သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-ယူကရိန်း သမ္မတနှစ်ဦး ပူးတွဲသတင်းစာရှင်းလင်း


ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့ ဝါရှင်တန်ဒီစီမြို့တော်က သမ္မတအိမ်ဖြူတော်မှာလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)
ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့ ဝါရှင်တန်ဒီစီမြို့တော်က သမ္မတအိမ်ဖြူတော်မှာလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)

ရုရှားကျူးကျော်စစ်ကိုတွန်းလှန်နေတဲ့ ယူကရိန်းနိုင်ငံရဲ့ လွတ်မြောက်ရေးတိုက်ပွဲဟာ ဥရောပနိုင်ငံတွေအပါအဝင် အနောက်နိုင်ငံတွေ အားလုံးအတွက် လွတ်မြောက်ရေးတိုက်ပွဲဖြစ်တဲ့အကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က အမေရိကန်သမ္မတ Joe Biden နဲ့ ဒီနေ့ ဝါရှင်တန်မြို့တော် သမ္မတအိမ်ဖြူတော်မှာကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ယူကရိန်းရဲ့လွတ်မြောက်ရေးဟာ အပြင်းအထန် ခုခံနေရတဲ့အခြေအနေကိုရောက်နေပြီး ရုရှားသမ္မတ Putin ဟာ နေရာတိုင်းက လူတိုင်းရဲ့လွတ်လပ်ရေးကို ခြိမ်းခြောက်မယ့်သူ၊ အင်အားသုံး ကျူးကျော်မယ့်သူ ဖြစ်တယ်ဆိုတာကိုလည်း သမ္မတ Zelenskyy က သတိပေးသွားပါတယ်။ ယူကရိန်းကို ဒေါ်လာဘီလျံနဲ့ချီ စစ်ရေးအကူအညီပေးရေးကိစ္စ အမေရိကန်လွှတ်တော်မှာ အတည်မပြုနိုင်ဘဲ သဘောထားကွဲလွဲနေချိန်မှာ သမ္မတ Volodymyr Zelenskyy အမေရိကန်ပြည်ထောင်စုကို ရောက်လာတာပါ။

ရုရှားသမ္မတ Vladimir Putin ရဲ့ ကျူးကျော်မှုတွေအတွက် ပြန်လည်ပေးဆပ်ဖို့နဲ့ ကျူးကျော်စစ်ကို အနိုင်တိုက်နိုင်ရေး နည်းလမ်းတွေကို သမ္မတ Joe Biden နဲ့ သူ ဆွေးနွေးခဲ့တယ်လို့ ပြောဆိုသွားပါတယ်။ အမေရိကန် စစ်တပ်နဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ခေါင်းဆောင်တွေကို တွေ့ဆုံတဲ့အခါ ဒီနှစ်အတွင်း အောင်မြင်မှုတွေအပေါ် အခြေခံပြီး ရှေ့လာမယ့်နှစ် ရလာနိုင်တဲ့ ရလဒ်တွေအကြောင်း ပြောဆိုမယ်လို့လည်း ယူကရိန်းသမ္မတက ပြောဆိုထားတာပါ။ ယူကရိန်းကို အကူအညီပေးရေး အမေရိကန်လွှတ်တော်အတွင်း ရှေ့မတိုးသာ အခြေအနေရောက်နေတာဟာ ရုရှားသမ္မတ ပူတင်အတွက် အားတက်စရာဖြစ်နေတဲ့အကြောင်းလည်း သူက ပြောဆိုထားပါတယ်။

သမ္မတ Joe Bdien ကလည်း အမေရိကန်ပြည်ထောင်စုကသာ အကူအညီတွေ မရုပ်သိမ်းဘဲ ဆက်ပေးမယ်ဆိုရင် ယူကရိန်းဟာ အခု တိုက်နေတဲ့ စစ်ပွဲအတွင်း ဂုဏ်ယူဝံ့ကြွားနိုင်ပြီး လွတ်လပ်တဲ့နိုင်ငံတခုအဖြစ် ပေါ်ထွက်လာမှာဖြစ်သလို အနောက်နိုင်ငံတွေကြားမှာ အခြေခိုင်ခိုင်မာမာ ရပ်တည်နိုင်မယ့် နိုင်ငံတခုဖြစ်မယ်ဆိုတာကို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ သူနဲ့ အမေရိကန်ပြည်သူတွေဟာ ယူကရိန်းကို ကျောခိုင်းသွားမှာ မဟုတ်ဘူးလို့လည်း သမ္မတ Biden က ပြောပါတယ်။

ယူကရိန်းသမ္မတ Zelenskyy အိမ်ဖြူတော်ကို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာပဲ စစ်ဘက်ဆိုင်ရာအကူအညီ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ယူကရိန်းကို ပေးမဲ့အကြောင်းလည်း အမေရိကန် သမ္မတ Joe Biden က ကြေညာပါတယ်။

XS
SM
MD
LG