သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားဟူ ဓမ္မဆရာ ၉၀ကျော် ခံဝန်နဲ့ UWSA ပြန်လွှတ်


ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၂မှာ UWSA ၀ တပ်ဖွဲ့ဖမ်းဆီးထိန်းသိမ်းထားတဲ့ မိုင်းပေါက်နယ်အတွင်းမှာ လားဟူ ဓမ္မဆရာ ၉၀ကျော်ကို ခံဝန်ကတိနဲ့ ပြန်လည်လွှတ်ပေးလိုက်ပါတယ်။ ဟိုတောင်းကျမ်းစာကျောင်းက ခေါ်ဆောင်သွားတဲ့ ကျမ်းစာသင်ကျောင်းက ကျောင်းသူ၊ ကျောင်းသား ၄၀ကျော်ကိုတော့ ထိန်းသိမ်းထားဆဲရှိတယ်လို့ လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က တာဝန်ရှိသူက ပြောပါတယ်။ ပြန်လွှတ်ပေးဖို့ ခံဝန်ကတိလက်မှတ်ရေးထိုးရာမှာ ကျမ်းစာမဖတ်ဖို့ ၊ ဆုမတောင်းဖို့ ဆိုတဲ့အချက်တွေ ပါဝင်တာကြောင့် ဘာသာရေး လွတ်လပ်ခွင့်ကို ထိပါးစေတယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ရာ ရှမ်းပြည်နယ် အထူးဒေသ ၂မှာ စက်တင်ဘာလလည်လောက်က စတင်ပြီး ဘာသာရေးအရ တင်းမာမှုတွေ ရှိခဲ့ရာက ခရစ်ယာန်ဘုရားကျောင်း ၆၀ကျော်လောက်ကို ပိတ်သိမ်းခဲ့သလို ရာနဲ့ချီတဲ့ သာသနာဝန်ထမ်းတွေကိုလည်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လားဟူ ဓမ္မဆရာ ၉၀ကျော်ကိုတော့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းပြီး ပြန်လည်လွှတ်ပေးခဲ့တယ်လို့ လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး သိက္ခာတော်ရဆရာ ဒေါက်တာ လာဇရုက ပြောပါတယ်။

“ မနေ့က ညနေပိုင်းလောက်မှာ ၂နာရီကျော်ကျော်ပိုင်းလောက်မှာ၊ ဓမ္မဆရာ ၉၂ပါး အားလုံးလွှတ်ပေးတယ်။ နောက်ပြီးတော့ ခံဝန်ချက်တွေ လုပ်တယ်။ ခံဝန်ကတော့ ကျမ်းစာမဖတ်၊ ဆုမတောင်း၊ ခရစ်ယာန် မလုပ်တော့ဘူး၊ ယေရှုကို မယုံကြည်တော့ဘူးဆိုပြီးတော့ လက်မှတ်ထိုးပြီးတော့ ထွက်လာရတယ်တဲ့။ လက်မှတ်မထိုးရင် ဒီတိုင်း ပိတ်လှောင်ပြီးတော့ သေအောင်ထားပေးမယ်ဆိုလို့ အဲဒါနဲ့ သူတို့လည်း အပေါ်ယံထိုးလိုက်တာပဲ။ အဲကျမ်းစာကျောင်းက ကျောင်းသား၊ ကျောင်းသူကျတော့ ထွက်မလာသေးဘူး။ ၄၁ယောက်။ ”

ခံဝန်ချုပ်လက်မှတ်ရေးထိုးခိုင်းတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဘာသာကိုးကွယ်ခွင့်ရဖို့ ဆက်လက် ညှိနှိုင်းသွားမယ်လို့လည်း ဒေါက်တာ လာဇရုက ဆက်ပြောပါတယ်။

“ အခြေအနေအကန့်အသတ်နဲ့ လွှတ်ပေးလိုက်တဲ့အတွက် ဝမ်းသာမှုက မပြည့်စုံဘူး။ ဘာဖြစ်လု့ိလည်းဆိုရင် ဘုရားမရှိခိုးရတော့ဘူးဆိုတော့ မကောင်းတော့ဘူးလေ။ ခရစ်ယာန်က ဘုရားမရှိခိုးလို့မှ မရတာ။ ဘာသာစွန့်ခိုင်းတယ်ဆိုတာ မြန်မာနိုင်ငံ ဥပဒေနဲ့လည်း အရမ်းဆန့်ကျင်တယ်လေ။ ကျနော်တို့ လားဟူတွေ စုပြီးတော့ ပါတီရော၊ လူထုရော၊ ဘာသာရေးအသင်းရော ညှိနှိုင်းပြီးတော့ တောင်းဆိုမှုတခုခုတော့ ပြန်လုပ်ဖို့ ရှိတယ်လေ။”

ပြီးခဲ့တဲ့ အပတ်အတွင်းကတော့ ဝလူမျိုး ဓမ္မဆရာ ၁၀၀ ကျော်ကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ ခံဝန်ကတိကို လက်မှတ်မထိုးတဲ့ ဆရာတော် ၇ပါး ကို ထိန်းသိမ်းထားခဲ့ပြီး နောက်ဆုံးအခြေအနေကိုတော့ သေချာမသိရသေးပါဘူး။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်ကတော့ ဒါဟာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၈ကို ဖောက်ဖျက်ရာကျကြောင်း ထောက်ပြပါတယ်။

“လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၁၈ပေါ့။ article 18 မှာ လူတိုင်းမှာ လွတ်လပ်စွာတွေးခေါ်ခွင့်၊ အမှားအမှန်ဝေဖန်ပိုင်းခြားခွင့်၊ ကိုးကွယ်ခွင့်ရှိတယ်ပေါ့။ ဒီအခြေအနေကတော့ လွတ်လပ်စွာကိုးကွယ်ခွင့်၊ ဒါက လူတယောက်ရဲ့ ရပိုင်ခွင့်ပေါ့နော။ ဘယ်လိုလူပဲဖြစ်ဖြစ် လူတယောက်မှာတော့ ယုံကြည်ရာကို ကိုးကွယ်ခွင့်ရှိရမယ်။ ဒီကိုးကွယ်မှုကိုလည်း ဟောပြောခွင့်ရှိရမယ်။ ယုံကြည်သက်ဝင်မှုရှိရမယ်။ ဒါတွေက လူ့အခွင့်အရေးပဲလေ။ ဒီအခြေအနေကတော့ လူ့အခွင့်အရေးကြေညာစာတမ်းပါအချက်နဲ့တော့ မကိုက်ညီဘူး။ ကွဲလွဲနေပြီ ဒါလေးတော့ ကျနော်တို့က ထောက်ပြလို့ ရတာပေါ့။”

ဒီအခင်းဖြစ်ပွားတာနဲ့ပတ်သက်ပြီး သူတို့ ကော်မရှင်ကို တိုင်ကြားတာမရှိသေးကြောင်း၊ ကော်မရှင်အနေနဲ့လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ကြားဝင်ဆောင်ရွက်ခဲ့တာမျိုး မရှိဘူးသေးကြောင်းပြောဆိုပါတယ်။

UWSA ဝတပ်ဖွဲ့ဘက်ကတော့ ဗဟိုရဲ့ ခွင့်ပြုချက်မရတဲ့ ဘုရားကျောင်းတွေကို ပိတ်သိမ်းတာဖြစ်ကြောင်းနဲ့ အစွန်းရောက်သောအချို့ဘာသာရေး ဆရာတွေကြောင့် စည်းလုံးရေး ထိခိုက်မှာစိုးလို့ ဝင်ရောက် ထိန်းသိမ်းတာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG