တာလတ်ပစ် နျူးကလီးယားလက်နက်သဘောတူစာချုပ်ကို ရုရှားဘက်ကချိုးဖောက်တာကြောင့်၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီသဘောတူစာချုပ်ကနေ နုတ်ထွက်ဖို့လုပ်မှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က စနေနေ့မှာ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ရုရှားက ဘယ်လိုချိုးဖောက်ခဲ့သလဲဆိုတာကိုတော့ သူက အသေးစိတ် မပြောခဲ့ပါဘူး။
ရုရှားအစိုးရဘက်ကတော့ ဒီသဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်တာဟာ အန္တရာယ်ရှိတဲ့ခြေလှမ်းတရပ်ဖြစ်တယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။ ဒီသဘောတူစာချုပ်ကို ၁၉၈၀ ပြည့်လွန်နှစ်နှောင်ပိုင်းကာလတွေက ဆွေးနွေးသဘောတူခဲ့တာဖြစ်ပြီး၊ ၂ နိုင်ငံစလုံးက တာတိုနဲ့ တာလတ်ပစ် နျူးကလီးယား နဲ့ တိုက်ခိုက်ရေးဒုံးကျည်တွေ ဖျက်သိမ်းဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။
ရုရှားက ဒီသဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး၊ သူတို့ဟာ နှစ်ပေါင်းများစွာကတည်းက ချိုးဖောက်ခဲ့ကြောင်း၊ သူတို့ဘက်က ဒီ နျူးကလီးယား သဘောတူညီမှုကိုချိုးဖောက်တာကို ကျနော်တို့ ခွင့်ပြုမှာမဟုတ်သလို၊ ကျနော်တို့ကိုခွင့်ပြုမထားတဲ့ လက်နက်တွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သမ္မတထရမ့်က Nevada ပြည်နယ် Elko မြို့က လူထုစုဝေးမှုအတွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ရုရှားနဲ့တရုတ်က ဒီလက်နက်တွေထုတ်လုပ်တာကို ရပ်တန့်ဖို့ သဘောမတူဘူးဆိုရင်၊ အမေရိကန်အနေနဲ့ လက်နက်တွေထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သမ္မတထရမ့်ကပြောပါတယ်။
ရုရှားဘက်ကတော့ သူတို့အနေနဲ့ သဘောတူစာချုပ်ကို ချိုးဖောက်ခြင်းမရှိဘူးလို့ ငြင်းဆိုပါတယ်။ တရုတ်နိုင်ငံကတော့ ဒီသဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး။ ရုရှားနိုင်ငံဟာ နေတိုးမဟာမိတ်တပ်ဖွဲ့တွေကို ခြိမ်းခြောက်ဖို့ မြေပြင်ကနေပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးတွေကို နေရာချတပ်ဆင်ခြင်းအားဖြင့် စာချုပ်ကို ချိုးဖောက်နေတယ်လို့ အမေရိကန်ဘက်က အရင်က စွပ်စွဲလိုက်ပြီး၊ ရုရှားဘက်ကလည်း အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်က သဘောတူစာချုပ်ကို ချိုးဖောက်တယ်လို့ ပြန်စွပ်စွဲပါတယ်။