သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးတိုင်းမှာ စစ်ကောင်စီ စစ်ဆင်ရေးကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်


မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကံမရွာမီးလောင်ကျွမ်းနေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကံမရွာမီးလောင်ကျွမ်းနေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးဆိုပြီး ကျေးရွာတွေကို စစ်ကြောင်း လှည့်ရင်း နှစ်ရက်ဆက်တိုက် မီးရှို့ခံတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ နယ်မြေရှင်းလင်း ရေးအတွင်း အနည်းဆုံး ကျေးရွာ ၁၀ ရွာက သောင်းနဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင် နေရပါတယ်။ ပေါက်မြို့နယ်ထဲကအခြေအနေ ရန်ကုန်သတင်းပေးပို့တာကိုအခြေခံပြီး တင်ပြထားပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်ထဲက အင်အား ၁၅၀ ပါတဲ့ စစ်ကောင်စီ စစ်တပ် စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၃ ရက်မှာ ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်နေတာပါ။

စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးအတွင်း ကျောက်လုံးရွာနဲ့ သနပ္ပင်ဇင်းကျေးရွာတို့ကို ၂ ရက် ဆက်တိုက် မီးရှို့သွားတယ်လို့ စစ်ကောင်စီကို လပ်နက်ကိုင်တိုက်နေတဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တာ မရှိပေမယ့် စစ်ရေး တင်းမာနေတဲ့ အနေအထားလို့ ပေါက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ကိုစစ်က အခုလို ပြောပါတယ်။

"ကျောက်လုံးရွာကို မီးရှို့တယ်။ သနပ္ပင်ဇင်းရွာကို မီးရှို့တယ်။ ကျောက်လုံးက ဖေဖော်ဝါရီ ၃ ရက်က မီးရှို့တာ။ ၄ ရက်နေ့က ရှို့တာ သနပ္ပဇင်းရွာခင်ဗျ။ အိမ်ခြေ ဘယ်လောက်ပါသွားတယ်ဆိုတာတော့ မသိရသေးဘူး။ စစ်ရှောင် နေရပ်စွန့်သွားတဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေကို သယ်ယူတာတွေ လုပ်နေ ကြတယ်။ အခုလက်ရှိ စစ်ကြောင်းကတော့ တပ်ဖြန့်ထားတယ်ခင်ဗျ။ ဘုရားတောင်ရောက်နေတယ်။ ရေပြာ ရဲစခန်းမှာရှိတယ်။ ကုက္ကိုစု ပြည်သူ့စစ်ရွာနဲ့ ရေပြာ ရဲစခန်းကြားတွေထဲက ရွာတွေပေါ့ ဇီးတော မကျီးစင် အဲ့လိုရွာတွေမှာ တပ်ဖြန့်ထားတာမျိုးတွေရှိတယ်။ စစ်ရေးကတော့ တင်းမာနေတယ်။ တိုက်ပွဲဖြစ်တာတော့ ဟိုလိုကြီး မရှိဘူး။"

လက်ရှိ ပေါက်မြို့နယ်ထဲကို နယ်မြေရှင်းလင်းနေတဲ့ စစ်တပ်ဟာ တပ်မ ၁၀၁ လက်အောက်ခံတပ်တွေ ဖြစ်ပြီး ပခုက္ကူ၊ မြိုင်၊ ပေါက်မြို့နယ်တွေကို မကြာခဏဝင်ပြီး နယ်မြေရှင်းလင်းနေတဲ့ တပ်တွေဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

ပေါက်မြို့နယ်ထဲက ကျေးရွာ ၁၀ ရွာထက်မနည်း လူဦးရေတသောင်းနီးပါးလောက် ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

"ဘုရားတောင်ရွာ၊ ဇီးတောရွာ အဲ့ဒါပြီးတော့ ရေပြာဒေသခံတွေ၊ သမားတော် အဲ့နားက အကုန်လုံး ရှောင်ကြတာပေါ့။ ရင်မာကုန်း၊ သနပ္ပဇင်းတို့ အကုန်ရှောင်နေရတာပေါ့။ လူဦးရေက အဲ့နားက ရွာတွေက ရွာကြီးတွေပဲဗျ။ ရွာတွက်ကြည့်ရင် ၁၀ ရွာ ၁၂ ရွာလောက်က အနည်းဆုံးပြေးရမှာပဲ။ ၁၂ ရွာ ၁၃ ရွာလောက်ဆိုတော့ လူဦးရေက တရွာကို လူဦးရေတထောင်ကျော်လောက်ဆိုတော့ လူဦးရေ သောင်းဂဏန်းတော့ ကပ်မှာနော်။ ဘာလို့လဲဆိုတော့ ရွာတွေကများတာကို၊ ရွာကြီးတွေပဲဆိုတော့။ ဒေသခံတွေက စားနပ်ရိက္ခာနဲ့ ခြုံဝတ်ခြံစား အဲ့ဒါတွေကတော့ အဓိကပေါ့။"

စစ်တပ်စစ်ကြောင်းနဲ့ ဝေးတဲ့ ကျေးရွာက ဒေသခံအချို့ နေရပ်ပြန်ကြပေမယ့် အများစုဟာ စစ်ကြောင်းနဲ့လွတ်ရာနေရာတွေမှာ တိမ်းရှောင်နေရပါတယ်။ ပေါက်မြို့နယ်ထဲမှာ စစ်တပ်က မကြာခဏဆိုသလို နယ်မြေရှင်းလင်းတာတွေ ရှိပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ မကြခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

ဒါ့အပြင် ပေါက်မြို့ပေါ်မှာရှိတဲ့ အစားအသောက် ဆေးဝါးနဲ့ အသုံးအဆောင်တွေကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိတဲ့ ကျေးရွာတွေဆီ သယ်ဆောင်တာ မလုပ်ဖို့ စစ်တပ်က တားဆီးပိတ်ပင် ထားပါတယ်။ ကျေးရွာတွေကနေ မြို့ပေါ် ဆေးကုသဖို့ သွားရောက်သူတချို့ စစ်ဆေးမေးမြန်း ဖမ်းဆီး ခံရတာတွေ ရှိတဲ့အထိ စစ်ကောင်စီတပ်တွေက တင်းကြပ်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေအတွက် ကျန်းမာရေး ကုသမှု မလုံလောက်တဲ့အပြင် အလုပ်အကိုင် ရှားပါးပြီး ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်တွေကို ခံစားနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG