သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝပြည်နယ်ဖွဲ့စည်းပုံ တပ်မတော်လက်မခံ


ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား သတင်းဓာတ်ပုံ။ (ဓာတ်ပုံ - ချယ်ရီမြေ-ရှမ်းမြောက်)
ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား သတင်းဓာတ်ပုံ။ (ဓာတ်ပုံ - ချယ်ရီမြေ-ရှမ်းမြောက်)

[Zawgyi/Unicode]

ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်စမ်းသပ်ကျင့်သုံးနေတဲ့အပေါ် တပ်မတော်နဲ့ အခြားတိုင်းရင်းသားခေါင်းဆောင်တွေရဲ့အမြင်ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

အစိုးရရဲ့ အုပ်ချုပ်မှုကနေ သီးခြားကင်းလွတ်နေတဲ့ ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ထိန်းချုပ်ရာဒေသကို UWSA က ဝပြည်နယ်အဖြစ် သတ်မှတ်သုံးစွဲနေသလို ဒီရက်ပိုင်းတွေအတွင်းမှာတော့ ဝပြည်နယ် အခြေခံဥပဒေကိုလည်း စမ်းသပ်ကျင့်သုံးနေတာပါ။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှုးချုပ် ဇော်မင်းထွန်းကတော့ ဒီလို ကျင့်သုံးနေတာဟာ တရားဝင်မှု မရှိကြောင်း တပ်မတော်ရဲ့ ရပ်တည်ချက်ကို ဒီလ ၂၅ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော် အနှစ်ချုပ် ပြောလိုတာကတော့ ဒီဟာသည် လက်ရှိ ကျနော်တို့ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသော်လည်းကောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲမှု မပြိုကွဲရေးမူအရသော်လည်းကောင်း တရားမဝင်ပါဘူးလို့ဘဲ ကျနော် ပြောကြားလိုပါတယ်။”

UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းကတော့ ဝပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကျင့်သုံးနေမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဝပြည်နယ်က ကျနော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်းက ခိုင်ခိုင်မာမာ ရှိနေပြီးသားဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ကျနော်တို့လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖြစ်နေတဲ့အခါကျတော့ ဒါတွေကတော့ မလွဲမရှောင်သာဘူးလေ။ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ရှိသင့်ရှိထိုက်တယ်လို့လည်း မြင်ပါတယ်။ တရားဝင်တယ်၊ တရားမဝင်ဘူးဆိုတာ လူတွေက လူတွေပဲ သတ်မှတ်တာပါ။ ကျနော့ပုဂ္ဂိုလ်ရေးအရပေါ့။ ကျနော် အဲလိုမျိုးပဲ ထင်မြင်ယူဆပါတယ်။”

၀ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၀ ခုနှစ်လောက်တည်းက စတင်စမ်းသပ်ကျင့်သုံးခဲ့ကြောင်း၊ လိုအပ်ချက်တွေကို ထပ်မံပြင်ဆင်ဖြည့်စွက်ပြီး ၂၀၁၉ မှာ ထပ်မံ စမ်းသပ်ကျင့်သုံးနေကြောင်း ပြောပါတယ်။

ဒီလို ကျင့်သုံးရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးညီရန်းက အခုလို ဆက်ပြောပါတယ်။

“ဒါတွေ လုပ်တယ်ဆိုတာကလည်း ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံကနေ ခွဲထွက်ချင်တဲ့ သဘောမျိုး အဲလိုလည်း မဟုတ်ပါဘူး။ ကျနော်တို့ ဒေသကို ကျနော်တို့ တည်ငြိမ်အေးချမ်းအောင်၊ အထောက်အကူပြုအောင် ဝိုင်းဝန်းပြီးမှ လုပ်ဆောင်တဲ့သဘောမျိုးပေါ့။ ဒါကတော့ ဘယ်လိုပဲပြောပြော နိုင်ငံတော်အတွက်လည်း တဘက်တလမ်းက အကျိုးရှိပါတယ်။ ကျနော်တို့ ဒေသ၊ ပြည်နယ် တည်ငြိမ်အေးချမ်းမှလည်း တစ်ဘက်တစ်လမ်း နိုင်ငံတော်ကို ကူညီတဲ့ အခြေအနေမျိုးရှိတာပေါ့နော်။ တည်ငြိမ်အေးချမ်းတဲ့ ဝပြည်နယ်အတွက် အကျိုးရှိစေမယ့် ဥစ္စာတွေကတော့ ကျနော်တို့က ငြိမ်းချမ်းတဲ့ သဘောမျိုးနဲ့ လုပ်ဆောင်သွားမှာပါ။”

မြို့နယ် ၆မြို့နယ် ပါဝင်တဲ့ ဝဒေသကို ၂၀၀၈ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားပေမဲ့ UWSA နဲ့ ဝနိုင်ငံရေးပါတီတွေက ဝပြည်နယ် ဖွဲ့စည်းရေးအတွက်တောင်းဆိုထားတာပါ။

ပအိုဝ်းအမျိူးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ NCA ၄နှစ်ပြည့်အခမ်းအနားမှာပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအပေါ် အခြေခံတယ်လို့ ယူဆကြောင်း အခုလို ပြောပါတယ်။

"ပြည်နယ်ဖွဲ့စည်းပုံအကြောင်း ဒီလိုမျိုးပွင့်ဟလာတာဟာ မနှစ်က ကျနော်တို့ ၄ နှစ်ပြည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိန့်ခွန်းမှာ ပြည်နယ်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းခွင့်ရှိတယ်ဆိုတဲ့ အကြောင်းတစ်ခု ပေါ်လာတဲ့ဗျ။ အဲဒီ ပေါ်လာတဲ့အပေါ်မှာ အခုလာမယ် ၂၁ ပင်လုံ ကွန်ဖရင့်မှာလည်း ဒီကိစ္စက နိုင်ငံရေးသဘောတူညီချက် ဖြစ်လာနိုင်တယ်။ အလားအလာရှိတယ်။ အဲလို နိုင်ငံရေး သဘောတူညီချက် ဖြစ်လာမယ်ဆိုရင် အခုလက်ရှိ ဖွဲ့စည်းပုံအရ သတ်မှတ်ထားတဲ့ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေက ဖွဲ့စည်းပုံရေးဆွဲခွင့် တရားဝင် လမ်းပွင့်ချင်ပွင့်လာနိုင်တယ်ခင်ဗျ။ အဲဒီလို ပွင့်လာမယ့် ဟာကို မျှော်တွေးပြီးတော့ ဝပြည်နယ်မှာလည်း စမ်းသပ်ကျင့်သုံးပါတယ်ဆိုတဲ့ နိုင်ငံရေး မိုးလေဝသကို ကြည့်ပြီးတော့ ဖွင့်ပြောလာသလားလို့ ကျနော်က အဲလို စဉ်းစားမိတယ်။”

NCA အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၂၀၁၈ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာတည်းက တင်ပြထားကြောင်းနဲ့ PNLO အနေနဲ့ လည်းအခါ အခွင့် သင့်ချိန်မှာ သတ်မှတ်ချက်နဲ့အညီ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်တွေ ဖွဲ့စည်းဖို့ကိုလည်း တောင်းဆိုထားကြောင်း ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ သူတို့ရဲ့ ပြည်နယ်ဖွဲ့စည်းပုံတွေကို ၂၀၀၀ ခုနှစ်လောက်ကတည်းက ရေးဆွဲခဲ့ကြပြီး လာမယ့် ၂၁ ရာစုပင်လုံမှာ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲဖို့ ဆုံးဖြတ်ချက် ကျရင် အရင်ရေးဆွဲပြီးသားဖွဲ့စည်းပုံကို လူထုဆီမှာ တင်ပြပြီး ပြင်ဆင် ဖြည့်စွက် ရေးဆိုကြဖို့ ပြင်ဆင်တာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG