သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USAID အကြီးအကဲ ရခိုင်ပြည်နယ်သွားရောက်


USAID အကြီးအကဲ ရခိုင်ပြည်နယ်သွားရောက် ( Photo- Mark Green Twitter)
USAID အကြီးအကဲ ရခိုင်ပြည်နယ်သွားရောက် ( Photo- Mark Green Twitter)

ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ အခွင့်အရေးကို အာမခံချက်ပေးဖို့နဲ့ နိုင်ငံကနေထွက်ပြေးသွားသူ ထောင်ပေါင်းများစွာ ပြန်လာရေး အားတက်စေဖို့ရာ စစ်မှန်တဲ့ စိတ်ရင်းစေတနာကို ပြသဖို့ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ အကြီးအကဲက မြန်မာအစိုးရကို တနင်္ဂနွေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) အကြီးအကဲ Mark Green ဟာ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အဆုံးသတ်အဖြစ် ရခိုင်ပြည်အနောက်ပိုင်းက ရိုဟင်ဂျာနဲ့ ရခိုင် လူမှုအဝန်းအဝိုင်းနှစ်ခုလုံးနဲ့ သွားရောက် တွေ့ဆုံပြီးတဲ့နောက် အဲဒီလို တိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံမလာခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း သူနဲ့တွေ့ဆုံတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ကြောက်လန့်နေကြပြီး ပြန်လာချင်ကြပေမဲ့ ပြန်ဖို့အတွက် ဆုံးဖြတ်ချက်မချခင်မှာ သူတို့ရဲ့အခွင့်အရေးနဲ့ လုံခြုံရေးအတွက် အာမခံချက်ပေးဖို့ တောင်းခံ ကြတယ်လို့ မစ္စတာ Green ကပြောပါတယ်။

“ရိုဟင်ဂျာတွေအနေနဲ့ အဲဒီလိုအခြေအနေတွေအောက်မှာ ပြန်လာနိုင်ရေး လက်တွေ့ပြသမှုတခုဖြစ်တဲ့ ခိုင်မာတဲ့ လုပ်ဆောင်ချက် တွေကို အစိုးရအနေနဲ့ ချမှတ်လုပ်ဆောင်ဖို့ ကျနော်တို့ အခိုင်အမာ အားပေးတိုက်တွန်းပါတယ်” လို့ Mark Green ကပြောပါ တယ်။

Mark Green ဟာ သောကြာနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး စနေနေ့ ကတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံပါတယ်။ အဲဒီနောက် တနင်္ဂနွေနေ့က ရခိုင်ပြည်မှာ ပြည်နယ် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက် ပဋိပက္ခ ဖြစ်ထားတဲ့နေရာတွေဆီ သွားပါတယ်။

သူဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တော်ကနေ သိပ်မဝေးလှဘဲ ရိုဟင်ဂျာဒုက္ခသည် ၆,၀၀၀ လောက်ရှိတဲ့ သက်ကယ်ပြင် ဒုက္ခ သည်စခန်းကိုသွားပြီး စခန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပါတယ်။

“ကျနော်တို့မှာ အချိန်ရှိလှတာ မဟုတ်ပါဘူး။ အပြုသဘောဆောင်အဆင့်တွေ လုပ်ဆောင်တာကို ကျနော်တို့အားလုံး တကယ်ပဲ မြင်ချင်ကြပြီး အဲဒီအတွက် အကူအညီပေးဖို့ အဆင်သင့်ရှိပါတယ်” လို့ Mark Green က ပြောပါတယ်။ သူဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG