သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀ ဒေသ ဘာသာရေးလွတ်လပ်ခွင့် ခရစ်ယာန်ဘာသာဝင်တွေ စိုးရိမ်


uwsa (Photo Credit - U Nyi Rang(UWSA)
uwsa (Photo Credit - U Nyi Rang(UWSA)

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ပြီးခဲ့လထဲ ခရစ်ယာန်ဘုရားကျောင်းတွေ အပိတ်ခံရပြီး၊ သာသာနာပြုတွေကို ထိန်းသိမ်း- နှင်ထုတ်တဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံအတွင်း ဘာသာရေး လွတ်လပ်ခွင့် ကျဆင်းလာမှာကို ခရစ်ယာန်ဘာသာဝင်တွေကြား စိုးရိမ်နေကြပါတယ်။ ဒီပြဿနာ အမြန် ပြေလည်စေရေးအတွက် အစိုးရက ကြားဝင်ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုကြပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

UWSA ခေါ် ဝတပ်ဖွဲ့ထိန်းချုပ်ရာ အထူးဒေသထဲက မိုင်းပေါက်နယ်မြေမှာ ခရစ်ယာန်ဘုရားကျောင်း ၅၀ ကျော်အပိတ်ခံရပြီး၊ ၃ ကျောင်းကို ဖြိုချဖျက်ဆီးကာ၊ ခရစ်ယာန် သာသာနာပြုပုဂ္ဂိုလ် အယောက် ၉၀ ကျော်ကို ထိန်းသိမ်းထားကြောင်း စက်တင်ဘာ(၂၅)ရက် နေ့စွဲနဲ့ လားဟူ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

UWSA ဝတပ်ဖွဲ့ရဲ့ ဒီလုပ်ရပ်ဟာ အဲဒီဒေသမှာရှိတဲ့ ခရစ်ယာန်အသင်းတော်တွေကို နိုင်ငံခြားက ထောက်ပံ့မှုတွေရှိနေတယ်ဆိုတဲ့ သံသယ အပေါ်အခြေခံပြီး UWSA တပ်ဖွဲ့က လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန် သာသနာပြုအဖွဲ့ချုပ် KBC ရဲ့ဥက္ကဌ ဆရာတော် ဒေါက်တာခလမ် ဆန်ဆွန်က ပြောပါတယ်။

"ဒီနောက်ကနေ နိုင်ငံခြားထောက်ပံ့မှုတွေ ရှိတဲ့အတွက် အဲဒီကိစ္စကနေတဆင့် ဖြစ်လာတယ်လို့ ကျနော်တို့ သိရတယ်ဆိုတော့ ဝ ဒေသတို့ တရုတ်အစိုးရဘက်တို့ဘက်မှာကျတော့ ၊ အဲဒါမျိုး အနောက်နိုင်ငံရဲ့ ကြိုးကိုင်မှုတွေ ထောက်ပံ့မှုတွေကို သူတို့က တော်တော်လေး သတိထား စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်။ အခု ဒီကိစ္စမှာလည်း အဲဒါမျိုးတွေ နည်းနည်းပါနေသလိုမျိုး ကြားရတယ်။ သူတို့ကလည်း ဒီကိစ္စမှာ နောက်နှစ်ဆိုရင် နှစ်၃၀ ပြည့် ငြိမ်းချမ်းရေးပွဲတွေ လုပ်မယ်ဆိုတော့ နည်းနည်း သန့်စင်လိုက်တဲ့ သဘောလည်းပါတယ်။ ဆိုတော့ အခုစဖြစ်တာကလည်း နတ်စားရွာတွေမှာ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို မီးရှို့တာတို့ဘာတို့ အဲဒါမျိုးကနေ စတင်လာတာ ဆိုတော့ ကျနော်တို့ ခရစ်ယာန်ဘက်ကလည်း တဇွတ်ထိုး သာသနာပြုလုပ်တဲ့အချိန်မှာ ဖြစ်လာတဲ့ ကွင်းဆက်တွေပဲလို့ ကျနော်ကတော့ အဲလိုပဲ သုံးသပ်ပါတယ်။"

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရက ဘယ်လို ကိုယ်တွယ်ဆောင်ရွက်နေသလဲ သိရအောင် သာသနာရေးဝန်ကြီးဌာနကို VOA က ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် တုန့်ပြန်ဖြေကြားမှု မရခဲ့ပါဘူး။

၀ အထူးတပ်ဖွဲ့ဒေသတွင်း အခုလိုဖြစ်ပျက်ခဲ့တာဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ပိတ်ပင်ရာကျတယ်လို့ သမ္မာကျမ်းစာ ဆရာတဦးဖြစ်တဲ့ ဆလိုင်းဘွေကုန်းက ပြောပါတယ်။

"လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ဆိုတဲ့ဟာက သက်ဆိုင်ရာ အာဏာပိုင်တွေက ဘုရားကျောင်းကို ပိတ်ပစ်တာတို့ ဘာတို့ကတော့ ဘယ်ကောင်းမလဲ။ အဲဒါက ဘာသာရေးလွတ်လပ်ခွင့်ကို ပိတ်ပင်တာနဲ့ အတူတူပဲ ။ အဲဒီ ၀ မှာလည်း ခရစ်ယာန် Baptist တွေရှိတယ်။ ဒီအကြောင်းအရင်းက ကျနော်ကြည့်မယ်ဆိုရင်တော့ သူတို့ ခရစ်ယာန်အချင်းချင်း တိုင်တာကြောင့်ဖြစ်မယ်လို့ ကျနော်သတင်းကြား တာပေါ့နော်။ ဒါပေမယ့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသက မြန်မာအစိုးရ လက်အောက်မှာ ရှိတယ်ပြောပေမယ့် တကယ်တမ်းကျတော့ Targeted person တွေကို သူတို့က ဦးမတည်ပဲနဲ့ ဘုရားကျောင်းကို ပိတ်ပစ်တာတို့ ဘာတို့ကတော့ ဘယ်ကောင်းမလဲဗျာ။ အဲဒါက ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်တာ။ နောက် Missionary သာသနာပြုဆရာတွေကို မောင်းထုတ်တာတို့ကတော့ မကောင်းဘူး၊ သူတို့ပြေလည်အောင်လို့ လုပ်ပေးရင်တော့ အကောင်းဆုံးပဲ"

၀ အထူးဒေသဟာ မြန်မာအစိုးရ လက်အောက်မှာရှိတဲ့ ဒေသတခုဖြစ်တာကြောင့် ဒီပြဿနာ အမြန်ပြေလည်စေရေးအတွက် အစိုးရက ကြားဝင် ဆောင်ရွက်ပေးဖို့လိုတယ်လို့ KBC ဥက္ကဌ ဆရာတော် ဒေါက်တာခလမ် ဆန်ဆွန်က ပြောပါတယ်။

"ဆိုတော့ ဒီဒေသကို မြန်မာပြည်နဲ့ မဆိုင်သလို ဖြစ်နေတဲ့ပုံစံမျိုးတွေကတော့ ကျနော်တို့ အစကတည်းကနေ တွေ့နေရတာပေါ့။ တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်ရင်တော့ မြန်မာပြည်ရဲ့ ဘာသာရေး Religious Freedom မှာ ထိခိုက်တာမျိုး ရှိပါတယ်။ သူတို့ Control အောက်မှာ ကျနော်တို့လုပ်နေရတယ်။ ဆိုတော့ ဒီ ဝ ဒေသကိုပြန်ကြည့်တဲ့အချိန်မှာ သူတို့က သူတို့ဒေသရဲ့ အုပ်ချုပ်မှုမှာ တရုတ်လိုပဲ သူတို့သတ်မှတ်ထားတဲ့ ဘာသာရေး အသင်းတွေကိုပဲ လက်ခံမယ်၊ အပြင်က ဘာသာရေးတွေ လာလို့ရှိရင် သူတို့ ဒီလိုပိတ်ပင်မှုတွေ လုပ်တယ်ဆိုတာကတော့ ဒါတရုတ်မှာလည်း အဲလိုလုပ်နေကျ ရှိပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ကလည်း အဲဒီလို လာဟောပြောတဲ့ ဆရာတွေကို အဲလိုမောင်းထုတ်တာတွေ ရှိပါတယ်။"

ဝတပ်ဖွဲ့က ပိတ်ပင်ခဲ့တဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်စေရေးအတွက် အစာရှောင် ဆုတောင်းကြဖို့ အသင်းဝင်တွေကို လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

UWSA ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ရာ ရှမ်းပြည်နယ် အထူးဒေသ၂ မှာ စက်တင်ဘာ လလယ်ကစပြီး ဘာသာရေးအရ တင်းမာမှုတွေရှိခဲ့ရာက အခုဆိုရင် ပိတ်သိမ်းခံရတဲ့ ခရစ်ယာန်ဘုရားကျောင်း ၆၀ ကျော်လောက် ရှိလာပြီဖြစ်ကြောင်း ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG