သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား တာဝန်ရှိသူတွေအပေါ် အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်


Phnom Penh ရှိ အမေရိကန်သံရုံး
Phnom Penh ရှိ အမေရိကန်သံရုံး

မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှုမရှိ၊ ဒီမိုကရေစီ နည်းမကျတဲ့အပြင် မသမာမှုတွေနဲ့ ပြည့်နေတယ်ဆိုပြီး အဲဒီလိုလုပ်ရပ်တွေ လုပ်ဆောင်တာမှာ ပါဝင်ပတ်သက်သူတွေအပေါ် ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ချက်တွေကို အမေရိကန်အစိုးရက ချမှတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီလုပ်ရပ်က ဘယ်လောက် ထိရောက်မှာလဲဆိုတာ မေးခွန်းထုတ်တာရှိသလို အတိုက်အခံတွေရဲ့ အနာဂတ်ကလည်း မရေမရာရှိနေဆဲပါ။ ဗွီအိုအေသတင်း ထောက် Victor Beattie ရဲ့ ဆက်သွယ်မေးမြန်းချက်အပေါ် အခြေခံပြီး ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

ပြီးခဲ့တဲ့လကလုပ်တဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ CPP က လွှတ်တော် အမတ်နေရာ ၁၂၅ နေရာလုံးကို အနိုင်ရတယ်လို့ ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာကြောင့် ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အုပ်ချုပ်ရေး နောက်ထပ်ငါးနှစ်သက်တမ်း ထပ်တိုးသွားပါပြီ။ ဇူလိုင်လ ၂၉ ရက်နေ့ကလုပ်တဲ့ ရွေးကောက် ပွဲမှာ သိသာထင်ရှားတဲ့ အတိုက်အခံပါတီတွေမပါသလို တရားဝင်မှုမရှိဘူးလို့ နိုင်ငံတကာလေ့လာသူတွေက ပြစ်တင်ရှုတ်ချထား ကြပါတယ်။

ဒီရွေးကောက်ပွဲ ကျင်းပပုံအပေါ် ကျေနပ်မှုမရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာ အရေးယူမှုတွေ ချမှတ်လိုက် ပါတယ်။ ကမ္ဘောဒီးယားမှာ ဒီမိုကရေစီကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်သူတွေကို ထပ်ထည့်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ချမှတ်ထားတဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်တွေကို တိုးချဲ့ ချမှတ်လိုက်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert က ဗုဒ္ဓဟူးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

“တိုးချဲ့ချမှတ်လိုက်တဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်ဟာ ဇူလိုင်လ ၂၉ ရက်နေ့ကလုပ်တဲ့ အပြစ်အနာအဆာ တွေနဲ့ပြည့်နေတဲ့ ရွေးကောက်ပွဲမတိုင်ခင် ဒီမိုကရေစီဆန့်ကျင်ရေး လုပ်ရပ်တွေကို အထင်အရှားလုပ်ခဲ့ကြတဲ့ ကမ္ဘောဒီးယားအစိုးရ အဖွဲ့တွင်းက လူတွေနဲ့ရော၊ ပြင်ပကလူတွေနဲ့ပါ အကျူံးဝင်နိုင်ပါတယ်။ တချို့ဖြစ်ရပ်တွေမှာဆိုရင် သူတို့ရဲ့ အနီးဆုံးမိသားစုဝင် တွေပါ ဒီကန့်သတ်ချက်တွေနဲ့ အကျူံးဝင်နိုင်ပါတယ်။ သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အရပ်ဘက်လူမှုအဖွဲ့တွေရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို လုပ်ဆောင်နိုင်ရေး အတားအဆီးမရှိဘဲ ခွင့်ပြုပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ အတွက် လက်တွေ့လုပ်ရပ်တွေ လုပ်ဆောင်ဖို့ ကမ္ဘောဒီးယားအစိုးရကို ကျမတို့ ထပ်ပြီး တောင်းဆိုပါတယ်။”

ဒါ့အပြင် Kem Sokha နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးအတိုက်အခံတွေကို ပိတ်ပင် ကန့်သတ်ထားတာတွေ အဆုံးသတ်ဖို့ကိုလည်း အမေရိကန်နိုင်ငံခြားရေးဌာနက တောင်းဆိုထားပါတယ်။

ဒီလို ပြည်ဝင်ခွင့်ဗီဇာကန့််သတ်ချက်က ထိရောက်မှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားအစိုးရ ပြောခွင့်ရတဦးက ပြောပါတယ်။

ထိထိရောက်ရောက်လုပ်နိုင်တဲ့ တခုတည်းသော အတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ CNRP ကို တရားရုံးချုပ်က ပြီးခဲ့တဲ့နှစ်မှာ ဖျက်သိမ်းပစ်ခဲ့ပါတယ်။ ပါတီခေါင်းဆောင် Kem Sokha ကိုလည်း နိုင်ငံတော်ပုန်ကန်မှုနဲ့ စက်တင်ဘာလကတည်းက ထောင်ချထားတာပါ။

လွတ်လပ်မှုလည်းမရှိ၊ တရားမျှတမှုလည်းမရှိတဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲဟာ အရှေ့တောင်အာရှဒေသမှာ ဖြစ်နေကျ ရွေးကောက်ပွဲပုံစံကို ထင်ဟပ်နေတယ်လို့ သြစတြေးလျနိုင်ငံ၊ Monash တက္ကသိုလ်က ဧည့်ပါမောက္ခ David Chandler က ဗွီအိုအေသတင်းထောက် Victor Beattie နဲ့ ဆက်သွယ်မေးမြန်းခန်းအတွင်း ပြောပါတယ်။

“ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေမှာလို အတိုက်အခံတွေကို ဝင်ပြိုင်ခွင့်မပြုဘဲ ပိုပြီးတော့တောင်မှ ပြင်းပြင်း ထန်ထန် ဖိနှိပ်တဲ့ အရှေ့တောင်အာရှဒေသ တခြားနေရာအတော်များများက ရွေးကောက်ပွဲတွေနဲ့ ဆင်တူပါတယ်။ လွတ်လပ် မျှတမှုမရှိတဲ့ ရွေးကောက်ပွဲတွေလုပ်တာက အရှေ့တောင်အာရှဒေသမှာ အလေ့အထလို ဖြစ်လာနေတာပါ။ ဒါမှန်တယ်လို့ ကျနော်ပြောနေတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ သွင်ပြင်လက္ခဏာတခုပါပဲ။”

အမေရိကန်ရဲ့ အရေးယူလုပ်ဆောင်ချက်ကရော ကမ္ဘောဒီးယားနိုင်ငံရေးအပေါ် သက်ရောက်မှု ရှိမှာလားဆိုတာ သူ့အနေနဲ့တော့ မသေချာလှဘူးလို့လည်း ပါမောက္ခ Chandler ကပြောသလို ကမ္ဘောဒီးယား အတိုက်အခံတွေရဲ့ အနာဂတ်နဲ့ပတ်သက်လို့လည်း သိပ်ကြီး အကောင်းမမြင်လှပါဘူး။

အခု ထောင်ချခံထားရတဲ့ အတိုက်အခံခေါင်းဆောင် အများအပြား နောက်ဆုံးကျ လွတ်မြောက်လာမှာဖြစ်ပြီး နိုင်ငံ့အာဏာ အားလုံးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ ဝန်ကြီးချုပ်ကိုရင်ဆိုင်ဖို့ ကြောက်ရွံ့ကြလိမ့်မယ်လို့ ပါမောက္ခ Chandler က မြင်ပါတယ်။ အတိုက်အခံတွေအတွက် လွှတ်တော်တွင်းမှာ အမတ်နေရာ တနေရာမှမရှိသလို အစိုးရကို ထိပ်တိုက်ရင်ဆိုင်နိုင်ဖို့ လွှတ်တော်ရဲ့ အကာအကွယ်လည်း ရှိမနေဘူးလို့ ပါမောက္ခ Chandler က သုံးသပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG