သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမှု အပေါ် တရုတ် နှင့် တိုင်းရင်းသားများ ရပ်တည်မှု အလားအလာ


မှတ်တမ်းဓာတ်ပုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( Photo- Myanmar State Counsellor)
မှတ်တမ်းဓာတ်ပုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( Photo- Myanmar State Counsellor)

(Zawgyi/ Unicode)

မြန်မာ့ တပ်မတော် စစ်အာဏာသိမ်းမှုကို နိုင်ငံတကာနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ သဘောထား ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာရဲ့ သုံးသပ်ချက်ကို တင်ပြလိုပါတယ်။ မသိင်္ဂ ီထိုက် မေးမြန်းထားပါတယ်။

သိင်္ဂ ီထိုက်။ ။ မင်္ဂလာပါ အန်ကယ်။ အခုဆိုရင် စစ်အာဏာ သိမ်းမှုကို မြန်မာပြည်သူ အများစုက ဆန့်ကျင်နေကြပါတယ်။ ဒီရဲ့ နောက်ကွယ်မှာ နိုင်ငံခြား တိုင်းပြည်တွေရဲ့ ရပ်တည်မှုက ဘယ်လောက် အရေးပါသလဲ။ အထူးသဖြင့် တရုတ်ရဲ့ ရပ်တည်မှုက ဘယ်လို ဖြစ်လာနိုင်လဲ။ ဘယ်အခြေအနေ ရှိပါလဲရှင့်။

ဦးကျော်ဇံသာ။ ။ နိုင်ငံတကာ အခြေအနေနဲ့ပတ်သက်ရင် တရုတ်ရဲ့သဘောထားဟာ သိပ်အရေးကြီးတယ်လို့ထင်ပါတယ်။ ဒီတကြိမ်မှာ တရုတ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပထမဦးဆုံးမြန်မာနဲ့ပတ်သက်ပြီးကြေညာချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလွှတ်ပေးဖို့တောင်းဆိုတဲ့ ကိစ္စမှာ တရုတ်က ပါဝင်ထောက်ခံပါတယ်။ ဒါဟာ ထူးခြားချက်တခုဖြစ်ပါတယ်။ လွှတ်ပေးရေးကိစ္စဆိုတာဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့မသက်ဆိုင်ခဲ့လို့ ထောက်ခံတာလည်း ဖြစ်နိုင်သလို တဘက်ကကြည့်ရင်လည်းပဲ သူ့ရဲ့ နောက်ကွယ်မှာ ထူးခြားချက်တခုရှိတယ်လို့တွက်လို့ရပါတယ်။

ဘယ်လိုလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ယှဉ်ကြည့်မယ်ဆိုရင် တရုတ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုပြီးနီးစပ်တယ်လို့ဆိုရပါလိမ့်မယ်။ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က တလောတုန်းက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နောက်ကွယ်မှာ အင်အားကြီးနိုင်ငံတွေ ပါဝင်နေတယ်ဆိုပြီးတော့ တရုတ်ကို စောင်းမြောင်းပြီးတော့ ပြောခဲ့တာ ရှိပါတယ်။ တချိန်ထဲမှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်နေတဲ့ အိန္ဒိယနဲ့ပိုပြီးနီးစပ်လာတဲ့ သဘောရှိပါတယ်။ ရေငုပ် သဘောၤ ဝယ်ယူတာ အစပေါ့လေ။

နောက် တရုတ်ဘက်က ကြည့်မယ်ဆိုရင်လည်းပဲ တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးညှိနှိုင်းပြီး လုပ်နေတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိလာတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လုံး၀ စစ်မှန်သွားပြီး တရုတ်နိုင်ငံကို ထိန်းကြောင်းမယ့် အိမ်နီးချင်း ဒီမိုကရေစီနိင်ငံလည်း ဖြစ်လာစရာ အကြောင်းလည်း မရှိပါဘူး။ အဲဒါကြောင့် တနည်းအားဖြင့် ကြည့်ရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို တရုတ်က မကန့်ကွက်တာဟာ၊ တရုတ်က ပါဝင်လိုက်တာဟာ စစ်တပ်နဲ့ NLD အပေါ် တရုတ်ရဲ့ ခွဲခြား ရှုမြင်တဲ့သဘောလို့လည်း ကျနော် ပြောချင်ပါတယ် ခင်ဗျ။ ဆိုတော့ ဒါဟာ အဓိက ကျပါတယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ အန်ကယ်။ တိုင်းရင်းသားတွေရဲ့ သဘောထားကရော ဘယ်လောက် အရေးကြီးသလဲ။ တိုင်းရင်းသား ဒေသ တချို့ကတော့ စစ်အာဏာသိမ်းမှုကို သိပ်ပြီး တက်တက်ကြွကြွ ထောက်ခံသံ မကြားရသေးပါဘူး။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ တိုင်းရင်းသားတွေ သဘောထားဟာ သိပ် အရေးကြီးပါတယ်။ တပ်မတော်ဟာ အာဏာ မသိမ်းခင် ကတည်းက သူတို့ တစုံတခု လုပ်လာရင် တိုင်းရင်းသားတွေ သူတို့ဘက်မှာ ရပ်တည်နေအောင် ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ လမ်းခင်းခဲ့တဲ့ သဘောမျိုးလည်း တွေ့ရပါတယ်။ AA နဲ့ အပစ်အခတ် ရပ်စဲရေး လုပ်တာ အပြင် သူတို့ဘက်က ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းကြောင်း ကြေညာခဲ့တဲ့ ကိစ္စရယ်၊ နောက်ပြီး အပေါ်လွင်ဆုံး ကိစ္စကတော့ ဒီအာဏာ မသိမ်းခင် ရက်ပိုင်း အလိုမှာဘဲ သူတို့က အပစ်အခတ် ရပ်စဲရေးကို တပြည်လုံး အတိုင်းအတာနဲ့ သက်တမ်းတိုးတယ် ဆိုပြီး လုပ်ခဲ့တာဘဲ ဖြစ်တယ်။

တဖက်မှာလည်း တိုင်းရင်းသားတွေဟာ NLD အစိုးရရဲ့ သဘောထားကို သိပ်ပြီး ဘဝင်မကျတာကို တပ်မတော်လည်း စဉ်းစားမိမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် AA နဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရကတော့ ဒီကိစ္စမှာ တက်တက်ကြွကြွ မရှိခဲ့ပါဘူး။ အလားတူစွာဘဲ တိုင်းရင်းသား ဒေသ တချို့ရဲ့ အရေးကြီးတဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပဘဲ ထားခဲ့တာတွေ၊ တပ်မတော်ရော လက်နက်ကိုင် အဖွဲ့ကရော ငြိမ်းချမ်းပါပြီလို့ ပြောတာတောင်မှ NLD အစိုးရက ဒါကို လုပ်မပေးခဲ့ပါဘူး။ အကြောင်းအမျိုးမျိုး ထပ်ပြပြီးတော့ ရှောင်လွှဲနေခဲ့ပါတယ်။

နောက် တလောတုန်းက ဆိုရင် တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ အတွက် ကိုယ်စားလှယ် လွှတ်ထားတဲ့ NLD အတွင်းရေးမှူး ဒေါက်တာ အောင်မိုးညိုက တိုင်းရင်းသား ပါတီတွေကို တိုင်းရင်းသား ပါတီလို့တောင် သူတို့ အသိအမှတ် မပြုနိုင်ဘူး ဒေသခံ ပါတီလို့ဘဲ အသိအမှတ်ပြုတယ်လို့ ပြောတဲ့ ကိစ္စ ၊ တခါ မနေ့ကလည်း သူပြောတာ ကြားပါတယ်။ တပ်မတော်ဟာ သူတို့နဲ့ ကျတော့ မဆွေးနွေးဘဲနဲ့ လက်နက်ကိုင် ပုန်ကန်နေတဲ့ သူတွေနဲ့ ကျတော့ အောက်ကျို့ပြီးတော့ ဆွေးနွေးနေတယ်ဆိုပြီးတော့ ချိုးနှိမ်ပြီး ပြောသွားတာလည်း ရှိပါတယ်။ ဒီ အပြောအဆိုတွေကိုလည်း တိုင်းရင်းသားတွေက သိပ် ကျေနပ်လိမ့်မယ်လို့ မထင်ပါဘူး။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့် အန်ကယ်။ ဒီ စစ်တပ်နဲ့ တိုင်းရင်းသားတွေက အမြဲတမ်း သင့်တင့်နိုင်သလား။ သူတို့ဟာ တချိန်လုံး တိုက်ခိုက်နေကြသူတွေပါ။ အခု NLD အစိုးရနဲ့ ဖြစ်တဲ့ အခါမှာ တိုင်းရင်းသား တချို့က NLD အစိုးရဘက်က မပါသလိုလို ဖြစ်နေပေမယ့် တိုင်းရင်းသားတွေနဲ့ တပ်မတော်ကြား သင့်မြတ်ရေးက ဘယ်လောက် ခိုင်မြဲ နိုင်ပါသလဲ။

ဦးကျော်ဇံသာ။ ။ ဆိုတော့ တိုင်းရင်းသားနဲ့ တပ်မတော်ကြား သင့်မြတ်ရေးက ဘယ်လောက် ခိုင်မြဲ မလဲ ဆိုတာကတော့ ဟုတ်ကဲ့ အဲဒါက မေးခွန်းကောင်း ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကတော့ ဖြစ်နိုင်ပါတယ်။ သို့သော်လည်းဘဲ နိုင်ငံရေး အရ သဘောတူညီ ဖြေရှင်းမှု Political Settlement တခု မရဘဲနဲ့တော့ ဒီကိစ္စဟာ ပြီးပြတ်သွားမယ့် ကိစ္စ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေနဲ့ တပ်မတော် ကြားမှာလည်း ပြသနာ ဆက်လက် ဖြစ်နေမှာပါ။

တကယ်တော့ ငြိမ်းချမ်းရေး လုပ်ခြင်းလုပ်ရင် တိုင်းရင်းသားတွေကလည်း ဖြစ်နိုင်ရင်တော့ ဒီမိုကရေစီ အရ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရနဲ့ဘဲ ငြိမ်းချမ်းရေး လုပ်ချင်ပါလိမ့်မယ်။ အဲလို လုပ်မှလည်း ငြိမ်းချမ်းရေးက ပိုပြီးတော့ တည်တံ့ ခိုင်မြဲမှာ ဖြစ်ပါတယ်။ သူတို့ သဘောပေါက် ပါလိမ့်မယ် အဲဒါကို။

ဆိုတော့ ဒီမိုကရေစီ အင်အားစု ဘက်က ဘယ်လို သဘောထား ပြောင်းလဲပြီးတော့ သူတို့ကို ဘယ်လို ညှိနှိုင်းလာမလဲ ဒါကို စောင့်ကြည့်ရမှာ ဖြစ်သလို တပ်မတော်ကို သူတို့ ကန့်ကွက်တာ သိပ် ပြင်းပြင်းထန်ထန် မရှိပေမယ့်လည်း တပ်မတော်က မကြမ်းသေးလို့လည်း ဖြစ်ပါလိမ့်မယ်။ အခု အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ ဆန္ဒပြတဲ့ သူတွေကို ပစ်လားခတ်လား နှိပ်ကွပ်လာရင် သွေးထွက်သံယိုမှု ဖြစ်လာရင်တော့ တိုင်းရင်းသားတွေလည်း ဆက်လက်ပြီးတော့ လက်ခံမလား ဆိုတာကတော့ သံသယ ဖြစ်စရာပါဘဲ။

တိုက်ရိုက် လင့်ခ်

(Unicode)















XS
SM
MD
LG