သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖွဲ့အားလုံးနဲ့ အာဆီယံဆက်ဆံရေး စစ်ကောင်စီ ဘာကြောင့် သတိပေးရသလဲ


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဖေဖော်ဝါရီ ၃၊ ၂၀၂၁။)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဖေဖော်ဝါရီ ၃၊ ၂၀၂၁။)

[[Zawgyi/Unicode]]

မြန်မာ့အကြပ်အတည်းအတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်း အားလုံးနဲ့ဆွေးနွေးမယ်လို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌသစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံအရေး အာဆီယံကဝင်ရောက်ဖြေရှင်းရာမှာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ မတရားသင်းအဖြစ် စစ်ကောင်စီကြညာထားတဲ့အဖွဲ့တွေကို မဆက်ဆံဖို့ စစ်ကောင်စီရဲ့ သတိပေးချက်နဲ့ ပတ်သက်ပြီး နိုင်ငံရေးသုံးသပ်သူတွေရဲ့အမြင်တွေကို ကိုဝင်းမင်းက မေးမြန်း တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ရတ်နို မာဆူဒီ) က သူ့ရဲ့နှစ်သစ်မိန့်ခွန်းမှာ အခုလို အားလုံးနဲ့ဆွေးနွေးသွားဖို့ ပြောခဲ့တာအပေါ် မြန်မာဘက်က ကြာသပတေးနေ့ကပဲ ဘာကြောင့်အခုလို တုံ့ပြန်သွားခဲ့ပုံဖြစ်နိုင်တာကို အမေရိကန်အခြေစိုက် မူဝါဒလေ့လာရေးအဖွဲ့ Wilson Center က ကမ္ဘာလုံးဆိုင်ရာသုတေသီ ကိုရဲမျိုးဟိန်းက အခုလို ပြောပါတယ်။

“အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌရာထူးကိုယူလာပြီးတဲ့အချိန်မှာ အာဆီယံသဘောတူညီချက်ငါးချက်ကို ပိုပြီးမာမာထန်ထန်နဲ့အကောင်အထည်ဖော်မယ်ဆိုတဲ့သဘောထားမျိုး တွေ့လာရတယ်။ အထူးသဖြင့်တော့ အင်ဒိုနီးရှားအပါအဝင်ပေါ့- မလေးရှား၊ စင်ကာပူစတဲ့ maritime ASEAN ပေါ့၊ ပင်လယ်ဘက်ခြမ်းမှာရှိတဲ့ အာဆီယံနိုင်ငံတွေက အာဆီယံမူငါးချက်ကို အမြန်ဆုံးနဲ့ ခိုင်ခိုင်မာမာအကောင်အထည်ဖော်မယ်ဆိုတဲ့ ရပ်တည်ချက်မျိုး တွေ့လာရတယ်။ အဲလိုမျိုး အကောင်အထည်ဖော်ဖို့ဆိုရင် စဉ်းစားချက်တခုကတော့ စစ်ကောင်စီတဘက်တည်းနဲ့ ထိတွေ့လို့မရဘူး၊ ရှိသမျှအဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ရမယ်ဆိုတဲ့အချက်ကို ပြောလာတယ်ပေါ့။ စကစဘက်ကတော့ ဒါက တဘက်မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေကို ပိုပြီး အားပေးအားမြှောက်ပြုပြီးတော့ ပိုအားကောင်းလာအောင် လုပ်နေတယ်ဆိုတဲ့ယူဆချက်မျိုး ရှိပုံရပါတယ်။ အဲဒီအခါကျတော့ သူ့အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘဲနဲ့ အမြန်ဆုံးတုံ့ပြန်လာတယ်လို့ ကျနော်တော့ အဲလိုမြင်ပါတယ်။

ဒီအပေါ် မြန်မာ့အရေးလေ့လာသုံးသပ်သူ သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းကလည်း အခုလို ပြောပါတယ်။

“မလေးရှားတို့၊ အင်ဒိုနီးရှားတို့ မြန်မာအပေါ်မှာ တင်းတင်းမာမာဆက်ဆံတဲ့တိုင်းပြည်တွေက NUG နဲ့ဆက်ဆံဖို့အတွက် လေသံပစ်နေတာတွေရှိတယ်။ ဒါကြောင့်မို့လို့ အခု တရားဝင်ဥက္ကဋ္ဌရာထူးလည်းပြောင်းယူမယ့် အင်ဒိုနီးရှားကလည်း အားလုံးနဲ့တွေ့ဆုံဖို့ဆိုတဲ့ဥစ္စာမှာ- အဲဒီလို လိုက်လုပ်လာမှာကို စိုးရိမ်ပုံရပါတယ်။ NUG ကို အသိအမှတ်ပြုတာ-အဲလိုတွေဖြစ်မလာအောင် ကြိုပြီးတော့ သတိပေးလိုက်တာလို့ - အဲဒီလိုယူဆလို့ရပါတယ်ဗျ။”

အခုလို သတိပေးလိုက်ချိန် ရှေ့ဆက်ဖြစ်လာနိုင်ခြေကို ဆက်မေးရာမှာ USIP အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျုအဖွဲ့မှာ ဧည့်ပညာရှင်လည်းဖြစ်တဲ့ ကိုရဲမျိုးဟိန်းက -

“အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူပေါ့နော်-အခု လက်ရှိ အာဆီယံမှာ အာဆီယံမူငါးချက်နဲ့ပတ်သက်ပြီးတော့ စကစဘက်က အကောင်အထည်ဖော်နေမှုအပိုင်းမှာအားနည်းတယ်၊ အကောင်အထည်လုံးဝ မဖော်ဘူးလို့ မြင်တဲ့နိုင်ငံတွေက သူတို့ပြောတဲ့အတိုင်းပဲ။ အဖွဲ့အစည်းအားလုံးနဲ့ထိတွေ့ဆက်ဆံမှုတွေ လုပ်မယ်လို့တော့ ကျနော်တော့မြင်ပါတယ်ဗျ။ အဲဒီတော့ ဒီလိုမျိုး ထုတ်ပြန်မှုတွေ လုပ်လာပေမဲ့လည်း အာဆီယံအနေနဲ့ကတော့ အဖွဲ့အစည်းအားလုံးနဲ့ထိတွေ့ဆက်ဆံမှုတွေကို ပိုပြီးတော့ တိုးမြှင့်လုပ်ဆောင်လာနိုင်ခြေရှိတယ်။ ဒီအာဆီယံအနေနဲ့ကလည်း ပြီးခဲ့တဲ့အာဆီယံဥက္ကဋ္ဌ နှစ်ဆက်လုံး-ဘရူနိုင်းရော၊ ကမ္ဘောဒီးယားရောမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ ဖြေရှင်းတဲ့အပိုင်းမှာ မအောင်မြင်ခဲ့ဘူး။ သူတို့ကိုယ်တိုင်လည်း ဘယ်လိုမျိုး အကောင်းဆုံးနည်းလမ်းနဲ့ အာဆီယံမူငါးချက်ကို အကောင်အထည်ဖော်ရမလဲဆိုတဲ့ကိစ္စကို သူတို့အချင်းချင်းကြားထဲမှာရော အပြင်မှာရှိတဲ့ပညာရှင်တွေနဲ့ကြားထဲမှာကော စဉ်းစားတာတွေ လုပ်နေတယ်။ အဲဒီအခါကျတော့ ဒီလိုမျိုး နည်းလမ်းဖော်ဆောင်တဲ့နေရာမှာ အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံရမယ်ဆိုတဲ့ကိစ္စကလည်း နည်းလမ်းတရပ်အနေနဲ့ ဖော်ဆောင်တယ်ပေါ့။”

ဒီရှေ့ဆက်ဖြစ်လာနိုင်ခြေအပေါ် ဦးရဲထွန်းကလည်း -

“အာဆီယံမူငါးချက် အကောင်အထည်ဖော်ဖို့က သိပ်ပြီးတော့ မလွယ်တော့ဘူးပေါ့နော်၊ NUG- PDF - CRPH တွေနဲ့တွေ့ဖို့ သူတို့က အဲလိုရည်မှန်းထားတယ်ဆိုလို့ရှိရင်တော့ အခု နစက တုံ့ပြန်ချက်ကိုကြည့်ရတာက ဒီလမ်းစဉ်က သူတို့ချမှတ်ထားတဲ့ 5 points consensus ရှေ့တိုးဖို့အတွက် ဘာမှ သိပ်ထူးထူးခြားခြားဖြစ်လာနိုင်စရာအကြောင်း သိပ်မရှိတော့ဘူး။ မြန်မာနဲ့ပတ်သက်ပြီးတော့ အာဆီယံကဖြေရှင်းပေးဖို့ ကမ္ဘောဒီးယားက အနုနည်းနဲ့ရော အခု အကြမ်းနည်းနဲ့ရော နှစ်ခုလုံးနဲ့ကြိုးစားတာ နည်းပေါင်းစုံသွားပြီလို့တော့ ပြောရမှာပေါ့နော်။ အင်ဒိုနီးရှားကတော့ အခုက ပထမစပြီးတော့ ခြေလှမ်းပြင်တုန်းပဲရှိပါသေးတယ်။ ဒါပေမဲ့ ကြိုပြီးတော့ ခန့်မှန်းကြည့်ရတာ မြင်ရတာတော့ သူ့ရဲ့တိုက်တွန်းချက်တွေကလည်း အောင်မြင်မယ့်အလားအလာ မတွေ့ရပါဘူးဗျ။”

နောက် ရှေ့ဆက်ဖြစ်လာနိုင်ခြေအပေါ်လည်း ကိုရဲမျိုးဟိန်းက -

“လက်ရှိ အင်ဒိုနီးရှားရဲ့ရပ်တည်ချက်နဲ့ လုပ်နေတဲ့အနေအထားကိုလည်း စကစဘက်ကတော့ သဘောတူမှာမဟုတ်ဘူး။ အင်ဒိုနီးရှားကိုယ်စားလှယ်ကိုလည်း ပြည်တွင်းထဲလာဖို့ကိစ္စကိုလည်း တော်တော်တော့စဉ်းစားမယ်လို့ ထင်တယ်။ တဘက်ကလည်း ဘာရှိလဲဆိုတော့ အဲဒီလိုပုံစံအတိုင်း သွားမယ်ဆိုရင်တော့ အာဆီယံနဲ့ ပိုဝေးသွားနိုင်တဲ့အနေအထားမျိုးလည်း တဘက်မှာရှိနေတယ်လို့ ကျနော်တော့ အဲဒီလိုမြင်ပါတယ်ခင်ဗျ။”

တကယ်တော့ အာဆီယံဘက်က ဒီဘုံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေချိန်မှာ မြန်မာစစ်ကောင်စီဘက်ကတော့ သူ့ရဲ့ရှေ့လုပ်ငန်းစဉ်ငါးရပ်နဲ့သူ ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေပုံရတယ်လို့ သုံးသပ်သူတွေက ထောက်ပြနေကြပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

==========================

[[Unicode]]














XS
SM
MD
LG