UWSA ခေါ် ၀ တပ်ဖွဲ့ထိန်းချုပ်ရာဒေသက မိုင်းပေါက်နယ်အတွင်းမှာ ခရစ်ယာန်ဘုရားကျောင်း ၅၀ကျော်ပိတ်ခံရပြီး အမှုတော်ဆောင်သာသနာဝန်ထမ်း ၉၀ကျော်ကို ထိန်းသိမ်းထားကြောင်း လားဟူ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က တာဝန်ရှိသူက ပြောပါတယ်။ ဒီအရေးအခင်းကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်စေဖို့အတွက်လည်း အစာရှောင်ဆုတောင်းကြဖို့အတွက် အဖွဲ့ချုပ်ဝင် အသင်းတော်တွေ ကိုတိုက်တွန်းထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ရာ ရှမ်းပြည်နယ် အထူးဒေသ ၂မှာ ဒီလလည်လောက်က စတင်ပြီး ဘာသာရေးအရ တင်းမာမှုတွေ ရှိခဲ့ရာက အခုဆိုရင် အခုဆိုရင် ပိတ်သိမ်းလိုက်တဲ့ ခရစ်ယာန်ဘုရားကျောင်း ၆၀ကျော်လောက်ရှိလာကြောင်း ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။
အထူးဒေသ၂ က မိုင်းပေါက်နယ်အတွင်းက အခြေအနေကို လားဟူနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။
“ အဲဒီမှာ လားဟူဘုရားရှိခိုးကျောင်းက ၅၂ကျောင်းပိတ်ခံထားရတယ်။ ချိတ်ပိတ်ခံရတယ်။ ၃ကျောင်းက ဖျက်ခံရတယ်။ နောက် ဓမ္မဆရာ ၉၂ပါးက ဖမ်းဆီးပြီးတော့ ထိန်းသိမ်းထားတယ်။ အခုထိမလွှတ်သေးဘူး။ ဒီတိုင်းခေါ်သွားတယ်။ နောက် ကျမ်းစာကျောင်းသူ ကျောင်းသား ၄၁ဦးကျတော့ ခေါ်သွားပြီးတော့ စစ်သား လုပ်ခိုင်းတယ်လို့ ကြားတယ်။ ”
ဒီလို တင်းမာနေတဲ့အခြေအနေတွေကို အေးအေးချမ်းချမ်းနဲ့ ပြေလည်စေဖို့အတွက် လားဟူနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ဝင် အသင်းတော်တွေကို နောက်လ ၇ရက်နေ့မှာ အစာရှောင်ဆုတောင်းပေးဖို့ ပန့်ကြားထားကြောင်း လည်း ဆက်ပြောပါတယ်။
“ ကျနော်တို့ စာထုတ်ပေးထားတယ်။ ကျနော်တို့ အသင်းတော်တွေကို။ ကျနော်တို့ အသင်းတော်တွေက ၃၀၀- ၄၀၀ ရှိတယ်လေ အဲဒါ ဝိုင်းဝန်းကူညီဆုတောင်းပေးကြဖို့ပေါ့။ နောက်အခက်အခဲကြုံနေတဲ့လူ၊ တချို့ပြန်လာတယ်၊ အဲဒီလူတွေအတွက် ကူညီမစဖို့ လိုအပ်တဲ့ အလှုငွေ ခံထားတယ်။ နောက်လ ၇ရက် ဒီလိုပဲ အစာရှောင်ပြီး ဆုတောင်းရုံပဲလေ။ ကိုယ့်ဘုရားကျောင်းမှာ ကိုယ် ဒီလိုပဲ အသင်းတော်မှာပဲ တောင်းမယ်။”
ဒီလို ဝိုင်းဝန်းဆုတောင်းဖို့အတွက် မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်ကို ပန့်ကြားထားပါတယ်။
ဝဒေသမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဓမ္မဆရာတစ်ဦးကတော့ပန်ဆန်းနယ်မှာလည်း အနည်းဆုံး ဘုရားကျောင်း ၁၅ကျောင်းလောက်ပိတ်ပင်ခဲ့ကြောင်း ပြောပါတယ်။
“ ပန်ဆန်းတဝှိုက်ကတော့ နဂိုတုံးက ၁၂ကျောင်းအထိရောက်ပြီ။ အဲဒီနောက်ပိုင်း ကျနော်တို့ ပြန်ပြန်သိရတာက ၁၅ကျောင်း ကျော်နေပြီ။ တချို့ ၀ အသင်းတော်တွေလည်း ပါတယ်ဆို အားလုံး ၁၅ကျော်နေပြီ။ ”
ဒီလိုဘုရားကျောင်းတွေပိတ်သိမ်းတာဟာ လားဟူလူမျိုးတွေအများစုနေထိုင်ရာ မိုင်းပေါက်နယ်မှာသာမက မိုင်းဖျန်၊ ပန်ဆန်း၊ဟိုတောင်းနဲ့ ဝဒေသမြောက်ပိုင်းတွေမှာပါဖြစ်ပွားနေတာဖြစ်ကြောင်းနဲ့ တချို့သာသနာပြုအဖွဲ့တွေက ဝလူမျိုးတွေရဲ့ ရိုးရာနတ်ကိုးကွယ်မှုကို ဆန့်ကျင်တာ၊ အစွန်းရောက်တဲ့ ဘာသာသွတ်သွင်းမှုတွေ ဆောင်ရွက်တာတွေ ရှိတယ်လို့ လည်း ကြားသိရကြောင်း ပြောပါတယ်။
ထိန်းသိမ်းထားတဲ့ သာသနာဝန်ထမ်း ၉၀ကျော်ရဲ့အခြေအနေနဲ့ပတ်သက်လို့ UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းကို မေးမြန်းရာမှာတော့အစွန်းရောက်သောအချို့ဘာသာရေး ဆရာတွေကြောင့် စည်းလုံးရေး ထိခိုက်မှာစိုးလို့ ဝင်ရောက် ထိန်းသိမ်းလိုက်တဲ့ သဘောပါ ၊ အားလုံး အဆင်ပြေပါလိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ Facebook messenger က တဆင့် VOA ကို ပြန်လည်ဖြေဆိုထားပါတယ်။
ဒီလ ၂၄ရက်နေ့ကတော့ ခရစ်ယာန်ဘာသာရေးဆရာတွေကို ခေါ်ယူစစ်ဆေးတာတွေ ဆောင်ရွက်နေကြောင်း၊ ဗဟိုရဲ့ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်တဲ့ ဘုရားကျောင်းတွေကို ဖျက်သိမ်းခဲ့ကြောင်း၊ ဝပြည်နယ် ပြဌာန်းဥပဒေကို ကျော်လွန်တဲ့ အစွန်းရောက်တဲ့ မည်သည့် ဘာသာကိုမှ လက်မခံကြောင်း ဖြေဆိုထားပါတယ်။