သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US ဗီဇာ လျှောက်ထားမှု ပိုမိုကြန့်ကြာဖွယ်ရှိ


visa လျှောက်ရန် လက်ဗွေနိပ်နေစဉ်
visa လျှောက်ရန် လက်ဗွေနိပ်နေစဉ်

အမေရိကန်ပြည်ထောင်စုထဲကို လာရောက်ဖို့ အလည်အပတ်ဗီဇာ လျှောက်ထားသူတွေဟာ ခွင့်ပြုချက်ရဖို့ စောင့်ရချိန် ပိုကြာသွားနိုင်ပါတယ်။

အရင်သမ္မတ အိုဘားမား လက်ထက်က ချမှတ်ထားတဲ့ ကောင်စစ်ဝန်ရုံးက လုံခြုံရေးဆိုင်ရာ စုံစမ်း စစ်ဆေးချိန်နဲ့ ပတ်သက်တဲ့ စည်းမျဉ်း ညွှန်ကြားချက်ကို ပြန်ပြောင်းတဲ့ သမ္မအမိန့်သစ် တရပ်ကို သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သမ္မတ အိမ်ဖြူတော်နဲ့ အမေရိကန် နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

အမေရိကန် နိုင်ငံထဲကိုဝင်ရောက်ဖို့ ခရီးသွားဗီဇာ၊ ကျောင်းသားဗီဇာနဲ့ စီးပွါးရေး လုပ်ငန်း လုပ်ကိုင်ဖို့ ဗီဇာ လျှောက်ထားသူက နှစ်စဉ်နှစ်တိုင်း သန်းနဲ့ ချီ ရှိနေပြီး သူတို့အတွက် ဗီဇာ စစ်ဆေးချိန် ဘယ်လောက်ကြာမယ် ဆိုတာကို အခုချိန်အထိ သေသေချာချာ မသိရသေးပါဘူး။

ကျောင်းသားနဲ့ ခရီးသွား အပါအဝင် ရွှေ့ပြောင်း အခြေချဖို့ မဟုတ်တဲ့ ဗီဇာလျှောက်ထားသူတွေ အတွက် စီစစ်ချိန်ကို အရင်သမ္မတ လက်ထက် ၂၀၁၂ ခုနှစ်တုန်းက သီတင်း ၃ ပတ်အတွင်း လျှောက်ထားသူ ၈၀ % လောက်ကို အပြီးစစ်ဆေးပေးဖို့ ချမှတ်ထားတာကို သမ္မတ Trump ရဲ့ အမိန့်သစ်မှာ ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတွင်း ဝင်ရောက်လာသူတွေကို အထူးစစ်ဆေးတာတွေ လုပ်ဆောင်မယ့် Trump အစိုးရရဲ့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာမူဝါဒ ခိုင်မာစေဖို့ အကောင်ထည်ဖေါ်နေချိန်မှာပဲ အခုလို အမိန့်သစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သမ္မတဟာ ဗီဇာ လျှောက်ထားသူတွေအကို သေသေချာချာ စီစစ်မှာ ဖြစ်ပြီး အလောတကြီး မပေးမိစေဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း သမ္မတ အိမ်ဖြူ လက်ထောက်ပြောခွင့်ရ Michael Short က ကြာသပတေးနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG