(Zawgyi/Unicode)
အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်ပေါင်း (၅၀)ကြာပြီးနောက် မော်လဒိုက်နိုင်ငံမှာ ပထမဆုံးအမေရိကန် သံရုံးကို ဖွင့်လှစ်ဖို့ပြင်ဆင်နေပါပြီ။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး အပြန်အလှန် တည်ဆောက်ပြီးနောက် စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာစေဖို့ အမေရိကန်အနေနဲ့ သူ့ရဲ့ သံရုံးကို ဖွင့်လှစ်ဖို့ရှိနေတာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကိုယ်တိုင် မော်လ်ဒိုက်ကို ရောက်ရှိနေတဲ့ ခရီးစဉ်အတွင်း အခုလို အမေရိကန်သံရုံးကို ဖွင့်လှစ်ဖို့ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က မော်လ်ဒိုက် သမ္မတ အီဘရာဟင်မိုဟာမက်ဆိုလီနဲ့ နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာရှာဟိုက် တို့နဲ့ တွေ့ဆုံပြီး ထုတ်ပြန်တဲ့ ဝန်ကြီး Pompeo ရဲ့ကြေညာချက်မှာ- အခုလို အမေရိကန်သံရုံးဖွင့်လှစ်နိုင်မှုဟာ အမေရိကန် နဲ့မော်လ်ဒိုက်ဆက်ဆံရေးတိုးတက်လာတာ၊ မော်လ်ဒိုက်နဲ့ အင်ဒို-ပစိဖိတ် ဒေသအပေါ် အမေရိကန်ရဲ့ ခိုင်မာတဲ့ သံဓိဌာန်ကို မီးမှောင်ထိုးပြနေတာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
ဒီနောက်ဆုံးလှုပ်ရှားမှုဟာ ဒေသအတွင်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တားဆီးဖို့နဲ့ လွတ်လပ် ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ဒေသဖြစ်ဖို့ အမေရိကန်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှု တစိတ်တပိုင်းအဖြစ် မြင်တွေ့ရပါတယ်။
လက်ရှိ မော်လဒိုက်နိုင်ငံမှာ အမေရိကန် ကောင်စစ်ဝန်ရုံးနဲ့ သံရုံး မရှိသေးပေမဲ့လည်း မာလီမှာရှိတဲ့ အမေရိကန်စင်တာကနေတဆင့် ဆောင်ရွက်လည်ပတ်နေတာဖြစ်ပါတယ်။ ဒါအပြင် သီရိလင်္ကာနိုင်ငံမှာရှိတဲ့ အမေရိကန်သံအမတ်နဲ့ သံရုံးဝန်ထမ်းတွေလည်း မော်လ်ဒိုက်နိုင်ငံဆိုင်ရာ သံတမန်ဝန်ထမ်းတွေအဖြစ် သတ်မှတ်ထားပြီး ကျွန်းစုတွေကိုလည်း သူတို့တွေ ပုံမှန်သွားရောက်လေ့ရှိပါတယ်။ မကြာသေးခင်နှစ်တွေအတွင်းက အမေရိကန်ရေတပ်သင်္ဘောတွေဟာ မော်လ်ဒိုက်ဆိပ်ကမ်းကို ပုံမှန်ဆိုက်ကပ်ခဲ့လသလို မော်လ်ဒိုက်အစိုးရကလည်း အမေရိကန်ရဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုတွေမှာ ပံ့ပိုးကူညီခဲ့ပါတယ်။
မော်လဒိုက်ဟာ ၁၉၆၆ ခုနှစ်မှာ ဗြိတိန်နိုင်ငံကနေ လွတ်လပ်ရေးရရှိပြီးနောက် အမေရိကန်နဲ့ သံတမန်ရေး စတင်ထူထောင်ခဲ့ပါတယ်။
.............
(Unicode)