သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်အပေါ် Trump အခိုင်အမာထောက်ခံ


ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် Juan Guaido
ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် Juan Guaido

ဗင်နီဇွဲလားနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် သူ့ရဲ့ ခိုင်မာတဲ့ ထောက်ခံမှုကို ပြတဲ့အနေနဲ့ အမေရိကန် သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် Juan Guaido နဲ့ တယ်လီဖုံးဆက်သွယ် ပြောကြားခဲ့တယ်လို့ သမ္မတ အိမ်ဖြူက ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ အတိုက်အခံခေါင်းဆောင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာခဲ့ပြီးနောက်ပိုင်း အမေရိကန်ရဲ့ ထောက်ခံမှုကို ရပေမယ့် နိုင်ငံကြီးတချို့ရဲ့ ကန့်ကွက်မှုနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ နောက်ဆုံး အခြေနေတွေကို ဒေါ်ခင်မျိုးသက်က စုစည်း တင်ပြပေးမှာပါ။

ဗင်နီဇွဲလားနိုင်ငံမှာ ယာယီသမ္မတအဖြစ် အတိုက်အခံခေါင်းဆောင် Juan Guaido က ကြေညာခဲ့တဲ့နောက်မှာ အမေရိကန်သမ္မတက သူ့ကို ထောက်ခံကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ အတိုက်အခံခေါင်းဆောင် Guaido နဲ့ သမ္မတ Trump တို့ တယ်လီဖုံးဆက်သွယ် ပြောကြားခဲ့တယ်လို့ သမ္မတအိမ်ဖြူက ထုတ်ပြန်ပါတယ်။

သမ္မတ Nicolas Maduro က ဗင်နီဇွဲလား နိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ အတိုက်အခံဘက်က ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းလိုတဲ့ ဆန္ဒရှိနေတယ် လို့ Juan Guaido ကို ထောက်ခံတဲ့ သမ္မတ Trump က တွစ်တာမှာ ရေးခဲ့ပြီးတဲ့ နောက်မှာ အခုလို တယ်လီဖုံးဆက် ပြောကြားတယ် ဆိုတဲ့ သတင်းထွက်လာတာပါ။

တချိန်ထဲမှာပဲ သမ္မတ Trump က နောက်ထပ် တစုံတရာ ထပ်မကြေညာ မချင်း ဗင်နီဇွဲလား နိုင်ငံကို အမေရိကန်နိုင်ငံသားတွေ ခရီးမသွားဖို့ သတိပေးထားတာပါ။

သမ္မတရဲ့ နိုင်ငံတော် လုံခြုံရေးအကြံပေး John Bolton ကလည်း ဗင်နီဇွဲလားနိုင်ငံနဲ့ ရွှေ၊ ရေနံနဲ့ တခြား ဗင်နီဇွဲလား လူသုံးကုန်တွေ ဆိုင်ရာ စီးပွါးရေး လုပ်မယ်ဆိုရင် ဒါတွေကို ဗင်နီဇွဲလား ပြည်သူတွေ လက်ထဲကနေ မာဖီယားလို ဖြစ်နေတဲ့ သမ္မတ Maduro က ခိုးယူထားတာ တွေ ဖြစ်တဲ့အတွက် သတိထားကြဖို့ပြောပါတယ်။ သမ္မတ Maduro ကတော့ သမ္မတရာထူးကနေ နှုတ်ထွက်ပေးဖို့ ငြင်းဆိုနေတာပါ။

ဒါပေမယ့် သူဟာ ဗင်နီဇွဲလားနိုင်ငံ ကောင်းစားရေးအတွက် အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိသလို ရွေးကောက်ပွဲကိုလည်း စောစောကျင်းပ ပေးမယ်လို့ ပြောပါတယ်။ ရုရှား သတင်းဌာန RIA နဲ့ ဗုဒ္ဓဟူးနေ့ မေးမြန်းခန်းမှာ Madirp က အခုလို ပြောခဲ့ပေမယ့် ရွေးကောက်ပွဲကိုတော့ ၂၀၂၅ ကျမှ ကျင်းပပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

အတိုက်အခံဘက်က ထိန်းချုပ်ထားတဲ့ ဗင်နီဇွဲလားလွှတ်တော်က Maduro ရဲ့ သမ္မတအဖြစ်ရှိနေမှုကို တရားမဝင်ကြောင်း ကြေညာခဲ့ပြီးတဲ့ နောက်မှာ အတိုက်အခံ ခေါင်းဆောင် Guaido က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သူ့ကိုယ်သူ ယာယီ သမ္မတအဖြစ် ကြေညာခဲ့တာပါ။

"တကယ်လို့ ကျနော် ဒီကနေ့ တခုခု ဖြစ်သွားမယ် ဆိုရင် လူထုက ဘာလုပ်ရမယ် ဆိုတာကို သိကြပါတယ်။ မနက်ဖန်မှာ ဆန္ဒပြဖို့ ရှိသလို စနေနေ့မှာလည်း ဆန္ဒပြဖို့ ရှိပါတယ်။ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တာဝန်ဝတ္တရားတွေကို ဘယ်လိုထမ်းရွက်ရမယ်ဆိုတဲ့ လမ်းကြောင်းကို လွှတ်တော်ကရှင်းရှင်းလင်းလင်း ချပြထားပါတယ်။ အဲဒါကတော့ အာဏာကို မတရားဆုပ်ကိုင်ထားတာ အဆုံးသတ်ဖို့၊ အစိုးရအကူးအပြောင်းလုပ်ဖို့နဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ပါ။ ဗင်နီဇွဲလားနိုင်ငံမှာ ဒီလမ်းကြောင်းကို လုံးဝပြောင်းပစ်လို့မရဘူးဆိုတဲ့အချက်ကို အားလုံးကပြနေပါတယ်။

အမေရိကန်အစိုးရက ဗင်နီဇွဲလား အစိုးရပိုင် PDVSA ကုမ္ပဏီကို အရေးယူဒဏ်ခတ်ခဲ့တဲ့ နောက်ပိုင်းမှာ အတိုက်အခံ ခေါင်းဆောင် Guaido က သူ့ကိုယ်သူ ယာယီသမ္မတ အဖြစ်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဗင်နီဇွဲလား အစိုးရရှေ့နေချုပ် Tarek William Saab က Maduro ရဲ့ ဆိုရှယ်လစ်အစိုးရအပေါ် ဆန့်ကျင်တဲ့ Guaido ရဲ့ လုပ်ရပ်တွေအတွက် စုံစမ်းထောက်လှန်းမှုတွေ စတင်လိုက်ပြီးတဲ့နောက် Guaido ငွေကြေး ဆိုင်ရာ အကောင့်တွေကို ထိန်းချုပ်ဖို့ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် Guaido ကို နိုင်ငံတွင်းက ထွက်ခွါခွင့်ပါ ပိတ်ပင်ဖို့ တရားရုံးကို လျှောက်ထားခဲ့တာပါ။

ဒီလုပ်ရပ်တွေအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ ပြောပြီး အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး John Bolton က ရှေ့နေချုပ် Saab ကို သတိပေးခဲ့ပါတယ်။

အတိုက်အခံ ခေါင်းဆောင် Guaido ကလည်း Maduro ရဲ့ အုပ်ချုပ်မှုအောက်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို လမ်းမတွေပေါ်ထွက် ဆန္ဒပြကြဖို့ ဆော်သြခဲ့ပါတယ်။

“ကျနော့်ကို ထောင်ချမယ်လို့ ခြိမ်းခြောက်မှုကို ကျနော် လျှော့မတွက်ထားသလို ကံမကောင်းပဲ ရလာတဲ့ ဒီအာဏာရှင်ဟာ ဗင်နီဇွဲလား ပြည်သူ တွေအတွက် ဘာမှ ဆောင်ရွက်ပေးတာ မရှိပါဘူး။ နှိပ်စက်မှုတွေ ဖိနှိပ်မှုတွေပဲ လုပ်နေတာ ဖြစ်ပါတယ်”

သမ္မတ Maduro အာဏာရလာတဲ့ ၆ နှစ်တာ ကာလအတွင်း ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွါးရေး ဆိုးဝါးလာသလို ပြည်သူ ၃ သန်းကျော်ဟာ စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါး မရှိတာတွေကြောင့် နိုင်ငံကိုစွန့်ခွါ ထွက်ပြေးခဲ့ကြတာပါ။

သမ္မတ Maduro ရဲ့ ဆိုရှယ်လစ် အစိုးရကို လက်မခံပဲ ပြည်သူတွေဘက်က ရပ်တည်မယ် ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ ဖြစ်ကြောင်း အတိုက်အခံ ခေါင်းဆောင်က Guaido က စစ်တပ်ကို ကမ်းလှမ်းလိုက်ပြီး ဗင်နီဇွဲလား ပြည်သူတွေလည်း စစ်တပ်ကို ပြည်သူတွေဘက်က ရပ်တည်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဗုဒ္ဓဟူးနေ့မှာ ၂ နာရီကြာ ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ ပန်ကြားထားတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုက Guaido ကို ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီခေါင်းဆောင် အဖြစ် အသိအမှတ်ပြုထားပါတယ်။

ဗင်နီဇွဲလား နိုင်ငံမှာ နိုင်ငံရေးအခြေနေ တင်းမာမှုတွေ ရှိနေတာမို့ အမေရိကန်နိုင်ငံခြားရေး ဌာနက အမေရိကန်နိုင်ငံသားတွေ ဗင်နီဇွဲလား နိုင်ငံကို ခရီးသွား သတိပေးချက်တွေ အင်္ဂါနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG