သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်တမ်းတနှစ်ကြာ ဗီယက်နမ်သမ္မတ  ရာထူးကနုတ်ထွက်


သမ္မတသက်တမ်း တနှစ်နဲ့ ရာထူးကနုတ်ထွက်ကြောင်း ကြေညာခံရတဲ့ ဗီယက်နမ်သမ္မတ Vo Van Thuong
သမ္မတသက်တမ်း တနှစ်နဲ့ ရာထူးကနုတ်ထွက်ကြောင်း ကြေညာခံရတဲ့ ဗီယက်နမ်သမ္မတ Vo Van Thuong

ဗီယက်နမ်နိုင်ငံမှာ လက်ရှိသမ္မတ ဗိုဗန်သွန်း (Vo Van Thuong) ရာထူးက နုတ်ထွက်ကြောင်းကြေညာချက်ကို အာဏာရကွန်မြူနစ်ပါတီက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ Vo Van Thuong ဟာ သူကိုယ်တိုင်နဲ့ ပါတီရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့ စည်းမျဉ်းတွေကိုချိုးဖောက်ရာရောက်တဲ့ “ချို့ယွင်းချက်” တွေကိုကျူးလွန်ခဲ့တယ်လို့ ကွန်မြူနစ်ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Vo Van Thuong ဟာ ၂ နှစ်အတွင်း ရာထူးကနုတ်ထွက်ရတဲ့ ဒုတိယမြောက်သမ္မတဖြစ်ပြီး ဗီယက်နမ်မှာ နိုင်ငံရေးတည်ငြိမ်မှုအတွက် စိုးရိမ်စရာလက္ခဏာတရပ် ဖြစ်လာတယ်လို့ လေ့လာသူတွေက ရှုမြင်လာကြပါတယ်။ ဗီယက်နမ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နိုင်ငံရေးတည်ငြိမ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုခံရပြီး ကမ္ဘာ့အရေးတွေမှာလည်း အမေရိကန်နဲ့တရုတ်အားပြိုင်မှုမှာ အလယ်ကနေ အဓိကအခန်းကဏ္ဍမှာပါဝင်နေကာ ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုပ်မှုမှာလည်း ကြီးထွားလာနေတဲ့ နိုင်ငံတခုဖြစ်ပါတယ်။

အသက် ၅၃ နှစ်အရွယ် Thuong ဟာ ပါတီစည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်တယ်လို့ စွပ်စွဲခံရပြီး ဘယ်လို အမှားလုပ်ခဲ့သလဲဆိုတာတော့ ကွန်မြူနစ်ပါတီရဲ့ထုတ်ပြန်ချက်ထဲမှာ အတိအကျ ရှင်းလင်းမထားပါဘူး။ Thuong ရာထူးက မနုတ်ထွက်ခင် ရက်ပိုင်းအလိုကတည်းက သူ့ရာထူးက နုတ်ထွက်မယ့်အကြောင်း သတင်းတွေထွက်ခဲ့တာပါ။ လွန်ခဲ့တဲ့ဆယ်စုနှစ်က ဗီယက်နမ်အလယ်ပိုင်း Quang Ngai ပြည်နယ်မှာ သူ ပါတီအကြီးအကဲလုပ်နေစဥ်ကာလက အဲဒီပြည်နယ်မှာ အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူကိုလည်း အကျင့်ပျက်ခြစားမှုစွပ်စွဲချက်နဲ့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ဖမ်းဆီးခဲ့ပါတယ်။

Thuong ဟာ မနှစ် မတ်လက ရာထူးကနုတ်ထွက်ခဲ့ရတဲ့ သမ္မတငုယင်ဆွမ်ဖူ (Nguyen Xuan Phu) ရဲ့နေရာ ဆက်ခံခဲ့သူဖြစ်ပါတယ်။ သူဟာ ၁၉၇၀ ဗီယက်နမ်စစ်ပွဲအပြီး ပေါ်ထွန်းလာတဲ့ ခေတ်သစ် ဗီယက်နမ်နိုင်ငံမှာ အသက်အငယ်ဆုံးနဲ့ သမ္မတဖြစ်လာသူ ဖြစ်ပါတယ်။

သမ္မတနုတ်ထွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗီယက်နမ်လွှတ်တော်မှာ လာမယ့် ကြာသပတေးနေ့ကျရင် အစည်းအဝေးပြုလုပ်မှာဖြစ်ပြီး ပါတီက နောက်ထပ် ကိုယ်စားလှယ်လောင်းကို မဆုံးဖြတ်မချင်း ယာယီသမ္မတတဦးခန့်အပ်မယ်လို့ မျှော်လင့်ရပါတယ်။ ဖြစ်နိုင်ခြေအရှိဆုံးကတော့ မနှစ်က ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ သမ္မတဟောင်း ငုယင်ဆွမ်ဖုနေရာမှာ ယာယီတာဝန်ယူခဲ့တဲ့ ဒုသမ္မတ ဗိုသီအန်းရွှမ် (Vo Thi Anh Xuan) ဖြစ်ပါတယ်။

သမ္မတရာထူးဟာ ဗီယက်နမ်မှာ အထိမ်းအမှတ်သဘောသာဖြစ်ပြီး အာဏာစဥ်အရတော့ ဗီယက်နမ်မှာ နံပတ် (၁) အာဏာအကြီးဆုံးက ပါတီအထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန် (Nguyen Phu Trong) ဖြစ်ပါတယ်။ ငုယင်ဖူထရွန် “မီးဖိုကြီး တခုသဖွယ် တောက်လောင်တတ်သူ” လို့ နာမည်ကြီးပြီး အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ ဒီလို အဂတိ တိုက်ဖျက်ရေး တွန်းလုပ်ဆောင်နေလို့ မကြာသေးမီနှစ်များအတွင်း ထောင်နဲ့ချီတဲ့ အစိုးရအရာရှိတွေနဲ့ စီးပွားရေးထိပ်သီးတွေ ဖမ်းဆီးခံခဲ့ရပါတယ်။

အိမ်ခြံမြေသူဌေးကြီး Truong My Lan လည်း ၂၀၁၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဆိုင်ဂုံအခြေစိုက် ဘဏ်တခုကနေ ဒေါ်လာ ၁၂.၅ ဘီလီယံ အလွဲသုံးစားလုပ်မှုနဲ့ ဟိုချီမင်းမြိုမှာ ရုံးတင်စစ်ဆေးခံနေရပါတယ်။ ဘဏ်ရဲ့ အစုရှယ်ယာအများစုကို ထိန်းချုပ်ထားတဲ့ Lan ဟာ ချေးငွေအတုတွေ စီစဉ်ပေးတဲ့ နည်းနဲ့ ငွေကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

Lan ရဲ့ ခင်ပွန်းဖြစ်သူ ချမ်းသာတဲ့ ဟောင်ကောင်စီးပွားရေးသမားနဲ့ ဘဏ်အမှုဆောင်ဟောင်းတွေ၊ အစိုးရအရာရှိဟောင်းတွေအပါအဝင် လူ ၈၅ ဦးကိုလည်း အဲဒီအမှုနဲ့ဆက်စပ်ပြီး တရားစွဲဆိုခံနေရပါတယ်။ တရားခွင်မှာ အစိုးရအရာရှိဟောင်းတဦးဟာ လာဘ်ငွေ ဒေါ်လာ ၅.၂ သန်း ရယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG