သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗစ်တိုးရီးယားအမှု ပြင်ဆင်မှု တင်သွင်းချက် တိုင်းဥပဒေချုပ်ရုံး ပယ်ချ


(သတင်းဓာတ်ပုံ - Justice for Victoria ဖေ့ဘွတ်)
(သတင်းဓာတ်ပုံ - Justice for Victoria ဖေ့ဘွတ်)

(Zawgyi/Unicode)

ဗစ်တိုးရီးယားလို့ ထင်ရှားတဲ့ ကလေးငယ်လေးရဲ့အမှုမှာ သံသယတရားခံအဖြစ် စွပ်စွဲခံခဲ့ရတဲ့ ကိုအောင်ကြီးကို တရားရှင်လွှတ်ပေးလိုက်တဲ့အပေါ် ပြင်ဆင်မှုတင်ပေးဖို့ ခရိုင်ဥပဒေရုံးနဲ့ မှုခင်းတပ်ဖွဲ့မှူးရုံးတို့က တင်ပြထားတာကို မန္တလေးတိုင်း ဒေသကြီး ဥပဒေချုပ်ရုံးက ပယ်ချလိုက်ပါတယ်။ ဒါကြောင့် ကိုအောင်ကြီးကို ပြန်လွှတ်ပေးလိုက်တာက ခိုင်မာသွားပြီ ဖြစ်ပေမဲ့ တကယ်ကျူးလွန်တဲ့ တရားခံကတော့ အခုချိန်ထိ လွတ်မြောက်နေဆဲပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

နေပြည်တော် Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းက သုံးနှစ်အရွယ် မိန်းကလေး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာနဲ့ ပတ်သက်ပြီး သံသယတရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးကို နေပြည်တော်ဒက္ခိဏခရိုင် တရားရုံးက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က တရားရှင်လွှတ်ပေးခဲ့တာပါ။

ကိုအောင်ကြီးရဲ့ ဒီလို တရားရှင်လွတ်မြောက်မှု နဲ့ ပတ်သက်ပြီး ရက်ပေါင်း ၆၀ အတွင်း တိုင်းတရားရုံးအထိ အမှုပြင်ဆင်ခွင့် တင်သွင်း ခွင့်ရှိတာကြောင့် ဒက္ခိဏခရိုင် ဥပဒေရုံးနဲ့ အမှတ်(၁) မှုခင်းတပ်ဖွဲ့မှူးရုံး (နေပြည်တော်) တို့က ဒီအမှုအပေါ် ပြင်ဆင်မှု တက်ရောက် ပေးဖို့ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးကို တင်ပြခဲ့ပါတယ်။

ဒါပေမဲ့ တင်သွင်းဖို့ မသင့်ဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ဥပဒေအရာရှိ ဦးတင်မြင့်ဦးက ဒီကနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဒက္ခိဏခရိုင်ဥပဒေရုံးက ဒီအမှုကို ပြင်ဆင်မှု တက်ရောက်ပေးဖို့ တင်ပြတာရှိသလို၊ အမှတ်(၁) မှုခင်း တပ်ဖွဲ့မှူးရုံး (နေပြည်တော်) ကလည်း ပြင်ဆင်မှုတက်ပေးဖို့ရာ တင်ပြထားကြောင်း တွေ့ရှိရပါတယ်။ ကျတော်တို့ မန္တလေး တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အနေနဲ့ အမှုတွဲရဲ့ အမှုစစ်ဆေးပေါ်ပေါက်ချက်အရ တရားရုံးအမိန့်ဟာ ဥပဒေအရ မှန်ကန်သင့်မြတ်ကြောင်း သုံးသပ်ရရှိတဲ့အတွက် ပြင်ဆင်မှုတင်သွင်းရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျာ။”

ကိုအောင်ကြီးကို တရားရှင်လွှတ်ပေးလိုက်တာ နှစ်လပြည့်တဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁၈ရက်မှာ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ဥပဒေအရာရှိနဲ့ ရုံးအဖွဲ့မှူး တို့က ကိုအောင်ကြီး အမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ ကို တွေ့ဆုံပြီး မေးခွန်းတွေကို ဖြေဆိုခဲ့ကြတာပါ။

တိုင်းဥပဒေချုပ်ရုံးကနေ အခုလို ဆုံးဖြတ်လိုက်တာကြောင့် ကိုအောင်ကြီး တရားရှင်လွတ်မြောက်မှုဟာ ခိုင်မာသွားပြီလို့ ကိုအောင်ကြီးဘက်က လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

“သာမန်အားဖြင့်ကတော့ ဒီဟာက ကာလစည်းကမ်းသတ် ကျော်သွားပြီပေါ့ဗျာ။ နောက်တခါ တိုင်းဥပဒေချုပ်ရုံး ကလည်းပဲ ဒါဆက်ပြီးတော့ တက်ဖို့ မသင့်ဘူးလို့ ပြောလိုက်တယ် ဆိုတော့။ ဒါ ကိုအောင်ကြီးကို တရားရှင်လွှတ်တဲ့ကိစ္စက ခိုင်သွားပြီလို့ ပြောနိုင်တာပေါ့ဗျာ။ အထူးပေါ့ဗျာ၊ အခွင့်ထူး အကြောင်းအရာ မရှိရင်ပေါ့ဗျာ၊ ကိုအောင်ကြီးက ဒီကိစ္စမှာ အပြီးအပြတ် လွတ်တယ်လို့ သတ်မှတ်နိုင်ပြီပေါ့ဗျာ။”

တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီး ချုပ်ရက်နဲ့ခြောက်လကျော်ကြာ ဒီအမှုကို ရင်ဆိုင်ပြီး တရားရှင် လွတ်မြောက်ခဲ့တာ နှစ်လပြည့်ခဲ့ပြီ ဖြစ်ပေမယ့် ဗစ်တိုးရီးယားအမှုရဲ့ တရားခံအစစ်အမှန်ကတော့ ပေါ်ပေါက်ခြင်း မရှိသေးပါဘူး။

သံသယတရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးကို တရားရုံးက တရားရှင်လွှတ်ပေးခဲ့တဲ့ နောက်တ နေ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလေးငယ် ဗစ်တိုးရီးယားရဲ့ အမည်ရင်းနဲ့ မိသားစု အချက်အလက် တွေကို ထည့်သွင်းပြောဆို ဖော်ပြခဲ့တာကြောင့် သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ခဲ့တဲ့ မှုခင်းရဲတပ်ဖွဲ့အရာရှိ သုံးဦးကို ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်အတွက် တာဝန်ခံဖို့အပါအဝင် အမှုမှန်ပေါ်ပေါက်ရေး အတွက် တရားစွဲနိုင်ဖို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) ကလည်း နိုင်ငံတော်သမ္မတထံ လျှောက်ထား ခဲ့တာပါ။ ဒါပေမဲ့ တလကျော် ကြာတဲ့ အထိ ထူးခြားမှု မရှိသေးတာကြောင့် ဒီအမှုနဲ့ ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ဖို့နဲ့ ဗစ်တိုးရီးယားလို့ အများက သတ်မှတ်ထားတဲ့ ကလေးငယ်အတွက် တရားမျှတမှုရှိရေးကို ပြည်သူအများက လိုလားနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG