သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဥပဒေရုံးတွေအတွက် USAID နည်းပညာအကူအညီထောက်ပံ့


USAID တံဆိပ်။
USAID တံဆိပ်။

[Zawgyi/Unicode]

မြန်မာနိုင်ငံအတွင်းက ဥပဒေရုံးတွေမှာ ခေတ်မီ နည်းပညာတွေ တပ်ဆင် အသုံးပြုနိုင်ဖို့အတွက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က အထောက်အပံ့ပေးတဲ့ အစီအစဉ် တိုးချဲ့ ဆောင်ရွက်နေတဲ့အကြောင်းကို ရန်ကုန်မြို့ အမေရိကန် သံရုံးက ဒီကနေ့ သတင်းထုတ်ပြန် ကြေညာပါတယ်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) နဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဥပဒေရုံးတွေမှာ ခေတ်မီ နည်းပညာ တပ်ဆင်တဲ့ ရှေ့ပြေး အစီအစဉ်ကို ဥပဒေရုံး ၁၀ ရုံးမှာ နောက်ထပ် တိုးချဲ့ ဆောင်ရွက်နေတဲ့အကြောင်း ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီလို နည်းပညာ တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် ထပ်တိုး ဥပဒေရုံး (၁၀) အနေနဲ့ အမှုကိုင်တွယ်တာ၊ မှတ်တမ်းတင်တာ၊ အစီရင်ခံ တာလို လုပ်ငန်းတွေမှာ ပိုပြီး ပွင့်လင်းမြင်သာမှုတွေ ရှိအောင် နည်းပညာကို စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။အဲဒီ နည်းပညာနဲ့အတူ စံသတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း ဥပဒေရုံးတွေအနေနဲ့ တရားစွဲဆိုမှုတွေကို ထိထိရောက်ရောက် လုပ်ဆောင်ရာမှာ အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာမှာ ဒီအချက်က အရေးကြီးတယ်လို့လည်း အမေရိကန် သံရုံးက ပြောပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ဖို့ နိုင်ငံတိုင်းက အစွမ်းကုန် ကြိုးစားရမှာ ဖြစ်ကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ မဟာဗျူဟာ စီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ ပြည်ထောင်စုတစ်ဝှမ်းက ဥပဒေရုံးအားလုံးမှာ ဒီ လုပ်ထုံးလုပ်နည်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင် ရွက်နိုင်ဖို့ အခု အစီအစဉ်က လမ်းဖွင့်ပေးလိုက်တာ ဖြစ်ကြောင်း USAID ရဲ့ ဌာနေညွှန်ကြားရေးမှူး Aler Grubbs က ပြောပါတယ်။ USAID ၊ အမေရိကန်သံရုံးနဲ့ အမေရိကန်ပြည်သူတွေက မြန်မာနိုင်ငံက အခုလိုကြိုးပမ်းဆောင်ရွက်ချိန်မှာ လက်တွဲဖော် မိတ်ဖက်အဖွဲ့အစည်း တစ်ခု အနေနဲ့ ပါဝင်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်လို့လည်း သူက ပြောပါတယ်။

အခု အစီအစဉ်မှာ ပါဝင်တဲ့ ဥပဒေ ၁၀ ရုံးက မိတ္ထီလာ၊ ရမည်းသင်း၊ လားရှိုး၊ ဖျာပုံ၊ ပြည်၊ ရန်ကုန်တောင်ပိုင်း၊ မြစ်ကြီးနား၊ စစ်ကိုင်း၊ ကန့်ဘလူနဲ့ သထုံခရိုင်က ဥပဒေ ရုံးတွေ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) အနေနဲ့ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး မြှင့်တင်မှု စီမံကိန်းကို ၂၀၁၆ ခုနှစ် ကတည်းက အကူအညီပေးလာတာ ဖြစ်ပြီး အရင်ကလည်း ပြင်ဦးလွင်၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ ထားဝယ်၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ချမ်းအေးသာဇံနှင့် မော်လမြိုင်မြို့နယ်တွေက ဥပဒေ ရုံး ၈ ရုံးမှာလည်း ခေတ်မီ နည်းပညာ ကိရိယာတွေ တပ်ဆင်နိုင်အောင် အကူအညီပေးခဲ့တယ်လို့လည်း အမေရိကန် သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG