သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး ကာကွယ်ဆေးထိုးလုပ်ငန်းများ ပြန်အရှိန်မြှင့်


ဇင်ဘာဘွေနိုင်ငံ၊ ဟာရာရီးမြို့ကဆေးခန်းတခုမှာ ဝက်သက်ကာကွယ်ဆေးထိုးပေးစဥ်။ (စက်တင်ဘာ ၆၊ ၂၀၂၂)
ဇင်ဘာဘွေနိုင်ငံ၊ ဟာရာရီးမြို့ကဆေးခန်းတခုမှာ ဝက်သက်ကာကွယ်ဆေးထိုးပေးစဥ်။ (စက်တင်ဘာ ၆၊ ၂၀၂၂)

ကလေး ကာကွယ်ဆေးထိုးလုပ်ငန်းများ ပြန်အရှိန်မြှင့်

ဧပြီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ ကိုဗစ်ကပ်ရောဂါကြောင့်ကျဆင်းခဲ့ရတဲ့ ကလေးကာကွယ်ဆေးပုံမှန်ထိုးခြင်းလုပ်ငန်းကို တဖန်ပြန် အရှိန်မြှင့်တင်နိုင်ရေး စီမံချက်တခုကို ဧပြီ ၂၄ ရက်က စတင်လိုက်ပါတယ်။

ကလေးတွေအတွက် ကာကွယ်ဆေးထိုးဖို့နောက်ကျခဲ့တာကို ပြန်ကာမိအောင် တွန်းပြီးလုပ်ဆောင်မယ့် 'Big Catch Up' လို့ အမည်ပေးထားတဲ့ဒီစီမံချက်ကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)၊ နိုင်ငံတကာ ကလေးကာကွယ်ဆေးထိုးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဂါဗီ ကာကွယ်ဆေးဆိုင်ရာ မဟာမိတ်အဖွဲ့တွေအပြင် ဘီလ်ဂိတ်နဲ့ ဇနီးဟောင်း မလင်ဒါတို့ ပူးတွဲတည်ထောင်ခဲ့တဲ့ဖောင်ဒေးရှင်းအပါအဝင် တခြားပရဟိတအဖွဲ့အစည်းတွေ၊ အေဂျင်စီတွေနဲ့အတူ WHO က ပူးတွဲ အကောင်အထည်ဖော်သွားမယ်လို့ဆိုပါတယ်။

အဲ့ဒီအဖွဲ့တွေဟာ ဝက်သက်နဲ့ အသည်းရောင် အသားဝါရောဂါလို ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါတွေကို ကာကွယ်ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ကြမှာပါ။ ဒါကို ၂၀၂၁ ခုနှစ်က ကာကွယ်ဆေးမထိုးရသေးတဲ့ နိုင်ငံပေါင်း ၂၀ မှာရှိတဲ့ ဆေးမထိုးခဲ့ရတဲ့ကလေးအရေအတွက် ၇၅ ရာခိုင်နှုန်းကိုဦးတည်ပြီး အဓိကထား လုပ်ဆောင်မှာဖြစ်ပါတယ်။

ကပ်ရောဂါကာလအတွင်းမှာ နိုင်ငံပေါင်း ၁၀၀ လောက်မှာ ကလေးကာကွယ်ဆေးထိုးနှံမှုပမာဏ လျော့ကျသွားခဲ့ပြီး အကျိုးဆက်အနေနဲ့ ဝက်သက်၊ ဆုံဆို့နာ၊ ပိုလီယိုနဲ့ Yellow Fever လို့ခေါ်တဲ့ ခြင်ကတဆင့်ကူးစက်ပြီး အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်သေဆုံးစေတဲ့ အပူပိုင်းဒေသဗိုင်းရပ်စ်ရောဂါတွေ ဖြစ်ပွားနှုန်းက တိုးလာနေတာပါ။

အဲဒီတုန်းက ဆေးရုံတွေ ဆေးပေးခန်းတွေမှာ လူနာအမြောက်အများရှိနေခဲ့တာအပြင် ပိတ်ဆို့ကန့်သတ်ချက်တွေနဲ့ ဆေးပုလင်း၊ ဆေးထိုးအပ်တွေနဲ့ အခြားဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေပို့ဆောင်ရာမှာ အတားအဆီးတွေကြောင့် ကလေးတွေကို ကာကွယ်ဆေးထိုးနှုန်း ကျဆင်းခဲ့ရတာပါ။

ပြီးခဲ့တဲ့ နှစ်နှစ်နဲ့ နှစ်နှစ်ခွဲအတွင်း ကမ္ဘာ့ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု အခြေအနေက ဆယ်စုနှစ်တခုနီးပါးတိုးတက်လာနေတာကို ရပ်တန့်သွားစေခဲ့တယ်လို့ WHO ရဲ့ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ ဒါရိုက်တာ ကိတ်အိုဘရိုင်ယန်က ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ ဆက်နွယ်နေတဲ့ကိစ္စတွေကိုသာ ကိုင်တွယ်ဖြေရှင်းနေရတဲ့အတွက် ဆေးထိုးစီမံချက်တွေ သိသိသာသာ ကျဆင်းသွားခဲ့ရသလို ကလေးတိုင်းနဲ့ ဆယ်ကျော်သက်အရွယ်တိုင်းအတွက် စနစ်ကျတဲ့ ကာကွယ်ဆေးထိုးစီမံချက်တွေမှာ စိန်ခေါ်မှုတွေရှိနေဆဲလို့ ဆိုပါတယ်။

WHO ရဲ့အဆိုအရ ၂၀၂၁ ခုနှစ်မှာ အသက် ၁ နှစ်အောက် ကလေး ၂၅ သန်းဟာ အခြေခံ ကာကွယ်ဆေးများ မရရှိခဲ့သလို ကလေးတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးလွှမ်းခြုံနိုင်မှုဟာ ၂၀၁၉ ခုနှစ်မှာ ၈၆ % ရှိနေရာကနေ ၂၀၂၁ ခုနှစ်မှာ ၈၁% အထိ ကျဆင်းသွားပါတယ်။

ကလေးတွေ ကာကွယ်ဆေးမထိုးရတာရဲ့ အဓိကအကြောင်းရင်းက လူတွေက ကာကွယ်ဆေးကို ဆန့်ကျင်နေလို့ မဟုတ်ဘဲ ဝန်ဆောင်မှုတွေကို လက်လှမ်းမီနိုင်ဖို့ခက်ခဲတာနဲ့ ဝန်ဆောင်မှုတွေရဲ့အရည်အသွေးနဲ့ အစီအစဉ်တွေကို အပြည့်အဝမရခြင်းတွေကြောင့်ဖြစ်တယ်လို့ WHO က ပြောပါတယ်။

COVID-19 ကပ်ရောဂါကာလအတွင်းမှာ ဝက်သက်နဲ့ ပိုလီယိုလို လူသတ်ရောဂါတွေကိုတိုက်ဖျက်တဲ့ ပုံမှန်ကလေးဘဝ ကာကွယ်ဆေးတွေရဲ့အရေးပါမှုအပေါ်မှာ ကမ္ဘာတဝန်းက လူတွေရဲ့ယုံကြည်မှု ပျောက်ဆုံးသွားခဲ့တယ်လို့ ယူနီဆက်ဖ်ရဲ့ ပြီးခဲ့တဲ့အပတ်ကအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG