သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧည့်သည်တော်များ နဲ့ မြန်မာ့အကျိုးစီးပွား


 မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါရဲ့ ရခိုင်ခရီးစဉ်။ (နိုဝင်ဘာ ၁၅၊၂၀၂၁/ ဓာတ်ပုံ- ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်း)
မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါရဲ့ ရခိုင်ခရီးစဉ်။ (နိုဝင်ဘာ ၁၅၊၂၀၂၁/ ဓာတ်ပုံ- ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်း)
တိုက်ရိုက် လင့်ခ်

အခုတလော မြန်မာနိုင်ငံကို ပြည်ပဧည့်သည်တော်တွေ လာရောက်နေကြတာဟာ မြန်မာနိုင်ငံရဲ့နိုင်ငံရေး အကျပ်အတည်းနဲ့ မြန်မာပြည်သူတွေရဲ့ဘဝ အဆင်ပြေငြိမ်းချမ်းရေးအတွက် အထောက်အပံ့ တစုံတရာဖြစ် စေနိုင်ပါသလား၊။ ဒါမှမဟုတ် သူတို့နိုင်ငံတွေရဲ့အကျိုးစီးပွားသက်သက်ပဲလား။ စစ်ကောင်စီအပေါ်မှာကော ဘယ်လို ရိုက်ခတ်မှုတွေရှိနိုင်ပါသလဲ။ မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခု မြန်မာနိုင်ငံကို နိုင်ငံခြားသံတမန်တွေ နည်းမျိုးစုံနဲ့ လာနေကြတာကို တွေ့ရပါတယ်။ နိုင်ငံခြားကိုယ်စားလှယ်တွေ - အစိုးရသံတမန် ဟုတ်တာလည်း ဖြစ်မယ်။ တချို့လဲပဲ ပုဂ္ဂလိက အစီအစဉ်နဲ့ လာကြတယ်။ အမေရိကန်လာတယ်။ ဂျပန်လာတယ်။ တရုတ်လာတယ်။ အခု ထိုင်းကလည်း လာတယ် စသည်ဖြင့်။ ဒီခရီးစဉ်တွေဟာ တိုက်ဆိုင်မှုသက်သက်ပဲလား။ တူညီတဲ့ ဦးတည်ချက်တခု ရှိတယ်လိုများ သုံးသပ်မိပါသလား။

ဖြေ ။ ။ တချို့ကိစ္စတွေကတော့ တိုက်ဆိုင်မှုလို့ ပြောနိုင်ပြီး၊ တချို့ကိစ္စတွေကတော့ ရည်ရွယ်ချက်နဲ့ အပြန်အလှန် ထိန်းညှိတဲ့ counter balance သဘောမျိုးနဲ့လည်း ပါနိုင်တယ်။ ဥပမာ တရုတ်သံနဲ့ ဂျပန်သံ - သူတို့ လာတာတွေကတော့ နစကပေါ်မှာ ဆက်ဆံရေးကောင်းဖို့အတွက် အပြန်အလှန် counter balance ယူကြတယ်လို့ ထင်တယ်။ Bill Richardson တို့ လာတာကတော့ သူ့ကိစ္စနဲ့သူ လာကြတယ်လို့ ကျနော် ထင်ပါတယ်။

မေး ။ ။ အထူးသဖြင့် တရုတ်လာတာ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ နောက်ဆုံးကြားရတဲ့ သတင်းတွေအရဆိုရင် တရုတ်က တရုတ်နဲ့ အာဆီယံ တွေ့ဆုံမယ့်ပွဲမှာ မြန်မာကို တက်ဖို့အတွက် ဖိတ်ကြားတယ်လို့ သိရပါတယ်။ ဦးရဲထွန်း ဟုတ်ပါသလား။ အဲဒါကို ပထမဦးဆုံး ကောက်နုတ်ချက်အနေနဲ့ သုံးသပ်ပြပါ။

ဖြေ ။ ။ တရုတ်က ဒီဟာအတွက်ကို တော်တော်လေး ကြိုးစားတယ်လို့ ကျနော်တို့ သိရတယ်။ ဒီအစည်းအဝေးက လာမယ့် (၂၂) ရက်နေ့လောက်မှာ ဘရူးနိုင်းမှာ လုပ်မှာ။ အိမ်ရှင်က ဘရူးနိုင်း ဖြစ်တဲ့အခါကြတော့ အာဆီယံရဲ့ ဥက္ကဋ္ဌကလည်း ဖိတ်ဖို့လိုတယ်။ သူသဘောတူဖို့လည်း လိုတယ်။ လောလောလတ်လတ် ဒီမတိုင်ခင်လေးမှာပင် အာဆီယံက နစကအကြီးအကဲကို နိုင်ငံခေါင်းဆောင်အဖြစ်နဲ့ မဖိတ်ဘဲနဲ့ ‘ပ’ထားတာရှိတော့ ဒါကို တရုတ်က သူနဲ့ အာဆီယံ တွေ့ဆုံမယ့် အစည်းအဝေးမှာ ဒါကိုဖိတ်ချင်တယ်။ ဖိတ်ချင်တော့ အဲဒီကို အရင်သွားတယ်။ နောက် စင်္ကာပူကို သွားပြီးတော့ညှိတယ်။ အဲဒီကပြီးမှ နေပြည်တော်ကို လာပြီးတော့ သတင်းကောင်းပေးရင်နဲ့ ဖိတ်တာပေါ့။

မေး ။ ။ အဲဒီတော့ တရုတ်က စစ်ကောင်စီကို အခုလို မဖိတ်ခင်မှာ အာဆီယံတို့ ဘရူးနိုင်း၊ စင်္ကာပူတို့နဲ့ သဘောတူညီမှု ရယူခဲ့ပြီးပြီဆိုတဲ့ သဘောပေါ့။

ဖြေ ။ ။ အဲဒီလို ယူဆရပါတယ်။ အဲဒီလို သူ သဘောတူညီမှု မယူဘဲနဲ့တော့ နေပြည်တော်မှာ ဖိတ်ပါတယ်။ ဖိတ်ဖို့အတွက် ဘယ်လိုစီစဉ်ထားပါတယ်ဆိုတဲ့ သတင်းကောင်းကို ပြောနိုင်မှာ မဟုတ်ဘူးပေါ့။ အခုတော့ ဖိတ်ခဲ့တယ်ဆိုတဲ့ဟာကို ကျနော်တို့ ကြားသိရပါတယ်။

မေး ။ ။ ဆိုတော့ အဲဒီနေရာမှာ အာဆီယံက အဓိက ပြောထားတာကတော့ သူတို့ဟာ အတိုက်အခံနဲ့ ဆွေးနွေးရမယ်ဆိုတဲ့သဘော။ သူတို့ကိုယ်စားလှယ် လာရင်လဲပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ဟာ စစ်ကောင်စီဘက်က အဖြေမရတဲ့အတွက် နစကကို မဖိတ်ဘူးဆိုတာကို သိထားရပါတယ်။ အခု တရုတ်က သွားပြီးပြောလိုက်တဲ့အခါမှာ အဲဒီအချက်ကို သဘောတူညီမှု ရခဲ့သလား။ အတိုက်အခံနဲ့ သူတို့ မတွေ့ရလဲ နေပါစေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ကို အာဆီယံဆန္ဒအတိုင်း စစ်ကောင်စီဘက်က မလိုက်လျောနဲ့ နေပါစေ၊ ဖိတ်ပါလို့များ Green Light ပေးလိုက်သလား။ အဲဒါလဲ စဉ်းစားစရာပါပဲ။

ဖြေ ။ ။ အဲဒီကိစ္စကတော့ တရုတ်သံက သွားဆွေးနွေးတဲ့အချိန်မှာတော့ အာဆီယံက ဒီကိစ္စကိုလည်း ထည့်ပြီးတော့ တောင်းဆိုဖို့ဆိုတာတော့ မှာလိုက်မယ်လို့တော့ထင်တယ်။ သို့သော် ဒီဘက်ကရတဲ့ သတင်း - နေပြည်တော်သတင်းဌာနကနေ သံတမန်တွေနဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ဘက်ကရတဲ့ သတင်းတွေအရတော့ တရုတ်သံတမန်က ဘာတွေပြောတယ်ဆိုတာကို မဖော်ပြဘဲနဲ့ နစကကနေပြီးတော့ ဘာတွေရှင်းပြလိုက်တယ်ဆိုတာကိုပဲ ပြောတယ်။ ကြည့်ရတာက တရုတ်သံအမတ်က ပြောစရာရှိတာ ပြောတဲ့အခါမှာ နစကကလည်း သူတို့ရှေ့လုပ်ငန်း (၅) ရပ်နဲ့ ရည်မှန်းချက် (၉) ရပ်ကိုပဲ ပြန်ပြီးတော့ ထပ်ပြီးတော့ ပြောပုံရတယ်။ ဆိုတော့ သူတို့လိုချင်တဲ့ အဖြေတော့ ရမသွားဘူးလို့ သတိထားမိတယ်။ အကူအညီအတွက်လည်း ဒေါ်လာ (၁) သန်းတော့ လှူသွားတယ်လို့ ကြားလိုက်ရပါတယ်။

မေး ။ ။ သူတို့လိုချင်တဲ့အဖြေ ရမသွားဘူးဆိုတော့ ဒီနေရာမှာ မြန်မာပြည်သူအများစု မြန်မာပြည်က ဒီမိုကရေစီ လိုလားလို့ အခုတောင်းဆိုတိုက်ပွဲဝင်နေတဲ့ လူတွေကော၊ ဆန္ဒရှိနေတဲ့ ပြည်သူတွေကော သူတို့ရဲ့ လိုလားချက်ကိုလည်း ပြောလို့ရတာပေါ့။ သူတို့လည်း အတိုက်အခံနဲ့ ညှိပြီးတော့ ဒီဘက်ပြဿနာ ပြေလည်ရေးကို အဓိကအားဖြင့် ပြောနေကြတဲ့အချိန်မှာ ဒီပြဿနာ ပြေလည်ရေးအတွက် တစုံတရာ ရှေ့မရွေ့ဘဲနဲ့ လုပ်သွားတယ်ဆိုတာ တရုတ်ရဲ့ လုပ်ပုံလုပ်နည်းက နည်းနည်း အများပြည်သူ ဘဝင်ကျစရာ နတ်လူသာဓု ခေါ်နိုင်စရာ ဖြစ်ပါ့ရဲ့လား။

ဖြေ ။ ။ ဒီကိစ္စကလေးကိုပဲ ကြည့်ပြောမယ်ဆိုရင်တော့ ပြည်သူလူထုအမြင်မှာတော့ ဒါက ကျေနပ်စရာ မရှိဘူးပေါ့။ သို့သော် သူတို့မှာ တခြားကိစ္စတွေ ရှိသေးတယ်။ ဥပမာ တရုတ်ပြည်အနေနဲ့လဲ မြန်မာပြည်မှာ သူ့ရဲ့ One Belt One Road စီမံကိန်းတွေ၊ အရင် NLD အစိုးရလက်ထက်က လက်မှတ်ထိုးထားတဲ့ စာချုပ်တွေကို ဆက်လက်ပြီး အကောင်အထည်ဖော်ဖို့ သူတို့ဘက်ကလဲ လုပ်ချင်တဲ့ ဆန္ဒ ရှိတယ်။ နစကကလဲ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုငွေ မျှော်နေတဲ့အချိန်ဆိုတော့ နစကကလည်း အဲဒါကို ဖြစ်စေချင်ပြီ။ သို့သော် တရုတ်ဘက်ကလဲ သူတို့ဖြစ်စေချင်တဲ့ အရာတွေကို တောင်းဆိုလိမ့်မယ် ထင်တယ်။ အခုထိတော့ ကျနော်သိရသလောက်တော့ တရုတ်ဘက်က လိုလားတောင်းဆိုတဲ့ ကိစ္စမှာ NLD ပါတီကို မဖျက်သိမ်းတာတစ်ခုပဲ ကျနော်တော့ သတိထားမိတယ်။ ကျန်တဲ့ဟာတွေကတော့ သူက မရပ်တဲ့အပြင် ဆက်ပြီးတော့ လုပ်တာတွေက တရားစွဲတာတွေက အခုနောက်ဆုံးဆိုရင် NLD ခေါင်းဆောင် (၁၆) ယောက် ရွေးကောက်ပွဲမှာ မသမာတဲ့ ကိစ္စတွေမှာ သူတို့လည်း တာဝန်ရှိတယ်ဆိုပြီးတော့ တရားစွဲထားတယ်။ ဆိုတော့ တရုတ်က ဖြစ်စေချင်တဲ့ဟာကို သူက ဆန့်ကျင်ပြီးတော့ လုပ်နေသလို ဖြစ်နေတယ်။ NLD ဖျက်သိမ်းရေးကလွဲလို့ပါ။

မေး ။ ။ ကျနော် တရုတ်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိဂုံးဆွဲချင်တာကတော့ နိုင်ငံတိုင်းဟာ နိုင်ငံတကာဆက်ဆံရေးမှာ ကိုယ့်အမျိုးသား အကျိုးစီးပွား national interest ကိုပဲ ကြည့်ကြတာပါ။ ဒါပေမဲ့လဲ ဒီကိစ္စမှာတော့ တရုတ်က သူတို့အကျိုးကိုပဲ ကြည့်လွန်တယ်။ မြန်မာပြည်သူတွေ တကယ်မျှော်လင့်တောင်းတနေတဲ့ဘက်က တစွန်းတစမျှရွေ့အောင် မဆောင်ရွက်နိုင်ဘဲနဲ့ လုပ်သွားတယ်လို့ပြောရင် မှန်သလား။

ဖြေ ။ ။ အဓိက သူစိုးရိမ်နေတာ တစ်ခုက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နံှမှုတွေက ဒီကိစ္စတွေ မဖြစ်ခင်တုန်းက ဖေဖေါ်ဝါရီလ (၁) ရက်နေ့ မတိုင်ခင် လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေပေမယ့် သူ့ရင်းနှီးမြုပ်နံှမှုတွေကို လုံခြုံစိတ်ချအောင် သူလုပ်ထားနိုင်တယ်။ အခု ပဋိပက္ခအသစ် ပေါ်လာတဲ့အခါမှာ သူက စိတ်မချရတော့ဘူး။ သူ့အကျိုးစီးပွားတွေ ထိခိုက်မှာစိုးတဲ့အတွက်ကြောင့် ကျနော်တို့နိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နှစ်ဘက်ပြေပြေလည်လည်နဲ့ ရှေ့ဆက်သွားနိုင်မယ့်လမ်းကို တွန်းပို့နေတာပေါ့။ ဆိုတော့ နှစ်ဘက်စလုံးက အဲဒီလိုလုပ်လို့ တိုက်တွန်းလို့ မရဘူး။ အထူးသဖြင့် နစကဘက်ကို တိုက်တွန်းနာချလို့ မရဘူးဆိုရင်တော့ သူက သူ့လုပ်ငန်းတွေ သူ့ရင်းနှီးမြုပ်နံှမှုတွေ လုံခြုံစိတ်ချရအောင်တော့ တနည်းနည်းနဲ့ လုပ်လိမ့်မယ်လို့ ကျနော်က ထင်နေတယ်။ ဆိုလိုတာကတော့ တဘက်က နားမထောင်ဘူး၊ ပြန်ကန်တယ်ဆိုရင် တရုတ်က အပေါ်မှာ သိသိသာသာ ထင်ထင်ရှားရှား ဘာမှမပြောဘဲနဲ့ တဘက်ကိုလည်း သူ့ကိုမကန်အောင် အကူအညီပေးလိုက်တာမျိုးပါ။ အဲဒီလိုမျိုး အခြေအနေမျိုး ဖြစ်လာရင်တော့ နစကအနေနဲ့ ပြဿနာ တော်တော်ကြီးကြီးမားမား ရင်ဆိုင်ရလိမ့်မယ်လို့ ထင်တယ်။

မေး ။ ။ နောက်တခု ထပ်မေးချင်တာက ဂျပန်ငြိမ်းချမ်းရေးအကျိုးဆောင် မစ္စတာဆာဆာကာဝါ - အခု သူလာတယ်ဆိုတော့ သူတို့နှစ်ယောက်လည်း တော်တော်တိုက်ဆိုင်နေပါတယ်။ ဦးရဲထွန်းက စောစောကလဲ ပြောခဲ့တယ်။ တူညီတဲ့အကျိုး သူတို့ကိစ္စတွေ ရှိတယ်ဆိုတော့ ရခိုင်မှာဖြစ်နေတဲ့ AA နဲ့ကိစ္စ၊ လူတွေက AA ကို တရုတ်က နောက်ကနေ ကြိုးကိုင်ထားတယ်။ အရှေ့မြောက်က တိုင်းရင်းသားအင်အားစုတွေလိုပဲ AA ကလည်း ထိုနည်းလည်းကောင်းလို့ သတ်မှတ်ကြတယ်။ ဒါပေမဲ့ ဒီငြိမ်းချမ်းရေးကိစ္စတွေမှာ တရုတ်ထက် ဂျပန်က ပိုပြီးတော့ ခြေလှမ်းသွက်နေသလို ဖြစ်နေပါလား။ အခုလောလောဆယ် ဖြစ်နေတဲ့ကိစ္စတွေမှာလဲ မစ္စတာဆာဆာကာဝါက နှစ်ဘက်ကို သွားတွေ့တာတွေ ရှိနေတယ်ဆိုတော့ ဒီအရေးမှာကော တရုတ်ထက် ဂျပန်က ပိုပြီးထိရောက်နေတယ်လို့ ပြောလို့ရမလား။

ဖြေ ။ ။ ဒီကိစ္စမှာကတော့ အခုလှုပ်ရှားနေတဲ့ လှုပ်ရှားမှုကို ကြည့်ရင်တော့ ဂျပန်က ရှေ့ရောက်နေပြီလို့ ပြောနိုင်ပေမယ့် တရုတ်ဘက်အနေနဲ့တော့ အဲဒီလို ရှေ့ထွက်စရာ မလိုတော့ဘူးဆိုတဲ့ အနေအထားလို့ ကျနော်ထင်တယ်။ သူ့ရဲ့ ရခိုင်ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေ အိန္ဒိယသမုဒ္ဒရာကိုထွက်မယ့် ထွက်ပေါက်က အစောကြီးကတည်းက ဒါတွေလုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီနေရာမှာ စိတ်ချလက်ချ ဖြစ်နေပြီသားဆိုတော့ ဘာမှလုပ်စရာ မလိုတော့ဘူးဆိုတဲ့ အနေအထား။ ဒါပေမဲ့ အဲဒီနေရာမှာ အိန္ဒိကကလဲ ရခိုင်ဒေသနဲ့ ချင်းပြည်နယ်ကိုဖြတ်ပြီးတော့ အရှေ့-မြောက်ကို ရေလမ်း၊ ကုန်လမ်း ဖောက်ချင်တာ။ အဲဒီနေရာမှာ အိန္ဒိယက အနှောင့်အယှက်တွေ တွေ့တယ်။ အိန္ဒိယနဲ့ ဂျပန်ကလည်း ဘယ်လိုအဆက်အစပ် ရှိသလဲဆိုတော့ အိန္ဒိယက Look East Act East Policy အရ မြန်မာကိုဖြတ်ပြီးတော့ ထိုင်း၊ ဗိယက်နမ်တို့ကနေ ဂျပန်ကို ဆက်ချင်တာ။ အဲဒီလိုဆိုတော့ ဂျပန်ကတော့ အမှန်က ဒီဒေသမှာ သူနဲ့ အဆင်ပြေလို့ရှိရင် ဘာပဲဖြစ်ဖြစ် အိန္ဒိယနဲ့လည်း အဆင်ပြေအောင် သူ့ရဲ့ရင်းနှီးမြုပ်နံှမှုတွေလည်း သြဇာရှိနေအောင် အဲဒီလိုကြိုးစားတယ်လို့ ထင်တယ်။ နောက်တချက်က နစက အသုံးချလိုက်တာပေါ့။ လာခဲ့ကြတဲ့ Bill Richardson, မစ္စတာဆာဆာကာဝါ နှစ်ယောက်စလုံးက NLD လက်ထက်မှာ လာသွားပြီးတော့ အဆင်မပြေ ဖြစ်သွားကြတဲ့လူတွေ။ ဆာဆာကာဝါ ပထမအကြိမ် လာသွားပြီးတော့ ဒီဘက်ကို ညှိပြီးတော့ AA တို့ ဘာတို့နဲ့တွေ့၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ပြီးတော့ ညှိပြီးတဲ့အခါကြတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ဖို့ အခြေအနေတွေ ဖန်တီးပေးပါပြီ၊ အဲဒါတွေကို လုပ်ခွင့်ပေးပါလို့ ပြောတာတောင်မှ NLD အစိုးရ CEC က ရွေးကောက်ပွဲ ကျင်းပမပေးခဲ့ဘူး။ ဆိုတော့ အဆင်မပြေဘူး။
နောက် Bill Richardson နဲ့လည်း သူတောင်းဆိုတဲ့ကိစ္စ အဆင်မပြေတဲ့အပြင် ပြဿနာ ဖြစ်သွားတာပေါ့။ အခု နစကက အဲဒီ့အဆင်မပြေတဲ့ နှစ်ယောက်စလုံးကို အဆင်ပြေအောင် နိုင်ငံရေးအရ အသုံးချတာလို့ ပြောရမှာပေါ့။

မေး ။ ။ ကျနော်တို့ ဆွေးနွေးခဲ့တာတွေကို နိဂုံးချုပ်ပြောရမယ်ဆိုရင် နိုင်ငံခြားက ပုဂ္ဂိုလ်တွေ အခုတော်တော်လေး သွက်သွက်လက်လက် လာနေကြတဲ့ကိစ္စဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးကို ရွေ့တာထက် သူတို့ရဲ့ အကျိုးစီးပွားနဲ့ စစ်ကောင်စီရဲ့ အကျိုးစီးပွားကို ပိုပြီးတော့ ဖြစ်ထွန်းစေတယ်လို့ သုံးသပ်ပြီး နိဂုံးချုပ်ကြမယ်ဆိုရင် မှန်မလား။

ဖြေ ။ ။ အဲဒီလို ပြောလို့ရပါတယ်။ သူတို့ အကျိုးစီးပွားကောင်းကောင်း ဖြစ်တယ်။ အောင်မြင်တယ်လို့ ပြောနိုင်သလို၊ စစ်ကောင်စီဘက်ကတော့ ပိုပြီးတော့ အမြတ်ထွက်သွားတယ်လို့ သုံးသပ်နိုင်ပါတယ်။


== Unicode ==


















XS
SM
MD
LG