သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VPN သုံးစွဲသူတွေ သတိထားဖွယ် IT ပညာရှင်ရဲ့ အကြံပြုချက်များ


မိုဘိုင်းလ်အသုံးပြုနေသူတဦးကို ရန်ကုန်မြို့မှာ တွေ့ရ။ (ဖေဖော်ဝါရီ ၀၄၊ ၂၀၂၁)
မိုဘိုင်းလ်အသုံးပြုနေသူတဦးကို ရန်ကုန်မြို့မှာ တွေ့ရ။ (ဖေဖော်ဝါရီ ၀၄၊ ၂၀၂၁)

[Zawgyi/Unicode]

စစ်အာဏာသိမ်းအစိုးရက ဒီရက်ပိုင်းဖြစ်ပေါ်နေတဲ့ လူမှုကွန်ရက်ပေါ်က အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို တားဆီးဖို့ Facebook ကိုပိတ်ထားပေမဲ့ VPN လို့ခေါ်တဲ့ ကျော်ကြည့်လို့ရတဲ့ software တွေ မြန်မာလူထုကြား ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။ ဒီလိုသုံးစွဲလာတာနဲ့အတူ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် လုံခြုံရေးအတွက်လည်း သတိထားဖို့လိုကြောင်း အိုင်တီ သတင်းအချက်အလက် လုံခြုံရေးပညာရှင် တက္ကသိုလ်နည်းပြ ဦးအောင်ဇော်မြင့်က ပြောပါတယ်။ VPN ကို မဖြစ်မနေ သုံးစွဲရမယ့်သူတွေ သိထားသင့်တဲ့ အကြောင်းအရာတွေကို ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က ဆက်သွယ် မေးမြန်းထားပါတယ်။ ပထမဦးဆုံးအနေနဲ့ VPN ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ အပိုင်းကို သူကရှင်းပြပါတယ်။

ဦးအောင်ဇော်မြင့်။ ။ VPN ဆိုတာက virtual private network ပေါ့၊ သူကဖြတ်သွားတဲ့ data ကို encrypt လုပ်ပေးတာပေါ့။ VPN အမျိုးအစားတွေကတော့ အများကြီးရှိတယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့် နိုင်ငံတကာမှာဆိုရင် banking တို့ government sector တွေမှာ သုံးတဲ့ VPN က data ရဲ့ security အတွက် အဓိကသုံးတာ။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံမှာက တော်တော်များများ ခုနက ညီလေးမေးခွန်းမှာပါတဲ့ဟာမျိုးကျတော့ လွယ်လွယ်ပြောရရင် IP ကို ပြောင်းတာ။ IP ကိုပြောင်းတယ်ဆိုတာက အရင်တုန်းက လူတွေက အင်တာနက်လို့ ပြောလိုက်ရင် web ပဲကြည့်တယ်။ အဲဒီတော့ web အတွက် browser သုံးတာပေါ့... IE တို့၊ Mozilla တို့၊ Chrome တို့၊ Opera တို့၊ အဲဒီလိုမျိုးသုံးတော့ ကျနော်တို့က website ပေါ်ကနေ ခေါ်ကြည့်တဲ့အခါမှာကျနော်တို့က သုံးတဲ့ IP ကို proxy ပေါ့ ကိုယ်စားလှယ်ပေါ့။ IP တခုခုနဲ့ကျော်ပြီး ကျနော်တု့ိက ထွက်တာ။ အဲဒီလိုနေရာမျိုးမှာ ကျနော်တို့က browser အတွက် proxy ဆိုပြီး ကျနော်တို့က အလွယ်ပြောကြတယ်။ ဒါပေမဲ့ ဒီခေတ်မှာ နည်းပညာတွေက တိုးတက်သွားတော့ ကွန်ပျူတာပဲဖြစ်ဖြစ် ဒီစမတ်ဖုန်းတွေမှာပဲဖြစ်ဖြစ် App တွေ သုံးရတာပေါ့။ နိုင်ငံတကာမှာလည်း ရှိတယ် ဒါကတော့လေ။ application တခုခုကို ပိတ်တာပေါ့။ Facebook ကို အခုပိတ်တယ်ပေါ့ သုံးခွင့်မရအောင်။ ကိုယ့် local IP က သုံးလို့မရအောင်ပေါ့။ အဲဒီအချိန်မှာ ဘာလုပ်ရလဲဆိုတော့ ဒါက မှော်အတတ်လည်း မဟုတ်ဘူး။ ပိတ်တယ်ဆိုတဲ့ နေရာပေါ့။ အဲဒါကို ဖြတ်တဲ့အခါမှာ သူက data packet က သူသွားချင်တဲ့ VPN IP address ကို ပြောလိုက်တယ်။ ကျနော်က အဲဒီကို သွားမယ်ပေါ့။ ပိတ်တဲ့အထဲမှာ Facebook ကို ကျော်လိုက်တာပေါ့။ Facebook ကို သွားတာ မဟုတ်တော့ဘူး။ ထွက်သွားတဲ့အခါမှာ သူက အဲဒီ IP address ပေါ့။ တချို့ဆို USA၊ တချို့ဆို UK ပေါ့၊ စင်္ကာပူ၊ အိန္ဒိယပေါ့ တခုခုကို ထွက်သွားတာ။ ပြန်လာတဲ့အခါမှာလည်း သူက ဒီ IP နဲ့လာတယ်။ ဆိုတော့ နည်းပညာ လောကကြီးမှာ ကျနော်တို့က တဘက်က ၁၀ နည်းသုံးရင် တဘက်က ၁၁ နည်းရှိမယ်၊ ၁၂ နည်းရှိမယ် အဲလိုမျိုးတွေပေါ့။ ဆိုတော့ ပြောချင်တာက လက်ရှိသုံးနေတဲ့ VPN တွေက IP address ကိုကျော်တဲ့ ပုံစံ အဲဒီလို အနေနဲ့ သုံးတာပါ။

ကိုဇော်ထက်။ ။ VPN ဘယ်နှမျိုးရှိလဲဆရာ။

ဦးအောင်ဇော်မြင့်။ ။ VPN သုံးတဲ့ app တွေထဲမှာ နှစ်မျိုးရှိတယ်။ တမျိုးကျတော့ ကျနော်တို့ရဲ့ data network တခုလုံးကိုသူက proxy လုပ်ပေးလိုက်တာ၊ တခြား site တခုခုကို သူကသွားမယ်။ တခြား IP တခုခုကို သွားမယ် ဆိုပြီးတော့။ ဆိုတော့ ဖုန်းထဲမှာရှိတဲ့ ကွန်ပျူတာထဲမှာရှိတဲ့ application အားလုံးက အဲဒီ proxy ကနေတဆင့် ဖြတ်တာပေါ့။ နောက်တမျိုးကျတော့ ဘာလဲဆိုတော့ သူက specifically selected application ပေါ့။ ဥပမာ အလွယ် ကျနော် ဥပမာပေးလိုက်ရင် VPN သုံးတဲ့ app တွေအများကြီးရှိတယ်။ ဥပမာ Hola လိုဟာမျိုးပေါ့။ Hola ဆိုရင် Facebook အတွက်ကျော်တာလား၊ Messenger အတွက် ကျော်တာလား၊ ဒါမှမဟုတ်ရင် Whatsapp အတွက်ကျော်တာလားပေါ့၊ တချို့နိုင်ငံတွေမှာ Whatsapp က ပိတ်ထားတာ။ တချို့နိုင်ငံတွေမှာ ပေးသုံးတယ်။ တချို့နိုင်ငံတွေမှာ Viber ကိုပိတ်တယ်ပေ့ါ။ တချို့က ပိတ်တယ်ပေါ့။ ဆိုတော့ သူကပိုကောင်းတယ်ပေါ့။ ပိုကောင်းတယ်ဆိုတာ ကိုပဲရွေးလိုက်တာ၊ ဥပမာ Facebook ဆိုရင် Facebook အတွက်ပဲ ရွေးလိုက်တာပေါ့။

ကိုဇော်ထက်။ ။ VPN သုံးပြီဆိုရင် ပုဂ္ဂိုလ်ရေးအချက်အလက်တွေအတွက် စိုးရိမ်စရာရှိတယ်လို့ သတိပေးတာတွေလည်း ကြားဖူးတယ်။ ဒီတော့ အချက်အလက်လုံခြုံအောင် ဘယ်လိုရွေးချယ်ရမလဲဆရာ။

ဦးအောင်ဇော်မြင့်။ ။ အခုဆိုရင် လူတွေအတော်များများ ၉၀ ရာခိုင်နှုန်းလောက် ရှုပ်နေတာရှိတယ်။ အင်တာနက်ကြီးတခုလုံး ပိတ်နေတာ မဟုတ်ဘူး။ ကျနော်တို့ သုံနေတဲ့ application တချို့ ပိတ်နေတာ။ အဲဒီတော့ ဖုန်းတခုလုံးကို VPN သွားလုပ်မယ်၊ proxy ကျော်မယ်ဆိုရင် ရှိသမျှ application တွေက အဲဒီ proxy ကနေ သွားနေတာ။ အဲဒီလိုမျိုး သုံးမယ်ဆိုရင် ကျနော်တို့အတွက် အန္တရာယ်ရှိတယ်၊ ကျနော်တို့သုံးနေတဲ့ mobile banking တွေ၊ iBanking တွေ၊ eBanking တွေ mBanking တွေ အဲဒါအဆင်မပြေဘူး။ ဥပမာ ကျနော် Whatsapp သုံးချင်တယ်ပေါ့၊ ဒါမှမဟုတ် viber သုံးချင်တယ်ဆိုရင် specifically သုံးနိုင်တဲ့ VPN မျိုးကို ရွေးလို့ရတယ်။ အဲဒီတော့ VPN install လုပ်ဆိုတော့ လူတွေက လျှောက်လုပ်တယ်။ အဲဒီမှာ (တည်နေရာ) location တွေက ပြောင်းကုန်တယ်ဗျာ။ Facebook ရဲ့ policy က ကျနော် lock-in ဝင်ရင် အခုအမေရိကားဖြစ်လိုက် ခဏနေတော့ အိန္ဒိယဖြစ်သွားလိုက်၊ ခဏနေတော့ စင်္ကာပူဖြစ်သွားလိုက်ဆိုရင် ကျနော်တို့ အကောင့်ပါ ကျသွားနိုင်တယ်။ Facebook ကိုကျနော်တို့က social media သက်သက်စာရင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး အများကြီး သုံးနေရတာတွေရှိတယ်။ အဲဒီတော့ နည်းနည်းတော့ သတိထားဖို့လိုတယ်ပေါ့နော် public sector က။ အဲဒီတော့ ကျနာ် အိုင်ဒီယာ ပေးချင်တာက specific (သီးသန့်) VPN မျိုးကို သုံးစေချင်တယ်ပေါ့နော်။

ကိုဇော်ထက်။ ။ Facebook အပြင်တခြားလူမှုကွန်ရက်တွေရော ပြောင်းသုံးလာနိုင်ခြေရှိလား ရေရှည်မှာ။ ဥပမာ ဒီရက်ပိုင်း Twitter ကိုပြောင်းသုံးလာကြတယ်ပေါ့။

ဦးအောင်ဇော်မြင့်။ ။ Application တွေကတော့ ကမ္ဘာမှာ အများကြီးရှိတယ်။ မကြာခင်တော့လည်း ပြန်ပွင့်သွားမယ်လို့ မျှော်လင့်တယ်ပေါ့နော်။ ကိုယ်နဲ့ ပတ်သက်သူတွေကို ဆက်သွယ်ချင်ရင် အနီးစပ်ဆုံးကတော့ Twitter ပဲရှိတယ်။ Twitter မှာ Tweet လုပ်မယ်။ Twitter မှာ information လေးတွေရှယ်မယ်၊ တယောက်နဲ့တယောက် စကားပြောမယ်ပေါ့ ဒီလောက်တော့ လုပ်လို့ရတယ်။ Facebook က ဘဝအတွက် အဲဒီလိုမျိုးကြီး မဟုတ်ပေမဲ့ မြန်မာပြည်မှာတော့ popular အဖြစ်ဆုံးပေါ့ဗျာ။ သို့သော် အင်တာနက် connection ရှိနေသရွေ့ကတော့ တယောက်နဲ့တယောက် ဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေက အများကြီးရှိတယ်၊ ကျနော့်အမြင်ပြောရရင် ဒါတွေက ရေရှည်တော့ technically အရတော့ အကုန်လုံး block (ပိတ်ပစ်ဖို့) တော့ မရပါဘူး။

Facebook ကို VPN အမျိုးမျိုးနဲ့ ကျော်ကြည့်ရာမှာ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ထိခိုက်မှုမရှိအောင် ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ နည်းလမ်းနဲ့ပတ်သက်လို့ အိုင်တီနဲ့သတင်းအချက်အလက် လုံခြုံရေးပညာရှင် ဦးအောင်ဇော်မြင့်ကို ဗွီအိုအေက မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG