ယူကရိန်း နိုင်ငံအတွက် အရေးပေါ် ကာကွယ်ရေးအထောက်အပံ့အဖြစ် ဒေါ်လာ ၁၃ ဘီလျံကျော်နဲ့ ဒီနှစ်ကုန်ပိုင်းအထိ လူသားချင်းစာနာထောက်ကူမှုပေးဖို့ အတွက် နောက်ထပ် ဒေါ်လာ ၈ ဘီလျံ ချထားပေးဖို့ ကွန်ဂရက်ကို အမေရိကန် သမ္မတ Joe Biden အစိုးရက ပန်ကြားထားပါတယ်။
ရုရှားကျူးကျော်စစ် ကြာမြင့်လာနေပြီး အခိုင်အမာခြေကုပ်ယူထားတဲ့ ရုရှားတပ်ဖွဲ့တွေကို ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်နေချိန်မှာပဲ ငွေကြေးအမြောက်အများ ထပ်မံ ထောက်ပံ့ရေး ဖြစ်ပါတယ်။ သမ္မတ Biden အစိုးရက ကွန်ဂရက်ကို ပန်ကြားထားတဲ့ အစီအစဉ်ထဲမှာတော့ မုန်တိုင်းတွေ၊ အပူချိန် ပြင်းထန်လွန်ကဲတဲ့ ရာသီနဲ့ ရင်ဆိုင်နေရတဲ့ပြည်တွင်းအတွက် ပြည်ထောင်စု သဘာဝဘေးဒဏ် ဆိုင်ရာ ရန်ပုံငွေမှာ ဒေါ်လာ ၁၂ ဘီလျံ ထပ်ဖြည့်ဖို့လည်း ပါဝင်ပါတယ်။
ဒါ့ပြင် မက္ကဆီကိုနဲ့နယ်စပ် နိုင်ငံတောင်ပိုင်းမှာ လုံခြုံရေး မြှင့်တင်ရေးအတွက် ရန်ပုံငွေလည်း ပါဝင်ပါတယ်။ အစိုးရက ကွန်ဂရက်ထံပန်ကြားထားတဲ့ အစီအစဉ်တခုလုံးက ဒေါ်လာ ၄၀ ဘီလျံ ရှိပြီး ပြည်ထောင်စုအသုံးစရိတ် ဖြတ်တောက် လျှော့ချရေး ထပ်မတိုးရေး တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နေကြတဲ့ ရီပတ်ပလီကန်တွေအတွက်တော့ အလွန်များပြားတဲ့ ပမာဏ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ အိမ်ဖြူတော်က ယူကရိန်း ရန်ပုံငွေအတွက် နောက်ဆုံး ပန်ကြားခဲ့တဲ့ ၂၀၂၂ ခုနှစ် အတွင်းက အလွယ်တကူ အတည်ပြုပေးခဲ့တာဖြစ်ပေမဲ့ အခုအချိန်မှာတော့ အခင်းအကျင်းက မတူညီတော့ပါဘူး။
စစ်ပွဲအပေါ် သံသယရှိနေတဲ့ ရီပတ်ပလီကန်ပါတီခေါင်းဆောင် Donald Trump ကို ထောက်ခံရေးအတွက် ရီပတ်ပလီကန်ဦးဆောင်တဲ့ အောက်လွှတ်တော်မှာ အကြီးအကျယ် ဖိအားပေးခံနေရတာနဲ့အတူဘဲ ဒီကိစ္စအပေါ် နိုင်ငံရေးအရ ကွဲပြားမှုက ကြီးထွားလာပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့ထောက်ခံမှုကလည်း တဖြည်းဖြည်းချင်း လျော့လာနေပါတယ်။