သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝနဲ့ မိုင်းလားဒေသ ကိုဗစ်ထိန်းချုပ်ရေး အရှိန်မြှင့်လုပ်ဆောင်နေ


ဝ ပြည်နယ်မှာ တွေ့ရတဲ့ PPE ဝတ်စုံဝတ် ကျန်းမာရေးဝန်ထမ်းတချို့။ (ဓာတ်ပုံ - Nyi Rang - ဇန်နဝါရီ ၈၊ ၂၀၂၁)
ဝ ပြည်နယ်မှာ တွေ့ရတဲ့ PPE ဝတ်စုံဝတ် ကျန်းမာရေးဝန်ထမ်းတချို့။ (ဓာတ်ပုံ - Nyi Rang - ဇန်နဝါရီ ၈၊ ၂၀၂၁)

[Zawgyi/Unicode]

တရုတ်နိုင်ငံနယ်စပ်က UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာနယ်မြေမှာ ကိုဗစ်ကပ်ရောဂါကူးစက်သူတွေ တိုးလာနေတာကြောင့် အသွားအလာ ကန့်သတ်ထိန်းချုပ်မှုတွေနဲ့ ရောဂါပိုးစစ်ဆေးမှုတွေ အရှိန်မြှင့်ဆောင်ရွက်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ UWSA ဝတပ်ဖွဲ့ရဲ့ အထူးဒေသ ၂ မှာ ကိုဗစ်အတည်ပြုလူနာ ၁၅၃ ယောက် တွေ့ရှိထားတာကြောင့် အဖွဲ့ရဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှာ အသွားအလာတွေကို ကန့်သတ်ထိန်းချုပ်လိုက်သလို ရောဂါပိုး စစ်ဆေးမှုတွေကိုလည်း တိုးမြှင့်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မနေ့တုန်းကအထိ ရောဂါပိုးစစ်ဆေးမှုတွေမှာ အတည်ပြုလူနာ ထပ်မတွေ့ရကြောင်းလည်း UWSA အဖွဲ့ရဲ့ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက VOA ကို ပြောပါတယ်။

“ဒီ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ကနေ စပြီးတော့မှာ Positive အတည်ပြုလူနာသစ်တော့ မတွေ့တော့ဘူးနော်။ ဒီရက်ပိုင်းတွေလည်း တို့ဖတ်နမူနာ စိစစ်မှုတွေ ပြုလုပ်နေပါတယ်။ ကျနော်တို့ ဒီဗဟိုဌာနချုပ် ပန်းဆန်းမြို့မှာပေါ့နော်။ စုစုပေါင်း အတည်ပြုလူနာကတော့ ၁၅၃ ယောက်ပေါ့နော်။ ရောဂါပြင်းထန်တဲ့လူနာတော့ မရှိဘူး။ သေဆုံးမှု မရှိဘူး။ မနေ့ကအထိ သက်သာတဲ့လူနာ ၁၂ ယောက်တော့ ရှိပြီပေါ့နော်။ Negative ပြတာပေါ့နော်။”

UWSA ထိန်းချုပ်ရာ အထူးဒေသ ၂ မှာ လူပေါင်း ၁၂၅,၀၀၀ ကျော်ကို ဓာတ်ခွဲစစ်ဆေးထားပြီး၊ မနေ့မွန်းလွဲပိုင်းအထိ ပန်ဆန်းမြို့မှာ ဓာတ်ခွဲနမူနာစစ်ဆေးသူ ၁၄,၄၀၀ ကျော်နဲ့ မိုင်းပေါက်မြို့မှာ ၂၈၀ ကျော် စစ်ဆေးထားပြီး ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှာတော့ ၆ ရက်နေ့ညကစပြီး မလိုအပ်ရင် အပြင်မထွက်ဖို့ ကန့်သတ်ထားပြီး UWSA လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက စောင့်ကြပ်နေပါတယ်။

ဝဒေသလိုပဲ မိုင်းလား အထူးဒေသ ၄ မှာလည်း ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပထမဆုံးအကြိမ် ကိုဗစ်ရောဂါကူးစက်မှု တွေ့ရှိခဲ့ပြီးနောက် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားပြီး၊ ကျန်းမာရေးစစ်ဆေးမှုတွေလည်း လုပ်နေပါတယ်။ NDAA မိုင်းလားအဖွဲ့ ထိန်းချုပ်ရာ ဆီလူးနဲ့ နမ့်ပန်းမြို့နယ်တွေမှာ နောက်ထပ် ကျန်းမာရေး စစ်ဆေးဖို့ စီစဉ်ထားကြောင်းလည်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က VOA ကို ပြောခဲ့ပါတယ်။

မိုင်းလားမြို့ခံတစ်ဦးကတော့ အသွားအလာ ကန့်သတ်ထိန်းချုပ်မှုတွေ အချိန်အတော်ကြာအထိ ရှိနေနိုင်သေးတယ်လို့ ပြောပါတယ်။

“အဲဒါတော့ မပြောတတ်ဘူးဗျ။ ဘယ်ချိန်ဖွင့်မယ်ဆိုတာ ကျနော်တို့လည်း မသိဘူး။ ကျနော်တို့က ဆိုင်ပိတ်ထားတယ်။ နောက်ထပ် တစ်လ၊ နှစ်လ ကြာအုံးမှာ အဲဒီလို ပြောတာပဲ။”

မိုင်းလား အထူးဒေသမှာ ကိုဗစ်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံက ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ဒေသခံ ၈၅,၀၀၀ ကျော်ကို ဓာတ်ခွဲစစ်ဆေးထားကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဝ အထူးဒေသ ၂ နဲ့ မိုင်းလား အထူးဒေသ ၄ ဟာ တရုတ်နိုင်ငံမှာ COVID 19 ရောဂါ စတင်ချိန်ကတည်းက ရောဂါ ကာကွယ်တားဆီးရေးအတွက် တင်းတင်းကြပ်ကြပ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာမှ COVID 19 ကူးစက်လူနာ စတင်တွေ့ရှိခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG