သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဝေမိုးနိုင်ကို လူသတ်မှုအပါအဝင် ပြစ်မှုကြီးတွေနဲ့ စွဲဆိုမည်


မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်

(Zawgyi/Unicode)

ဖမ်းဆီးခံထားရတဲ့ မုံရွာပင်မသပိတ် လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို ကြီးမားတဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေပါတယ်။ အသက် (၂၅)နှစ်အရွယ် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဟောင်း ကိုဝေမိုးနိုင်ကို ကြီးမားတဲ့ စွဲချက်တွေနဲ့ နောက်ထပ်အမှုဖွင့် အရေးယူနိုင်ဖို့ လုပ်ဆောင်နေတာတွေကို စစ်တပ်ပိုင် မြဝတီရုပ်သံကနေ ဗုဒ္ဓဟူးနေ့ကအခုလိုကြေညာသွားပါတယ်။

“ဆူပူအကြမ်းဖက်မှုများမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ တရားခံ ဝေမိုးနိုင်ကို ဆူပူအကြမ်းဖက်လှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း မုံရွာမြို့နယ် မြို့မရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၁၄ ၊ ၃၀၂၊ ၃၁၅ ၊ ၃၄၂ ၊ ၃၉၅ ၊ ၅၀၅-က တို့ဖြစ်အမှု ဖွင့်လစ်ထားရှိခဲ့ပြီး ဝေမိုးနိုင်ရဲ့ ထွက်ဆိုချက်များအရ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇ (၁) ၊ ၁၂၄ ၊ ၅၁၂ တို့ဖြင့် ထိရောက်စွာ ဆက်လက်အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။”

ဒီလိုစွဲဆိုတဲ့ ပုဒ်မ တွေအနက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဟာ လူသတ်မှု အတွက်ပြစ်ဒဏ်သတ်မှတ်ထားတဲ့ ပုဒ်မဖြစ်ပြီး အပြင်းထန်ဆုံး သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မလဲဖြစ်ပါတယ်။

ကိုဝေမိုးနိုင်ကို ဧပြီလ (၁၅) ရက်နေ့က မုံရွာမြို့အလယ်ပိုင်းမှာ မော်တော်ဆိုင်ကယ်နဲ့ ဆန္ဒပြနေချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကားနဲ့ တိုက်ပြီး အကြမ်းဖက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အခုလို စစ်ကောင်စီရဲ့ စွဲချက်တွေကို ရင်ဆိုင်ဖို့ ကိုဝေမိုးနိုင်ဘက်က ရှေ့နေလိုက်ပါဆောင်ရွက်လို့ရမရ ကွဲကွဲပြားပြားမသိရသေးပါဘူး။ သူနဲ့ နီးစပ်သူတွေကတော့ အခုချိန်ထိ ကိုဝေမိုးနိုင်ကို မိသားစုဝင်တွေ တွေ့ဆုံခွင့်မရသလို၊ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားမှန်းလည်း မသိရဘူးလို့ ဗွီအိုအေကိုပြောပါတယ်။

ဖေဖေါ်ဝါရီလ (၁)ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် အရပ်သားအစိုးရ အဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး အကြမ်းဖက်အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို နိုင်ငံအနှံ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြရာမှာ လူငယ်ခေါင်းဆောင် ကိုဝေမိုးနိုင်က ထင်ရှားလာခဲ့တာဖြစ်ပါတယ်။

အပြုသဘောဆောင်ဆွေးနွေးမှုတွေစတင်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီကနေ ခြွင်းချက်မရှိ လွှတ်ပေးဖို့ လိုကြောင်း မကြာခင်ကဖွဲ့စည်းလိုက်တဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၀ န်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးအကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် ရက်ပေါင်း ၉ ၀ နီးပါးအတွင်း ကလေးသူငယ်တွေအပါအဝင် လူပေါင်း ၇၅၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)








XS
SM
MD
LG