[[Zawgyi/Unicode]]
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူ အစိုးရဝန်ထမ်းအများအပြား စားဝတ်နေရေးအကြပ်အတည်းနဲ့ ကြုံတေ့ွနေကြပါတယ်။ ဒီအကြပ်အတည်းကြောင့် အသက်ဆုံးရှုံး သွားရသူတွေတောင်ရှိတယ်လို့ ရေနံမြေဝန်ထမ်းတွေက ပြောပါတယ်။ CDM ဝန်ထမ်းတွေဖြစ်နေလို့ ပုဂ္ဂလိကကုမ္ပဏီတွေက အလုပ်မခန့်ရဲတာ၊ အိမ်ရှင်တွေက အိမ်ခန်းမငှားရဲတာမျိုးတွေလည်း ကြုံကြရတာကြောင့် တချို့ဝန်ထမ်းတွေ အလုပ်ခွင် ပြန်ဝင်သွားကြတာလည်းရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေစတင်ခဲ့ချိန်မှာ နိုင်ငံတဝန်းက အစိုးရဝန်ထမ်းအမြောက်အများ ပါဝင်ခဲ့ကြပါတယ်။ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ ဆောက်လုပ်ရေးဌာန၊ မီးရထားဌာန၊ စွမ်းအင်ဌာန စတဲ့ဌာနဆိုင်ရာက ဝန်ထမ်းအများအပြား CDM လုပ်ခဲ့ကြပါတယ်။ အဲဒီလို CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီကလည်း ဝန်ထမ်းအိမ်ယာတွေကနေ အတင်းဖယ်ရှားတာ၊ ဥပဒေတပ် တရားစွဲတာတွေလုပ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် CDM ဝန်ထမ်း တော်တော်များများ တိမ်းရှောင်ခဲ့ကြရပြီး အခက်အခဲတွေ ကြုံနေကြပါတယ်။
CDM ဝန်ထမ်းတွေကို နီးစပ်ရာ ထောက်ပံ့ကူညီမှုတွေရှိခဲ့ပေမယ့် ၁ နှစ်ကျော်အချိန်ကြာလာချိန်မှာ ပံ့ပိုးမှုမရတော့သူတွေ များလာပါ တယ်။ တချို့က မိသားစုတွေက ထောက်ပံ့ပေမယ့် ရေရှည်ဝင်ငွေမရှိတဲ့အတွက် ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ ရန်ကုန်တိုင်း အထွေထွေအုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းတဦးက ပြောပါတယ်။
“စိန်ခေါ်မှုတွေက အများကြီးရှိတယ်။ အများကြီးဆိုတာက မိသားစုမှာလည်း စိန်ခေါ်မှုတွေရှိလာတယ်။ ဝင်ငွေမရှိတော့ ရပ်တည်ဖို့ ခက်လာတယ်။ အခုလက်ရှိမှာတော့ မိသားစုလောက်ပဲ ကိုယ့်ကို ထောက်ပံ့နေရတယ်။ အဲ့လိုအခြေအနေတွေ ဖြစ်နေတယ်။ မိသားစုကပဲ ကိုယ့်ကို အခုချိန်ထိ ထောက်ပံ့ပြီးနေနေရတယ်။ အလုပ်ရှာရတာကတော့ အဲ့လိုမျိုး CDM လုပ်ထားတဲ့သူတွေကို အလုပ်သိပ်ပြီးမခန့်ချင်ကြဘူး။”
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ထောက်ရှာပင် ရေနံမြေက CDM ဝန်ထမ်းတွေထဲမှာဆိုရင် ထမင်းနပ်မှန်အောင် မစားရသူတွေ လည်း များလာတယ်လို့ CDM ဝန်ထမ်းတဦးက ပြောပါတယ်။ စားဝတ်နေရေးအခက်အခဲကြောင့် အသက်ဆုံးရှုံးသွားတဲ့ ရေနံမြေက CDM ဝန်ထမ်း ၁၂ ယောက်လောက်တောင်ရှိတယ်လို့ သူကပြောပါတယ်။
“တချို့ကတော့ စောစောက ကျနော်ပြောသွားသလိုပဲ။ ထမင်း သုံးနပ် ပုံမှန် သုံးနပ်စားတာကိုး။ တနပ်စားတဲ့လူ ရှိတယ်။ ပြီးတော့ ကျတော့ ဟို… ပုံမှန်လူတိုင်းဆီမှာ ကြက်ဥတလုံး ကြော်စားကြပေမယ့် ကြက်ဥတလုံးကို ညမနက်စားကြတာရှိတယ်။ အဲ့လိုမျိုး အစားဝတ်နေ ကျနော်တို့မှာ ထောက်ပံ့မှုကလည်း ဘာမှမရှိဘူး။ ဘာမှမရှိတာကြောင့် ကျနော်တို့မှာ အရမ်းလည်း အခက်အခဲ ဖြစ်တယ်ပေါ့။ မဖြစ်ပါဘူးဆိုရင် ကျနော်တို့မှာ ဟိုဟာပေါ့ ။တလကို ၃ သောင်းလောက် အရင်တုန်းက ထောက်ပံ့မှုတွေရတယ်။ အဲ့လောက်ရရင် မဆိုဘူးပေါ့။ အခုက တလကို တပြားမှ မရတော့ကျတော့ အကုန်လုံးက အခက်အခဲတွေ ရှိတယ်။ အဲ့လိုမျိုး၊ တချို့တော့ကျတော့ ကျနော်တို့ CDM လုပ်ရင်းတန်းလန်းနဲ့ ဆုံးသွားတာတွေရှိတယ်။ စားဝတ်နေရေး အခက်အခဲကြောင့်၊ အခုလောလောဆယ်တော့ ကျနော်တို့မှတ်ထားတဲ့ အရေအတွက်အရတော့ ၁၂ ယောက်လောက်တော့ ရှိသွားပြီဗျ။”
အရင်ကရခဲ့တဲ့ အထောက်အပံ့တွေကလည်း အခုနောက်ပိုင်း မရှိသလောက် ဖြစ်သွားပြီလို့ သူကပြောပါတယ်။ ဒါကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အစိုးရဝန်ထမ်းတချို့ အလုပ်ခွင် ပြန်ဝင်သွားကြသူတွေလည်း ရှိနေပါတယ်။
“ရှိပါတယ်။ ရှိပါတယ်ဆိုတော့ ကျနော်တို့ တချို့ကကျလည်း နေစရာနဲ့ စားဝတ်နေရေး အခက်အခဲကြောင့် ဘယ်လိုမှရှောင်လွှဲလို့ မရတဲ့အနေအထားကြောင့် ပြန်ဝင်သွားတာတွေလည်း ရှိတယ်။ တချို့ကကျတော့ စားဝတ်နေရေး ခက်ခဲရင် ခက်ခဲပါစေ ဆက်လုပ်မယ်ဆိုတဲ့ စွာတဲ့လူတွေလည်း တော်တော်များများ ရှိပါသေးတယ်။ လောလောဆယ်တော့ ကျနော်တို့ စဝင်ကခါ စလုပ်ခါစတော့ ၁,၀၀၀ ကျော်ကျော်လောက်ရှိမယ်။ အခုလောလောဆယ်တော့ ကျနော်တို့မှာ စားဝတ်နေရေးအခက်အခဲ ဒီ ထောက်ပံ့မှုကလည်း အရင်လို မရှိတော့ဘူး၊ ကျနော်တို့မှာ မရှိတော့ကျတော့ အရမ်းခက်ခဲဖြစ်သွားကျတော့ တချို့ကျတော့ ပြန်တော့မဝင်ဘူး။ တချို့ကျတော့ ဝင်ပြန်ကြတယ်။ လောလောဆယ်တော့ ကျနော်တို့မှာ ၇၀၀ ကျော်ကျော်လောက်တော့ ကျန်သေးတယ်။”
မကွေးတိုင်း မင်းဘူးမြို့နယ် ထောက်ရှာပင် ရေနံမြေက ဝန်ထမ်း ၁,၀၀၀ လောက် ဟာ CDM ပါဝင်ခဲ့ကြတဲ့ထဲမှာ ၃၀၀ ကျော်လောက် အလုပ်ခွင်ပြန်ဝင်သွားတာဖြစ် ပါတယ်။ CDM ဝန်ထမ်းတွေ အစိုးရအလုပ်ကို စွန့်လွှတ်ပြီးနောက် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ ဈေးရောင်းသူ တခြားအလုပ် ပြောင်းလုပ်ကိုင်သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း CDM ဝန်ထမ်းတွေဆိုရင် အလုပ်သစ်ရှာဖို့ အိမ်ခန်းငှားဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံ တွေ့နေရတဲ့ CDM ဝန်ထမ်းတဦးက ပြောပြပါတယ်။
“အကြမ်းမဖက်ဘဲ အာဏာဖီဆန်မယ်ဆိုပြီးတော့ ကျနော်တို့က ကိုယ့်ရပ်တည် ချက်နဲ့ကိုယ် ရုန်းထွက်လာခဲ့ကြတာပေါ့နော်။ ကြာလာတော့ ဘာဖြစ်လဲဆိုတော့ ကျနော်ကိုယ်တိုင်းကြုံတွေ့ ခဲ့ရတာပေါ့နော်။ CDM သမားဆိုလို့ရှိရင် တခြားအလုပ် ရဖို့ အခု အခြေအနေမှာ ခက်ခဲလာတာတို့ ဘာတို့ပြောရင် ဘယ်မှာအရင်လုပ်ဖူးလဲ၊ ကိုယ်မေးရင် ဘယ်မှာလုပ်တယ်။ ဘာလိုကြောင့် ဒီလိုအခြေအနေကြောင့် ဒီ လို အလုပ်ထွက်လိုက်တာပါ ဘာညာပြောရင် သူတို့ ကုမ္ပဏီတွေဘက်က ဒီအလုပ် ရှင်တွေဘက်ကလည်း ပြန်ကြည့်မှာပေါ့နော်။ ကာလကလည်းကြာပြီ။ သူတို့ လည်း သူတို့စီးပွားရေးအထိခိုက်မခံဘူး။ အဲ့လိုဖြစ်မှာပေါ့နော်။ ပြီးတော့ ဒီအိမ်ခန်းတွေဘာတွေ ငှါးမယ်ဆိုလို့ရှိရင်လည်း ဒါ CDM မို့ မငှါးချင်ဘူးတို့ ဘာတို့ ဒါမျိုးတွေလည်း ကျနော်တို့ ကြုံလာရတယ်။ ကျနော်တို့ စပြီးတော့ CDM လုပ်တုန်းက အခြေအနေနဲ့ တော်တော်လေးကွာခြားသွားတဲ့ အခြေအနေတွေ ဖြစ်လာတယ်ပေါ့နော်။ ဒါတွေကတော့ ကျနော်တို့ လက်ရှိမှာလည်း ရင်ဆိုင်နေရတာပေါ့နော်။”
နယ်ဘက်တွေက တိမ်းရှောင်နေကြရတဲ့ ဝန်ထမ်းတချို့ဟာ တောအုပ်တွေထဲမှာ ရှင်းလင်းပြီး နေထိုင်ရတာမျိုး၊ သူများအိမ်ဘေးမှာ ယာယီတဲထိုးပြီး နေနေကြရသူတွေလည်းရှိပါတယ်။ အခုလို နေရေးစားရေး အတော်ကို ခက်ခဲနေကြတဲ့အတွက် ရေရှည် ဆက်လက်ရပ်တည်နိုင်ဖို့ ပံ့ပိုးကူညီမှုတွေကို မျှော်လင့်နေကြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကစလို့ နိုင်ငံအနှံ့ ဌာနပေါင်းစုံက အစိုးရဝန် ထမ်းအများစု အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပါဝင်ခဲ့ကြတဲ့အတွက် အခုချိန် ထိ နယ်မြို့အများစုကအပါအဝင် အစိုးလုပ်ငန်းပိုင်းတချို့ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးပါ ဘူး။
============
[[Unicode]]
============