သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံရဲ ႔ ျမည္ေၾကြးသံ


ျမန္မာ့အေရး အာဆီယယံအစည္းအေဝးႏွင့္ပတ္သက္ၿပီး ေျပာဆိုေနသည့္ အင္ဒိုနီးရွားသမၼတ Joko Widodo ။ ဧၿပီ ၂၄၊ ၂၀၂၁။
အာဆီယံရဲ ႔ ျမည္ေၾကြးသံ
please wait

No media source currently available

0:00 0:05:20 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ေဖေဖၚဝါရီလ (၁) ရက္ေန႔မွာ စစ္အာဏာသိမ္းတာကို အာဆီယံႏိုင္ငံအခ်ဳိ ႔က ေဝဖန္ၾကၿပီး အခ်ဳိ ႔က ႏႈတ္ဆိတ္ေနပါတယ္။ မတ္လ (၂၇) ရက္ေန႔ ေနျပည္ေတာ္မွာ စစ္ေရးျပအခမ္းအနားလုပ္ေတာ့ ဗိယက္နမ္၊ ထိုင္းနဲ႔ လာအို ကိုယ္စားလွယ္ေတြသာ တက္ေရာက္ခဲ့ပါတယ္။ ပစ္ခတ္သတ္ျဖတ္ အၾကမ္းဖက္တာေတြ ရပ္တန္႔ဖို႔ စကၤာပူ၊ မေလးရွား၊ အင္ဒိုနီးရွားနဲ႔ ဖိလစ္ပိုင္တုိ႔က ေတာင္းဆိုၾကပါတယ္။ ဧၿပီလ (၂၄) ရက္ေန႔မွာ ျမန္မာ့ျပႆနာကို ေစ့စပ္ေဆြးေႏြးေျဖရွင္းဖို႔ အာဆီယံအသင္းက သေဘာတူညီခ်က္ (၅) ခ်က္ ရယူခဲ့ပါတယ္။ အာဏာသိမ္းအစိုးရကို အိမ္နီးခ်င္းေတြက အသိအမွတ္ျပဳလိုက္တဲ့သေဘာ ျဖစ္သြားပါတယ္။

ဒါေပမဲ့ ေနာက္ထပ္ (၄) လၾကာေတာ့မွ အာဆီယံအထူးကိုယ္စားလွယ္ကို ေရြးခ်ယ္ႏိုင္ပါတယ္။ သေဘာတူညီခ်က္ထဲမွာ အၾကမ္းဖက္မႈကို ခ်က္ခ်င္းရပ္ဆိုင္းဖို႔၊ သက္ဆိုင္သူအားလံုးနဲ႔ ေဆြးေႏြးဖို႔၊ လူသားခ်င္းစာနာေရး အကူအညီေပးဖို႔၊ အထူးကိုယ္စားလွယ္ ျမန္မာျပည္ကိုေစလႊတ္ဖို႔ စတာေတြ ပါရိွပါတယ္။ ဒီသေဘာတူညီခ်က္ကို အေကာင္အထည္မေဖာ္ရင္ အေရးယူမွာ မဟုတ္တဲ့အတြက္ ျမန္မာစစ္ေခါင္းေဆာင္က ခ်က္ခ်င္းလက္ခံလုိက္ပါတယ္။ အာဆီယံအသင္းရဲ ႔ ျမည္ေၾကြးသံကို အေမရိကန္၊ ဥေရာပနဲ႔ ကုလသမဂၢတို႔က သေဘာက်ၿပီး ဆက္လုပ္ၾကဖို႔ အားေပးတာေၾကာင့္ မစားရဝခမန္း ျဖစ္လာပါတယ္။

ျမန္မာ့ျပႆနာကို ေျဖရွင္းတဲ့ေနရာမွာ အာဆီယံအသင္းဟာ ေျပာတဲ့အတိုင္း ျဖစ္ေျမာက္ေအာင္ ေဆာင္ရြက္ႏိုင္တဲ့ အစဥ္အလာ မရိွပါဘူး။ ဒါေၾကာင့္ အာဆီယံသေဘာတူညီခ်က္ဟာ အသံသာျမည္တဲ့ သႀကၤန္အေျမာက္လို ျဖစ္ေနပါတယ္။ အၾကမ္းဖက္တိုက္ခိုက္မႈကို ခ်က္ခ်င္းရပ္ဆိုင္းရမယ္ဆိုတဲ့ အာဆီယံရဲ ႔ ေတာင္းဆိုခ်က္ကို စစ္ေကာင္စီ ဂရုမစိုက္ခဲ့ပါဘူး။ ဒါေပမဲ့ အာဆီယံအတြက္ အသင္းသိကၡာမက်ဖို႔က ပိုၿပီးအေရးႀကီးေနပံု ရပါတယ္။ ၂၀၀၇ သံဃာ့ဆႏၵျပပြဲတုန္းကလည္း "အၾကမ္းမဖက္ဘဲ ဆင္ဆင္ျခင္ျခင္လုပ္ဖို႔နဲ႔ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးလုပ္ဖို႔" အာဆီယံအလွည့္က်ဥကၠ႒ က တိုက္တြန္းခဲ့ပါတယ္။ သံဃာအေရးေတာ္ပံုမွာ ဘာမွမေျပာဘဲ ႏႈတ္ဆိတ္ေနရင္ အာဆီယံအသင္းကို ႏိုင္ငံတကာက အယံုအၾကည္ကင္းမဲ့သြားလိမ့္မယ္လို႔ စကၤာပူက ဆုိပါတယ္။ ယံုၾကည္မႈရေအာင္ ေဝဖန္ေနတာ ျဖစ္ပံုရပါတယ္။

ျမန္မာျပည္မွာ တရားဝင္အစိုးရ ျဖစ္ေပၚေရးဟာ အာဆီယံအတြက္ အေရးအႀကီးဆံုး ျဖစ္ပါတယ္။ ဒီမုိကေရစီက်င့္သံုးတာ/မသံုးတာကို အာဆီယံအသင္းက ဂရုမစိုက္ပါဘူး။ တရားဝင္အစိုးရ ရိွဖို႔ကသာ အေရးႀကီးပါတယ္။ အေမရိကန္နဲ႔ အေနာက္တုိင္း ဒီမိုကေရစီႏိုင္ငံေတြက ဒဏ္ခတ္အေရးယူထားတဲ့ ကမာၻ႔အပယ္ခံ ဗမာစစ္အစိုးရကို အသင္းဝင္အျဖစ္ လက္ခံလိုက္တဲ့ အာဆီယံဟာ ႏိုင္ငံျခားဆက္ဆံေရး ျပႆနာမ်ဳိးစံုကို ႀကံဳေတြ႔ခဲ့ရပါတယ္။ အဲဒီတုန္းက ျမန္မာကို အာဆီယံရဲ ႔ နာတာရွည္ေရာဂါသည္လုိ႔ေတာင္ ေခၚၾကပါတယ္။ ဘယ္လိုိပဲျဖစ္ျဖစ္ အခ်ိန္ရလာတဲ့အခါမွာ ဗမာစစ္အစိုးရနဲ႔ အာဆီယံႏိုင္ငံေတြဟာ ဆိုးတူေကာင္းဖက္ ဘဝတူေတြ ျဖစ္လာၾကပါတယ္။

၁၉၉၆ မွာ ဥကၠ႒လုပ္ဖို႔ ျမန္မာ့အလွည့္ေရာက္လာေတာ့မွ ဝိုင္းဝန္ကန္႔ကြက္ၾကလို႔ ႏိုင္ငံတကာမွာ အျမင္မေတာ္တဲ့အတြက္ ဥကၠ႒တာဝန္ကို ျငင္းပယ္ခဲ့ရပါတယ္။ ၂၀၁၄ မွာ ဦးသိန္းစိန္အစိုးရဟာ အာဆီယံအလွည့္က် ဥကၠ႒ ျဖစ္လာပါတယ္။ အာဆီယံအစည္းအေဝးဟာ ဗမာအစိုးရနဲ႔ အျခားအသင္းဝင္ေတြ အျပန္္အလွန္ ေသြးတုိိးစမ္းတဲ့ေနရာ ျဖစ္လာပါတယ္။ စစ္ေခါင္းေဆာင္ပိုင္းဟာ အာဆီယံအစည္းအေဝးေတြမွာ ႏိုင္ငံျခားဆက္ဆံေရး အေတြ႔အႀကံဳ ရရိွၾကပါတယ္။ အသင္းဝင္ (၁၀) ႏိုင္ငံပါဝင္တဲ့ အစည္းအေဝးေတြတင္မကပဲ အျခားႏိုင္ငံ (၁၈) ႏိုင္ငံနဲ႔လည္း ေဆြးေႏြးပြဲေတြ လုပ္ပါတယ္။ ဒီလုိလုပ္ႏိုင္ေအာင္ ေကာ္မတီ (၃၀) ေလာက္နဲ႔ လုပ္ငန္းအဖြဲ႔ (၁၀၀) ေက်ာ္က ျပင္ဆင္ေပးရပါတယ္။ စစ္အုပ္စုဟာ သူတုိ႔လုပ္ရပ္ေတြကို ႏိုင္ငံျခားက လက္ခံလာေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတာကို ဒီအစည္းအေဝးေတြမွာ သေဘာေပါက္လာတာ ျဖစ္ပံုရပါတယ္။ အာဆီယံအသင္းဝင္ ျဖစ္ရတဲ့ အက်ဳိးေက်းဇူး ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ဇြန္လ (၁၈) ရက္ေန႔က စစ္ေကာင္စီကို လက္နက္မေရာင္းဖို႔နဲ႔ ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔ ကုလသမဂၢ အေထြေထြညီလာခံက ဆံုးျဖတ္ခ်က္ခ်တဲ့အခါမွာ အာဆီယံသေဘာထားကို ေတြ႔ရျပန္ပါတယ္။ ဒီအဆိုကို စကၤာပူ၊ မေလးရွား၊ အင္ဒိုနီးရွား၊ ဗိယက္နမ္၊ ဖိလစ္ပိုင္ ကိုယ္စားလွယ္ေတြက ေထာက္ခံၾကၿပီး ထုိင္း၊ လာအို၊ ကေမာၻဒီးယားနဲ႔ ဘရူးႏိုင္းတုိ႔က မဲမေပးဘဲ ေရွာင္ေနၾကပါတယ္။ ဒါေပမဲ့ အာဆီယအသင္းထဲမွာဆိုရင္ေတာ့ အသင္းဝင္အားလံုး သေဘာတူမွ ဆံုးျဖတ္ႏိုင္ပါတယ္။ ဒီလိုိျဖစ္ေအာင္ အစည္းအေဝးေတြ က်င္းပၿပီး ျမည္ေၾကြးသ့ေတြ ထုတ္ေနတာကိုက အာဆီယံဓေလ့လို႔ ေခၚပါတယ္။

ဗမာအစိုးရအဖို႔ေတာ့ အာဆီယံအစည္းအေဝး တက္ရတာဟာ ဂုဏ္ယူစရာ ေအာင္ျမင္မႈတခု ျဖစ္ေနပါတယ္။ အာဆီယံအသံုးအႏႈန္းစကားလံုးနဲ႔ အျဖစ္မွန္ကို သိႏုိင္ဖို႔ ခက္ခဲေအာင္ ဆင္ေဝွ႔ရန္ေရွာင္ ေျပာဆိုတတ္ လာတာကိုလည္း ေတြ႔ရပါတယ္။ ဒါေၾကာင့္မို႔ တပ္ခ်ဳပ္မင္းေအာင္လိႈင္ဟာ အာဆီယံအစည္းအေဝးကို ကိုယ္တုိင္တက္ေရာက္ၿပီး သူမလုပ္ႏိုင္တဲ့ သေဘာတူခ်က္ (၅) ရပ္ကို လက္ခံခဲ့တာ ျဖစ္ပါတယ္။ နဝတ/နအဖ စစ္အုပ္စုကို တရားဝင္အစိုးရ ျဖစ္လာေအာင္ ကူညီခဲ့သလို စစ္ေကာင္စီကိုလည္း တရားဝင္အစိုးရအျဖစ္ အသြင္ေျပာင္းရာမွာ အာဆီယံက ကူညီလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

== Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ စစ်အာဏာသိမ်းတာကို အာဆီယံနိုင်ငံအချို့က ဝေဖန်ကြပြီး အချို့က နှုတ်ဆိတ်နေပါတယ်။ မတ်လ (၂၇) ရက်နေ့ နေပြည်တော်မှာ စစ်ရေးပြအခမ်းအနားလုပ်တော့ ဗိယက်နမ်၊ ထိုင်းနဲ့ လာအို ကိုယ်စားလှယ်တွေသာ တက်ရောက်ခဲ့ပါတယ်။ ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်တာတွေ ရပ်တန့်ဖို့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့က တောင်းဆိုကြပါတယ်။ ဧပြီလ (၂၄) ရက်နေ့မှာ မြန်မာ့ပြဿနာကို စေ့စပ်ဆွေးနွေးဖြေရှင်းဖို့ အာဆီယံအသင်းက သဘောတူညီချက် (၅) ချက် ရယူခဲ့ပါတယ်။ အာဏာသိမ်းအစိုးရကို အိမ်နီးချင်းတွေက အသိအမှတ်ပြုလိုက်တဲ့သဘော ဖြစ်သွားပါတယ်။

ဒါပေမဲ့ နောက်ထပ် (၄) လကြာတော့မှ အာဆီယံအထူးကိုယ်စားလှယ်ကို ရွေးချယ်နိုင်ပါတယ်။ သဘောတူညီချက်ထဲမှာ အကြမ်းဖက်မှုကို ချက်ချင်းရပ်ဆိုင်းဖို့၊ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးဖို့၊ လူသားချင်းစာနာရေး အကူအညီပေးဖို့၊ အထူးကိုယ်စားလှယ် မြန်မာပြည်ကိုစေလွှတ်ဖို့ စတာတွေ ပါရှိပါတယ်။ ဒီသဘောတူညီချက်ကို အကောင်အထည်မဖော်ရင် အရေးယူမှာ မဟုတ်တဲ့အတွက် မြန်မာစစ်ခေါင်းဆောင်က ချက်ချင်းလက်ခံလိုက်ပါတယ်။ အာဆီယံအသင်းရဲ့ မြည်ကြွေးသံကို အမေရိကန်၊ ဥရောပနဲ့ ကုလသမဂ္ဂတို့က သဘောကျပြီး ဆက်လုပ်ကြဖို့ အားပေးတာကြောင့် မစားရဝခမန်း ဖြစ်လာပါတယ်။

မြန်မာ့ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အာဆီယံအသင်းဟာ ပြောတဲ့အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်တဲ့ အစဉ်အလာ မရှိပါဘူး။ ဒါကြောင့် အာဆီယံသဘောတူညီချက်ဟာ အသံသာမြည်တဲ့ သင်္ကြန်အမြောက်လို ဖြစ်နေပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုကို ချက်ချင်းရပ်ဆိုင်းရမယ်ဆိုတဲ့ အာဆီယံရဲ့ တောင်းဆိုချက်ကို စစ်ကောင်စီ ဂရုမစိုက်ခဲ့ပါဘူး။ ဒါပေမဲ့ အာဆီယံအတွက် အသင်းသိက္ခာမကျဖို့က ပိုပြီးအရေးကြီးနေပုံ ရပါတယ်။ ၂၀၀၇ သံဃာ့ဆန္ဒပြပွဲတုန်းကလည်း "အကြမ်းမဖက်ဘဲ ဆင်ဆင်ခြင်ခြင်လုပ်ဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့" အာဆီယံအလှည့်ကျဥက္ကဋ္ဌ က တိုက်တွန်းခဲ့ပါတယ်။ သံဃာအရေးတော်ပုံမှာ ဘာမှမပြောဘဲ နှုတ်ဆိတ်နေရင် အာဆီယံအသင်းကို နိုင်ငံတကာက အယုံအကြည်ကင်းမဲ့သွားလိမ့်မယ်လို့ စင်္ကာပူက ဆိုပါတယ်။ ယုံကြည်မှုရအောင် ဝေဖန်နေတာ ဖြစ်ပုံရပါတယ်။

မြန်မာပြည်မှာ တရားဝင်အစိုးရ ဖြစ်ပေါ်ရေးဟာ အာဆီယံအတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒီမိုကရေစီကျင့်သုံးတာ/မသုံးတာကို အာဆီယံအသင်းက ဂရုမစိုက်ပါဘူး။ တရားဝင်အစိုးရ ရှိဖို့ကသာ အရေးကြီးပါတယ်။ အမေရိကန်နဲ့ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေက ဒဏ်ခတ်အရေးယူထားတဲ့ ကမ္ဘာ့အပယ်ခံ ဗမာစစ်အစိုးရကို အသင်းဝင်အဖြစ် လက်ခံလိုက်တဲ့ အာဆီယံဟာ နိုင်ငံခြားဆက်ဆံရေး ပြဿနာမျိုးစုံကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီတုန်းက မြန်မာကို အာဆီယံရဲ့ နာတာရှည်ရောဂါသည်လို့တောင် ခေါ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ရလာတဲ့အခါမှာ ဗမာစစ်အစိုးရနဲ့ အာဆီယံနိုင်ငံတွေဟာ ဆိုးတူကောင်းဖက် ဘဝတူတွေ ဖြစ်လာကြပါတယ်။

၁၉၉၆ မှာ ဥက္ကဋ္ဌလုပ်ဖို့ မြန်မာ့အလှည့်ရောက်လာတော့မှ ဝိုင်းဝန်ကန့်ကွက်ကြလို့ နိုင်ငံတကာမှာ အမြင်မတော်တဲ့အတွက် ဥက္ကဋ္ဌတာဝန်ကို ငြင်းပယ်ခဲ့ရပါတယ်။ ၂၀၁၄ မှာ ဦးသိန်းစိန်အစိုးရဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ အာဆီယံအစည်းအဝေးဟာ ဗမာအစိုးရနဲ့ အခြားအသင်းဝင်တွေ အပြန်အလှန် သွေးတိုးစမ်းတဲ့နေရာ ဖြစ်လာပါတယ်။ စစ်ခေါင်းဆောင်ပိုင်းဟာ အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံခြားဆက်ဆံရေး အတွေ့အကြုံ ရရှိကြပါတယ်။ အသင်းဝင် (၁၀) နိုင်ငံပါဝင်တဲ့ အစည်းအဝေးတွေတင်မကပဲ အခြားနိုင်ငံ (၁၈) နိုင်ငံနဲ့လည်း ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ ဒီလိုလုပ်နိုင်အောင် ကော်မတီ (၃၀) လောက်နဲ့ လုပ်ငန်းအဖွဲ့ (၁၀၀) ကျော်က ပြင်ဆင်ပေးရပါတယ်။ စစ်အုပ်စုဟာ သူတို့လုပ်ရပ်တွေကို နိုင်ငံခြားက လက်ခံလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ဒီအစည်းအဝေးတွေမှာ သဘောပေါက်လာတာ ဖြစ်ပုံရပါတယ်။ အာဆီယံအသင်းဝင် ဖြစ်ရတဲ့ အကျိုးကျေးဇူး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ (၁၈) ရက်နေ့က စစ်ကောင်စီကို လက်နက်မရောင်းဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက်ချတဲ့အခါမှာ အာဆီယံသဘောထားကို တွေ့ရပြန်ပါတယ်။ ဒီအဆိုကို စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗိယက်နမ်၊ ဖိလစ်ပိုင် ကိုယ်စားလှယ်တွေက ထောက်ခံကြပြီး ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဘရူးနိုင်းတို့က မဲမပေးဘဲ ရှောင်နေကြပါတယ်။ ဒါပေမဲ့ အာဆီယအသင်းထဲမှာဆိုရင်တော့ အသင်းဝင်အားလုံး သဘောတူမှ ဆုံးဖြတ်နိုင်ပါတယ်။ ဒီလိုဖြစ်အောင် အစည်းအဝေးတွေ ကျင်းပပြီး မြည်ကြွေးသ့တွေ ထုတ်နေတာကိုက အာဆီယံဓလေ့လို့ ခေါ်ပါတယ်။

ဗမာအစိုးရအဖို့တော့ အာဆီယံအစည်းအဝေး တက်ရတာဟာ ဂုဏ်ယူစရာ အောင်မြင်မှုတခု ဖြစ်နေပါတယ်။ အာဆီယံအသုံးအနှုန်းစကားလုံးနဲ့ အဖြစ်မှန်ကို သိနိုင်ဖို့ ခက်ခဲအောင် ဆင်ဝှေ့ရန်ရှောင် ပြောဆိုတတ် လာတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်မို့ တပ်ချုပ်မင်းအောင်လှိုင်ဟာ အာဆီယံအစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ပြီး သူမလုပ်နိုင်တဲ့ သဘောတူချက် (၅) ရပ်ကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ နဝတ/နအဖ စစ်အုပ်စုကို တရားဝင်အစိုးရ ဖြစ်လာအောင် ကူညီခဲ့သလို စစ်ကောင်စီကိုလည်း တရားဝင်အစိုးရအဖြစ် အသွင်ပြောင်းရာမှာ အာဆီယံက ကူညီလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG