သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း

ဗင်နီဇွဲလားနယ်စပ် ပြင်ပအကူအညီတွေ မ၀င်နိုင်အောင် စစ်တပ်ပိတ်ပင်


ဗင်နီဇွဲလားနယ်စပ် ပြင်ပအကူအညီတွေ မ၀င်နိုင်အောင် စစ်တပ်ပိတ်ပင်

ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်နဲ့ ပြည်ပနိုင်ငံတွေက လူသားချင်းစာနာမှု အကူအညီ တင်ပို့မှုတွေကို တားမြစ်ဖို့ အဓိက နယ်စပ်တခုကို စစ်သားတွေက ပိတ်ဆို့တားမြစ်လိုက်ပါတယ်။

ဗင်နီဇွဲလားနဲ့ ကိုလံဘီယာနိုင်ငံကြား နယ်စပ်တံတား အလယ်မှာ ကြီးမားတဲ့ လိမ္မော်ရောင် ရေတင်ကားတစင်းနဲ့ အပြာရောင် ကုန်သေတ္တာကြီး ၂ လုံးကိုချပြီး ပိတ်ဆို့ထားလိုက်သလို၊ ကင်းလှည့်စောင့်ကြပ်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း နယ်စပ်ဖြတ်ကူးဖို့ ကြိုးပမ်းသူတွေကို လှည့်ပြန်ခိုင်းနေပါတယ်။

အစားအစာနဲ့ ဆေးဝါး အပါအ၀င် ဗင်နီဇွဲလား နိုင်ငံကို ဒေါ်လာသန်း ၂၀ အကူအညီပေးဖို့ အမေရိကန်က ကတိပြုထားတာပါ။ ဒါပေမဲ့လည်း ဗင်နီဇွဲလားနိုင်ငံဟာ သူတောင်းစားတိုင်းပြည် မဟုတ်သလို အကူအညီတွေကို လက်ခံလိုက်ရင် အမေရိကန်က ကျုးကျော်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်လိမ့်မယ်ဆိုပြီး သမ္မတ Nicolas Maduro က အကူအညီတွေ မယူဖို့ ပယ်ချထားပါတယ်။

ရေနံကရတဲ့ ၀င်ငွေအပေါ် အဓိကအားထားနေရဲ့ ဗင်နီဇွဲလားနိုင်ငံ စီးပွားရေးဟာ ကမ္ဘာတ၀န်း လောင်စာဆီဈေး ကျဆင်းမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ဆိုရှယ်လစ်မူဝါဒတွေကြောင့် ကျဆင်းမှုတွေနဲ့ ကြုံနေရတာပါ။ အစားအစာ၊ လောင်စာဆီနဲ့ အခြေခံလူသုံးကုန်တွေ ရှားပါးနေပြီး၊ ထိန်းမနိုင်သိမ်းမရ ငွေကြေးဖောင်းပွမှု ပြဿနာ ကြုံနေရတဲ့အတွက် သန်းနဲ့ချီတဲ့ ဗင်နီဇွဲလား နိုင်ငံသားတွေဟာလည်း အိမ်နီးချင်း ကိုလံဘီယာနိုင်ငံကို ထွက်ခွာနေကြပါတယ်။

သမ္မတ Maduro အစိုးရနဲ့ ယာယီသမ္မတအဖြစ် ကြေညာထားတဲ့ အတိုက်အခံခေါင်းဆောင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Juan Guaido တို့ကြား နိုင်ငံရေးအရ ပြေလည်မှု မရနိုင်ဘဲ ဖြစ်နေချိန်မှာပဲ လူသားချင်းစာနာမှု အကူအညီတွေကို တားမြစ်လိုက်တာလည်း ဖြစ်ပါတယ်။ အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတော်တော်များများ အပါအ၀င် နိုင်ငံပေါင်း ၄၀ ကျော်ကတော့ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်တာကြောင့် သမ္မတဖြစ်ခွင့်ရှိကြောင်း ကြေညာထားတဲ့ အတိုက်အခံခေါင်းဆောင်ကို ထောက်ခံမှုပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG