သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်နဲ့ ဗာဂျီးနီးယားမှာ လူမျိုးရေးဝါဒီ ဆန္ဒပြပွဲနဲ့ တန်ပြန်ဆန္ဒပြပွဲများ ပြုလုပ်


တနင်္ဂနွေနေ့က သမ္မတအိမ်ဖြူတော်တဖက် လမ်းမတွေပေါ်မှာ အရေအတွက် အနည်းငယ်ပဲရှိတဲ့ လူဖြူအမျိုးသားရေးဝါဒီတွေနဲ့ အရေအတွက် အဆမတန် ပိုများပြားတဲ့ လူမျိုးအသားရောင်ခွဲခြားမှုကို ဆန့်ကျင်သူတွေရဲ့ ဆန္ဒပြစုဝေးပွဲမှာ အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်မတွေ့ရအောင် ရဲတွေက ခွဲထားခဲ့ပါတယ်။

မနှစ်က Virginia ပြည်နယ် Charlottesville က နာဇီဆန့်ကျင်ရေး ဆန္ဒပြပွဲလို လူသေဆုံးတဲ့အထိ အကြမ်ဖက်မှုတွေ မဖြစ်စေဖို့အတွက် ဒီနှစ် ဆန္ဒပြတဲ့ ဝါရှင်တန် ဒီစီက Lafayette ပန်းခြံမှာ ရဲတွေက ဒီအဖွဲ့နှစ်ဖွဲ့ကို ကျယ်ပြန့်တဲ့ ကွက်လပ်တခုနဲ့ ခွဲခြားထားတာပါ။ မနှစ်ကပွဲမှာ သူ့ကိုယ်သူ နာဇီလို့ ဝန်ခံခဲ့တဲ့လူတယောက်က ဆန္ဒပြပွဲအတွင်း အသက် ၃၂ နှစ်အရွယ် တန်ပြန်ဆန္ဒပြသူ Heather Heyer ကို ကားနဲ့ တိုက်သတ်ခဲ့တယ်လို့ အစွပ်စွဲခံနေရတာပါ။

လူဖြူတွေရဲ့ရပိုင်ခွင့် လူထုစုဝေးပွဲလို့ခေါ်ပြီး ဆန္ဒပြကြတဲ့ လူစုက မယဉ်ကျေးတဲ့ စာတမ်းတွေပါတဲ့ ဆိုင်းဘုတ်တွေ အသုံးနှုန်းတွေနဲ့ ဒေါသတကြီး အော်ဟစ် ဆန္ဒပြခဲ့ကြတာပါ။ ဒီ အမျိုးသားရေးဝါဒီ ဆန္ဒပြသူ အများအပြားဟာ သတင်းထောက်တွေရဲ့ အမေးကို ပြန်မဖြေကြဘဲ သူတို့ရဲ့မျက်နှာတွေကို ပုဝါတွေ၊ အလံတွေနဲ့ ကွယ်ထားတာ တွေ့ရပါတယ်။

တနင်္ဂနွေနေ့ လူထုစုဝေးပွဲ ဖြစ်မြောက်အောင် ဆော်သြသူ Jason Kessler ကတော့ လူဖြူရပိုင်ခွင့် လှုပ်ရှားရေးဟာ အမုန်းတရားတွေ၊ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့တွဲနေတာမျိုး မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

တန်ပြန် ဆန္ဒပြသူတွေကတော့ အမေရိကန်ပြည်ထောင်စုဟာ လူတစုအတွက်မဟုတ်ဘဲ လူအားလုံးအတွက်ဖြစ်ပြီး ဖက်ဆစ် အာဏာရှင်ဝါဒက စိန်ခေါ်နေတယ်လို့ ပြောပါတယ်။ ရာပေါင်းများစွာဟာ လူမျိုးအသားရောင်ခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်မျိုးစုံကို ဝှေ့ယမ်းပြီး ဆန္ဒပြကြတာပါ။

သမ္မတ Donald Trump ကတော့ အမေရိကန်နိုင်ငံအတွက် အားလုံး စည်းလုံးညီညွတ်ကြဖို့နဲ့ ခွဲခြားမှုအားလုံးနဲ့ အကြမ်းဖက်မှု လုပ်ရပ်အားလုံးကို ရှုံ့ချကြောင်းနဲ့ အမေရိကန် နိုင်ငံသားအားလုံး ငြိမ်းချမ်းကြဖို့ သူ့တွစ်တာကနေ စနေနေ့က ရေးသားပြီး ဆုတောင်းပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG