ ရှိတယ်ဆိုတာလည်း မှန်တယ်။ ဒါပေမဲ့ စစ်ကောင်စီက ထုတ်ပြန်တဲ့အခါမှာတော့ သူတို့ရဲ့ ပယောဂ လုံးဝမပါဘဲနဲ့ ဒီဆရာမက သေဆုံးသွားတယ်။ နှလုံးရောဂါဖောက်ပြီးတော့ဆိုပြီ။ ဒီဆရာမသေဆုံးသွားတယ်ဆိုတာ ဆန္ဒပြလမ်းလျှောက်သွားရင်နဲ့ မောပြီးတော့ နှလုံးဖောက် သေသွားတာ မဟုတ်ဘူး။ ဒါမျိုးကို စစ်ကောင်စီက မရှင်းပြဘူး။ ဒီဆရာမက သေနတ်နဲ့ အပစ်ခံရတယ်။ ပြီးတော့မှ သေဆုံးသွားတယ်။

ဆိုတော့ ဒီလိုအခြေအနေမျိုးတွေ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေကိုလည်း ကျနော်တို့တွေ ထုတ်ပြန်ပေးဖို့၊ ပြည်သူလူထုကို ပေးဖို့အတွက် ကြိုးစားနေတယ်။ ဒါပေမဲ့ ကျနော်တို့ သတင်းမီဒီယာမှာပါသလို၊ ကျနော်တို့က In context and in perspective ဆိုတာ ကျနော်တို့က အကြောင်းနဲ့ အကျိုးနဲ့ သိုင်းဝိုင်းပြီးတော့ ဖော်ပြရမယ်ဆိုတဲ့ တာဝန်ကတော့ ရှိပြီသားပဲ။ ဒါကိုတော့ ကျနော်တို့တွေ ကြိုးစားပြီးတော့ လုပ်ဆောင်ပေးနေပါတယ်။

မေး ။ ။ အခုစစ်ကောင်စီက အာဏာသိမ်းတဲ့ကိစ္စမှာ မီဒီယာတွေကို အပြင်းအထန် ဖိနှိပ်နေတဲ့ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကို ဘယ်လိုမြင်သလဲရှင့်။

ဖြေ ။ ။ အဓိကရည်ရွယ်ချက်က သူတို့က အာဏာသိမ်းမှုက နံပတ်တစ်အချက်က စနစ်တကျ ကြိုတင်ပြင်ဆင်ပြီးတော့ သူတို့က သိမ်းခဲ့တာပဲ။ အာဏာသိမ်းလို့ရှိရင် အာဏာသိမ်းတာနဲ့ တပြိုင်တည်း မီဒီယာတွေအားလုံးကို ရိုက်ချိုးပြစ်မယ်။ အဓိကအားဖြင့် သူတို့စိတ်ထဲမှာ Independence ဖြစ်တယ်၊ သူတို့လွှမ်းမိုးလို့ မရဘူးဆိုတဲ့ မီဒီယာတွေ အကုန်လုံးကို ရိုက်ချိုးဖို့ဆိုတာကို စနစ်တကျ ပြင်ဆင်ထားပြီသား။ ဘာကြောင့် ရိုက်ချိုးချင်တာလဲဆိုတော့ သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ချင်လို့ပဲ။ ဒါက နံပတ်တစ် အဓိကပဲ။ နံပတ်နှစ်ကတော့ ပြည်သူလူထုရဲ့ လှုပ်ရှားနေတဲ့ အာဏာရှင်ဆန့််ကျင်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုတွေ တယောက်နဲ့တယောက် မသိရအောင်ဆိုပြီးတော့ ဖုံးကွယ်ဖို့ပဲ။ အခုဆိုရင် အစိုးရသတင်းစာတွေမှာ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီးတော့ ပုံဖော်နေတာက ကုန်လုံးက အကြမ်းဖက်သမားတွေ။ ဒီလိုမျိုး ပုံဖော်နေတာ။ တပ်မတော်ကနေ အနည်းဆုံးအင်အားနဲ့ ထိန်းချုပ်တာ၊ ကန့်သတ်တာ၊ ဖြိုခွင်းတားဆီးတာတို့ လုပ်နေပါတယ်ဆိုပြီးတော့ ဝါဒဖြန့်ချီနေတာတွေလည်း အားလုံးသိပြီသားပဲ။

ဆိုတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်လို့။ နောက်ပိတ်ဆုံး အာဆီယံအစည်းအဝေး သွားတက်ခဲ့တာတောင်မှ အင်မတန် ရှက်စရာ၊ မျက်နှာပြောင်တိုက်ပြီးတော့ ပြန်လာတဲ့အခါမှာ သူကို ကမ္ဘာ့ခေါင်းဆောင်တွေက ဒေသတွင်းခေါင်းဆောင်တွေက လက်ခံတယ်ဆိုပြီးတော့ ပြည်သူလူထုကို ထုတ်ပြောတယ်။ ဒါပေမဲ့ ဘယ်လိုသဘောတူညီချက်တွေ အချက် (၅) ချက် ရခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး တချက်မှကို မပြောဘူး။ ဒါမျိုးတွေပေါ့။ ဆိုတော့ သူတို့ရဲ့ အဓိကအကြောင်းရင်းတွေက သူတို့ရဲ့ ဝါဒဖြန့်ချီရေး ယန္တရားကို ကျယ်ကျယ်ပြန့်ပြန့်် လုပ်ဆောင်ဖို့ပဲ။ ဒါကြောင့်မို့ မီဒီယာတွေ နှိပ်ကွပ်ရုံတင်မကဘူး အင်တာနက်တွေကိုပါ ဖြတ်တောက်ပြစ်တယ်။ အင်တာနက်ဖြတ်တောက်တယ်ဆိုတာ ပြည်သူလူထုတွေ တယောက်နဲ့တယောက် ဆက်ဆံလှုပ်ရှားလို့မရအောင် လုပ်ရုံတင်မကဘဲ၊ သတင်းမီဒီယာတွေဆီက စီးဆင်းနေမယ့် အချက်အလက်တွေကိုလည်း သူတို့က ဖြတ်တောက်ဖို့ ရည်ရွယ်ချက်ပါပဲ။ အဓိကတော့ တတိုင်းပြည်လုံးကို ဟိုတုန်းကလိုပဲ အမှောင်ချပြီးတော့ စစ်အုပ်ချုပ်ရေး သွတ်သွင်းဖို့ပါပဲ။ လိုရင်းတိုရှင်း ပြောရမယ်ဆိုရင်တော့။

မေး ။ ။ အဲဒီတော့ အခုလို အင်တာနက်တွေကို ဖြတ်တောက်ပြီးတော့ သတင်းမီဒီယာတွေကို ထိန်းချုပ်တယ်။ အဆက်အသွယ်တွေကိုလည်း ထိန်းချုပ်တဲ့အခါမှာ စစ်ကောင်စီရဲ့ အဲဒီလိုလုပ်ရပ်တွေက တကယ်ပဲ ထိရောက်သလားရှင့်။

ဖြေ ။ ။ ပြောရမယ်ဆိုရင် တကယ့်တကယ်တော့ ဒါတွေက မထိရောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေက ၁၉၈၈၊ ၁၉၆၂၊ ၂၀၀၇ အခြေအနေနဲ့ လုံးဝမဆိုင်ဘူး။ အခုက (၂၁) ရာစုကို ဆိုတာကို စစ်ခေါင်းဆောင်တွေက မေ့နေတယ်။ ဒါက အင်မတန်လွှဲမှားနေတဲ့ ကိစ္စ။ ပြည်သူလူထုက ဟိုတုန်းကလို ၆၂ ပဲဖြစ်ဖြစ်၊ ၈၈ ပဲဖြစ်ဖြစ် ကျနော်တို့ တချို့ပြည်သူလူထုတွေက သတင်းကို အချက်အလက်တွေ မရတဲ့အခါကြတော့ ဝေဝါးစရာတွေ အများကြီးရှိတယ်။ နောက်ပြီးတော့ အဲဒီခေတ်ကာလတွေ အာဏာမသိမ်းခင်ကလဲ ဒီမိုကရေစီခေတ်ကိုလည်း ကောင်းကောင်းမွန်မွန် မဖြတ်သန်းခဲ့ရဘူး။ နောက်ပြီးတော့ အခုခေတ်လို (၂၁) ရာစုလိုမျိုး တခါတည်း သတင်းအချက်အလက်တွေက Free flow of information အကန့်အသတ် စီးဆင်းနေတဲ့ အတွေ့အကြုံမျိုးကို ဟိုတုန်းက မရှိခဲ့တဲ့အတွက်ကြောင့်မို့ အဲဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ ဝါဒဖြန့်ချီတာတွေက အတိုင်းအတာတခု အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ အခုအာဏာသိမ်းပြီးဆိုကတည်းက စစ်တပ်ကနေ ဖြန့်ချီနေတဲ့ သတင်းစကားတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုက လုံးဝမယုံတော့ဘူး။ အဲဒီအခြေအနေ ရှိပါတယ်။ ဒါကြောင့်မို့ လုံးဝထိရောက်မှု မရှိဘူး။ ပြည်သူလူထုကလည်း ရတဲ့နည်းလမ်းနဲ့ အခုအချိန်အထိ သတင်းအချက်အလက်တွေ ရဖို့အတွက် ကြိုးစားနေတုန်းပဲ။

အခုဆိုရင် ပြည်သူလူထုက ကျနော်တို့ သိရသလောက်ဆိုရင် ရေဒီယိုတွေကို ပြန်လည်ပြီး ပိုမိုအားကိုးလာပြီး သတင်းအချက်အလက်တွေရယူနေတဲ့ အပိုင်းတွေကိုလည်း ကျနော်တို့တွေ သိရတယ်။ ဆိုတဲ့အခါကြတော့ စစ်ကောင်စီအနေနဲ့ တတိုင်းပြည်လုံးကို ပြန်ပြီးတော့ ဝါဒမှိုင်း သိမ်းသွင်းမှုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲလို့ ပြောချင်ပါတယ်။

မေး ။ ။ အထူးသဖြင့် နည်းပညာတွေကလည်း တိုးတက်လာတယ်။ လူတွေက အလွယ်တကူ အဖြစ်အပျက်တွေကို သူတို့ကိုယ်တိုင် Citizen Journalist (CJ) ဆိုတဲ့ အနေအထားနဲ့ စစ်တပ်ကနေ ဖြိုခွဲနှိမ်နင်းနေတဲ့ဟာတွေဆိုရင် တကယ့် ဗီဒီယိုမှတ်တမ်းတွေနဲ့ ထွက်လာတဲ့ ဓါတ်ပုံတွေကိုလည်း ကျမတို့ တွေ့ရပါတယ်။ ဒါပေမဲ့ တဘက်မှာကြတော့ ဒီလို Citizen Journalist တွေရဲ့ သူတို့ကိုယ်တိုင် ထုတ်ဖော်ချက်တွေ၊ တင်ပြချက်တွေနဲ့ သတင်းမီဒီယာတွေရဲ့ မှန်မှန်ကန်ကန် တိတိကျကျ ရှိဖို့ဆိုတဲ့ အပိုင်းမှာကော CJ တွေရဲ့ အခန်းကဏ္ဍက သတင်းမှန်ကန်မှုပေါ်မှာ အထောက်အကူ ဖြစ်စေသလား။ ဒါနဲ့ပတ်သက်ပြီး ကိုဆွေဝင်း ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ ဒီ CJ သာမန်ပြည်သူပြည်သားတွေရဲ့ အချက်အလက်တွေ၊ မှတ်တမ်းတင်မှုတွေက အခုအခြေအနေမှာဆိုရင် (၉၀) ရာခိုင်နှုန်းလောက်ကို အရေးကြီးနေပြီ။ သတင်းမီဒီယာတွေအတွက်။ အဲဒီလောက်ကို အားကိုးနေတာ။ အရေးကြီးတဲ့ အဖြစ်အပျက်တွေ မှန်သမျှကို သတင်းမီဒီယာတွေက ဒါကို ကိုယ်တိုင်းကိုယ်ကျ မှတ်တမ်းမတင်နိုင်တော့ဘူး။ သာမန်ပြည်သူပြည်သားတွေ ရိုက်ကူးလာတဲ့ဟာတွေကိုပဲ ပြည်တွင်း-ပြည်ပ ရှိသမျှ ကမ္ဘာ့သတင်းမီဒီယာတွေ အားလုံးက မှီခိုနေရတယ်။ ဒီအခြေအနေကို ကျနော်တို့ ကျရောက်သွားပြီ။ ဒါကြောင့်မို့ အင်တာနက် မရလဲပဲ ကျနော်တို့က ဓါတ်ပုံတွေကို ရိုက်ထားရမယ်။ ရုပ်သံတွေကို မှတ်တမ်းတင်ထားရမယ်။ ပြီးတော့ ဒါတွေကို နည်းမျိုးစုံနဲ့ ပြန်လည်ဖလှယ်ရမယ်။ ဆိုတော့ ပြည်သူလူထုကိုလည်း ကျနော်တို့တွေက ပြောချင်ပါတယ်။ အင်တာနက် လုံးဝမရရင်တောင်မှ Live လွှင့်လို့ မရရင်တောင်မှ ဒါတွေကို တတ်နိုင်သမျှ မှတ်တမ်းတင်ထားကြဖို့။ နောက်ပိတ်ဆုံး အဆိုးဆုံးအခြေအနေ ရောက်သွားရင်တောင်မှ ကျနော်တို့တွေက ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ စာနဲ့ရေး မှတ်တမ်းတင်ထားဖို့။ နောက်ပြီးတော့ အသံဖိုင်တွေနဲ့ တခါတည်းပဲ ဒါတွေနဲ့ ပတ်သက်ပြီး ဖြစ်ပျက်တဲ့ အဖြစ်အပျက်ကိုပဲ ဘယ်သူကိုမှ အင်တာမဗျူးနိုင်ဘူး။ အင်တာဗျူးမယ့်လူက ကိုယ့်ဆီကို မဆက်သွယ်လာဘူးဆိုရင် ဒါတွေကို နေ့စွဲတွေနဲ့ ဖြစ်တဲ့ဖြစ်စဉ်တွေကို ကိုယ့်သိမြင်သလောက် အဲဒါတွေကို မှတ်တမ်းတင်ပြီးတော့ သေချာစနစ်တကျနဲ့ တတ်နိုင်သမျှ သိမ်းဆည်းထားဖို့တွေ အရေးကြီးပါတယ်။ ဒါတွေက တရက်အတွင်းလည်း ထုတ်လို့ရတာ ဖြစ်နိုင်တယ်။ တပတ်အတွင်းလည်း ထုတ်လို့ရတာ ဖြစ်နိုင်တယ်။ အခုအနေအထားမှာဆိုရင်တော့ Citizen Journalist တွေရဲ့ အခန်းကဏ္ဍက (၉၀) ရာခိုင်နှုန်းလောက်ကို သတင်းမီဒီယာတွေပေါ်မှာ အရေးကြီးနေပါတယ်။ သူတို့တွေက ထုတ်ပြန်လာတဲ့ သတင်းတွေကိုကြည့်ပြီးတော့မှ ကျနော်တို့တွေက ဘယ်နေရာမှာတော့ အရေးကြီးနေတယ်ဆိုတာကို သိရတဲ့အနေအထား ဖြစ်လာတယ်။ ပြီးတော့မှ သတင်းတခုကို လိုက်ဖို့ဆိုတာလဲ ဘာမှမမြင်မသိဘဲ လိုက်လို့မရဘူး။ သတင်းရဲ့ စီးဆင်းရာလမ်းကြောင်း၊ အဲဒီလမ်းကြောင်းကို ရရှိဖို့ဆိုတာ အခုလိုမျိုး Citizen Journalist တွေ ရရှိလာတဲ့ စာကြောင်းတကြောင်းပဲဖြစ်ဖြစ်၊ ဓါတ်ပုံတပုံပဲဖြစ်ဖြစ် အဲဒါတွေကို အခြေခံပြီးတော့ ကျနော်တို့တွေက ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် သတင်းပြန်လိုက်လို့ ရပါတယ်။

မအင်ကြင်းနိုင် ။ ။ ဒါကတော့ Myanmar Now ကို တည်ထောင်သူလည်းဖြစ်တယ်။ Myanmar Now ရဲ့ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ကိုဆွေဝင်းပါ။ အခုလိုမျိုး VOA မြန်မာပိုင်းကို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကိုဆွေဝင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဖြေ ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်များ။



==Unicode===
























XS
SM
MD
LG