သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်


BGF တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူ။ (ဓာတ်ပုံ - KIC - သြဂုတ် ၂၀၊ ၂၀၁၉)
BGF တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူ။ (ဓာတ်ပုံ - KIC - သြဂုတ် ၂၀၊ ၂၀၁၉)
တိုက်ရိုက် လင့်ခ်

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

အကြမ်းဖက်စစ်အစိုးရကို တနိုင်ငံလုံးက ခုခံတွန်းလှန်ကြဖို့ NUG အမျိုးသားညီညွှတ်ရေးအစိုးရက စက်တင်ဘာ (၇) ရက်နေ့က ကြေညာခဲ့ပါတယ်။ NUG အစိုးရရဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မိမိတို့ဒေသတွင်းက စစ်အာဏာရှင်နဲ့ ဒေါက်တိုင်အဖွဲ့အစည်းတွေကို ပစ်မှတ်ထားဖို့လည်း ညွှန်ကြားထားပါတယ်။ တချိန်တည်းမှာ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်တပ်ဖွဲ့ဖြစ်တဲ့ BGF နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ကို PDF ပြည်သူ့တပ်နဲ့ ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။ PDF ပြည်သူ့ကာကွယ်ရေးတပ်ဟာ မြို့တိုင်းမှာရှိနေပြီး ပြောက်ကျားစနစ်ဖြင့် လှုပ်ရှားနေကြပါတယ်။

ပြည်သူ့စစ်ဆိုတဲ့ အရပ်သားလက်နက်ကိုင်အဖွဲ့ ရှိနေတာ ဦးနုအစိုးရလက်ထက် ကတည်းကပါ။ ၁၉၅၃ ခုနှစ်မှာ အရပ်သားလက်နက်ကိုင်အဖွဲ့ ရှိနေပါပြီ။ ၂၀၀၈ အခြေခံဥပဒေ ပြဌာန်းထားတဲ့ နောက်ပိုင်းမှာ နယ်ခြားစောင့်တပ် ပေါ်လာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တပ်မတော်သားအချို့ ပေါင်းစည်းထားတဲ့အဖွဲ့ဟာ BGF နယ်ခြားစောင့်တပ် ဖြစ်လာပါတယ်။ ကချင်၊ ကရင်၊ ကယားနဲ့ ရှမ်းပြည်နယ်မှာ နယ်ခြားစောင့်တပ် (၂၆) ခုပြီး၊ ပြည်သူ့စစ်က (၅၂) ခုရှိကြောင်း ဂျွန်ဗျူခန်နန်ရဲ့ (၂၀၁၆) သုတေသနစာတမ်းမှာ ဖော်ပြပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့ကြီးတွေက ခွဲထွက်တဲ့သူတွေ နယ်ခြားစောင့် ဖြစ်လာကြပါတယ်။

တော်လှန်ရေးသက်တမ်း အရင့်ဆုံးဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး အခြေစိုက်တဲ့ ကရင်ပြည်နယ်မှာ နယ်ခြားစောင့်တပ် (၁၃) ခု ရှိပါတယ်။ အမိန့်ပေးစနစ်အရ တပ်မတော်နဲ့ ပေါင်းစည်းထားတဲ့ တပ်တွေဖြစ်တဲ့အတွက် ငွေကြေး၊ စစ်ပစ္စည်းနဲ့ အခြားအထောက်အပံ့တွေ ရရှိပါတယ်။ တနည်းဆိုရင်တော့ တပ်မတော် လက်အောက်ခံပြည်သူ့စစ်ဟာ နယ်ခြားစောင့်တပ် ဖြစ်ပါတယ်။ တပ်မတော်နဲ့ ပေါင်းစည်းထားတာမို့ လက်နက်ကိုင်ဆောင်ခွင့် ရပါတယ်။ နယ်ခြားစောင့်တပ်တခုမှာ တပ်မတော်အရာရှိ (၃) ဦးနဲ့ စစ်သား (၃၀) ပါဝင်ပါတယ်။ နယ်ခြားစောင့်တပ်ဟာ မိသားစုစားဝတ်နေရေးအတွက် စီးပွားရေး လုပ်ပါတယ်။ အခွန်ကောက်ယူမှု၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ အိမ်ခြံမြေ၊ သစ်လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း စတာတွေကို နယ်ခြားစောင့်တပ်က လုပ်ကိုင်ပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးမှာလည်း နယ်ခြားစောင့်နဲ့ ပြည်သူ့စစ်တွေ ပါဝင်နေတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

တပ်မတော်နဲ့ ပေါင်းစည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ကို နယ်ခြားစောင့်တပ်လို့ခေါ်ပြီး တပ်မတော်က အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပြည်သူ့စစ်လို့ ခေါ်ပါတယ်။ ပြည်သူ့စစ်တွေမှာ ယူနီဖောင်းနဲ့အဆင့် ခွဲခြားသတ်မှတ်တာမျိုး မရှိပါဘူး။ တပ်မတော်ရဲ့ ထောက်ပံ့မှုကိုလည်း မရကြပါဘူး။ ဒါပေမဲ့ စစ်ဆင်ရေးမှာ တပ်မတော်ကို ကူညီရပါတယ်။ တပ်သား (၁၀) ဦး ပါဝင်တဲ့အဖွဲ့ကနေ တရာကျော်ပါဝင်တဲ့အဖွဲ့အထိ ပြည်သူ့စစ်အမျိုးမျိုး ရှိပါတယ်။ များသောအားဖြင့် တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်ရာကနေ အပစ်ရပ်သဘောတူညီချက်ရယူပြီး တပ်မတော်သြဇာခံ ပြည်သူ့စစ်ဘဝ ရောက်သွားကြတာ ဖြစ်ပါတယ်။ ဘဝရပ်တည်ရေးအတွက် ပြည်သူ့စစ်လုပ်ရတဲ့သဘော ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ကိုယ်ကျိုးစီးပွားအတွက် တပ်မတော်နဲ့ နားလည်မှုယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်ပါတယ်။ ဥပမာ နယ်ခြားစောင့်တပ်အများဆုံး ဒေသဟာ ကရင်ပြည်နယ်ဖြစ်ပြီး ရွှေကုက္ကိုလ် တရုတ်လောင်းကစားမြို့ဟာ နယ်ခြားစောင့်တပ်တခုရဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။ ဘဝရပ်တည်ဖို့အတွက် တရားဝင်လုပ်ငန်းရော၊ တရားမဝင်တဲ့လုပ်ငန်းရော လုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးလို နိုင်ငံရေးရည်ရွယ်ချက် ခိုင်ခိုင်မာမာရှိတာ မဟုတ်ပါဘူး။ နောက်ဆုံး စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ကတော့ နိုင်ငံရေးစိတ်ဓါတ် ပြင်းထန်တဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့ ကိုယ်ကျိုးစီးပွားကို အဓိကထားတဲ့ လက်နက်ကိုင်အဖွဲ့တွေမှာ နိုင်ငံရေးအမြော်အမြင် မရှိကြတာ များပါတယ်။

PDF ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ထူးခြားချက်ကတော့ မြန်မာတိုင်းရင်းသားအများအပြား ပါဝင်နေတာ ဖြစ်ပါတယ်။ ယုံကြည်ချက်နဲ့ တိုက်ခိုက်တဲ့အတွက် အာဏာရှင်တပ်မှာ အကျအဆုံး များပါတယ်။ အသေအပျောက်များတဲ့အခါ တာဝေးပစစ်လက်နက်ကြီးနဲ့ ကျေးရွာတွေကို ပစ်ခတ်တဲ့အပြင် လေကြောင်းကလည်း ဗုံးကြဲပြီး တုံ့ပြန်ပါတယ်။ ပြည်သူနဲ့ အဆက်အသွယ်ပြတ်သွားအောင် ‘ဖြတ်လေးဖြတ်’ လမ်းစဉ်ကို အာဏာရှင်တပ်က ကျင့်သုံးလာပါတယ်။ ရိက္ခာ၊ သတင်း၊ ငွေကြေးနဲ့ တပ်သားစုဆောင်းဖို့ ခက်ခဲသွားအောင် လုပ်တဲ့နည်းပါ။ ဒါပေမဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်မှာ တပ်မတော်သားနဲ့ ရဲသားတွေ ပါဝင်လာတာကိုကြည့်ရင် ပြည်သူနဲ့ အဆက်မပြတ်တာ အလွန်ထင်ရှားနေပါတယ်။

အရင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်သာ ရှိပါတယ်။ အာဏာသိမ်းပြီးမှ မြန်မာလက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အလျင်အမြန် ပေါက်ဖွားလာတာကို တအံ့တသြ ဖြစ်နေကြပါတယ်။ ဖယ်ဒရယ်တပ်မကြီး ပေါ်ထွက်လာမယ့် အလားအလာလို့ မြင်ကြပါတယ်။ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ဟာ အမိန့်နာခံပြီး ကိုယ်ကျိုးရှာတဲ့ တပ်ဖွဲ့တွေဖြစ်လို့ PDF ပြည်သူ့တပ်ဖွဲ့နဲ့ သဘာဝချင်း မတူကြပါဘူး။ ဒါကြောင့် စစ်အာဏာရှင်ဒေါက်တိုင်အဖြစ် အသုံးတော်ခံနေကြတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ အမြင်မှန်ရပြီး PDF ပြည်သူ့တပ်နဲ့ ပူးပေါင်းမလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


== Unicode ==









XS
SM
MD
LG