သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဝင်းမော်ဦး အတွက် အမျှဝေပြီ


၈ လေးလုံးအရေးတော်ပုံအတွင်း အသက်ပေးခဲ့တဲ့ ကျောင်းသူ မဝင်းမော်ဦးအတွက် သူကွယ်လွန်ပြီး ၂၈ နှစ် ကြာပြီးတဲ့နောက် ဒီကနေ့မှာတော့ မိဘတွေက အမျှပေးဝေလိုက်ကြပါပြီ။ ဒီမိုကရေစီရမှ သူ့အတွက် အမျှဝေပါလို့ သူမကွယ်လွန်ခင် မှာကြားခဲ့တဲ့ အတိုင်း အခုလို အရပ်သားဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရ အုပ်ချုပ်ချိန် ဒီကနေ့မှာ အမျှပေးဝေလိုက်တာပါ။ မဝင်းမော်ဦး မှာကြား ခဲ့သလို တကယ်ပဲ ဒီမိုကရေစီ ရလာပြီလား ဆိုတာ ကိုတော့ မေးခွန်းထုတ်တာတွေ ရှိနေဆဲပါ။ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

၁၉၈၈ ခုနှစ်မှာ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ စစ်အာဏာရှင် တစ်ပါတီစနစ်ကို တော်လှန်ခဲ့ကြတဲ့အချိန် ၈လေးလုံးဒီမိုကရေစီ အရေးတော်ပုံ အတွင်း ရဟန်းရှင်လူကျောင်းသားပြည်သူတွေ အသက်တွေပေး ဘဝတွေ စတေးခဲ့ကြရသူ အမြောက်အမြားရှိခဲ့တဲ့အထဲ သေနတ်ဒဏ်ရာနဲ့ အသက်ပေးခဲ့ရတဲ့ မဝင်းမော်ဦးကလည်း တဦးအပါအဝင်ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်း ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ကိုင်ပြီး ချီတက်ခဲ့တဲ့ အသက်၁၆နှစ်အရွယ် ကျောင်းသူမဝင်းမော်ဦးဟာ ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့် မီးပွိုင့်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေနတ် ဒဏ်ရာတွေနဲ့ အသက်ဆုံးခဲ့ရသူဖြစ်ပါတယ်။

သူ အသက်မဆုံးခင်မှာ ဒီမိုကရေစီရမှ အမျှဝေပါ လို့ မှာကြားခဲ့တဲ့အတိုင်း နှစ်ပေါင်း ၂၇ နှစ်ကျော်ကြာအောင် အမျှမဝေပဲ နေခဲ့ရာကနေ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရ မြန်မာနိုင်ငံကို အုပ်ချုပ်နိုင်ပြီမို့ နှစ်ပေါင်း ၂၈နှစ်အကြာမှာတော့ မိဘနှစ်ပါးက မဝင်းမော်ဦးအတွက် ရည်စူးပြီး အမျှပေးဝေလိုက်ပြီဖြစ်ပါတယ်။

ဒီကနေ့ ၂၀၁၆ခုနှစ် မေလ ၂၂ရက်နေ့ မဝင်းမော်ဦးကို မိဘနှစ်ပါးက ရေစက်ချအမျှပေးဝေတဲ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်းတဦးလည်းဖြစ်သူ ဦးနေမျိုးဇင်က မဝင်းမော်ဦးမိဘတွေအနေနဲ့ ဘာကြောင့် အမျှဝေဖို့ ဆုံးဖြတ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“ဦးဝင်းကြူ တို့ပြောဆိုချက်အရကတော့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီအစိုးရအဖွဲ့ အာဏာမျှဝေပြီးတော့ အစိုးရတာဝန်ထမ်းဆောင်ပြီဆိုတော့ သူ ၂၈ နှစ်လုံးလုံး မျှော်လင့်ချင့်တကြီး တကယ်ပင်ပန်းဆင်းရဲစွာ ဆုံးရုံးခဲ့ရတဲ့ ဖိနှိပ်တဲ့အစိုးရရဲ့ ရက်စက်တဲ့ ပရိယာယ်တွေအောက်မှာလည်း အကြီးအကျယ် ဒုက္ခရောက်ခဲ့ရတယ်။ သမီးလေးမှာကြားခဲ့တဲ့ ဒီမိုကရေစီရမှ အမျှဝေပါဆိုတဲ့စကားကိုလည်း အမြဲတမ်းမျှော်လင့်ချက်တကြီးနဲ့ ကြိုးစားရင်းနဲ့ စောင့်စားခဲ့ရတယ်။ အခုအစိုးရသစ်လက်ထက်မှာတော့ ဒီမိုကရေစီအသီးအပွင့်တွေရဲ့ အရိပ်အရောင်တွေ စတင်မြင်တွေ့လာရပြီလို့ ယုံကြည်ပြီးတော့ သမီးအတွက် ပေးထားတဲ့ ကတိတွေကို အခု အမျှဝေတဲ့အစီအစဉ်ဆောင်ရွက်တယ်လို့ မဝင်းမော်ဦးရဲ့အမေ ပြောပြချက်အရတော့ သူကျဆုံးတဲ့ စက်တင်ဘာ ၁၉ လောက်မှာ ဒုတိယတကြိမ် ဆွမ်းကပ်တာ ထပ်လုပ်ဦးမယ်လို့ ပြောပါတယ်ခင်ဗျ။ ဒီနေ့ကတော့ အဓိကတော့ဗျာ ကျန်တဲ့ တနိုင်ငံလုံးမှာရှိတဲ့ လူငယ်လူရွယ်အသီးသီးကို မဝင်းမော်ဦး အသက် ၁၆ နှစ်အရွက်နဲ့မလိုက်အောင်ပေါ့ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကိုကိုင်ပြီးတော့ လူထု၊ ကျောင်းသားထုအလယ်မှာ သေနတ်နဲ့ ပစ်သတ်နေတဲ့ စစ်တပ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီးအသတ်ပေးသွားတယ်။ သွေးသံသရဲရဲနဲ့ သူ့ကို အသက်ပေးကယ်ဆယ်သွားတဲ့ ဆရာဝန်လည်းတက်လာတာကို တွေ့လိုက်တယ်ခင်ဗျ။ ဆရာဝန်လည်း အခု အသက်တော့ကြီးပြီပေါ့။ ဒီမိုကရေစီ အသီးအပွင့်တွေတော့ စတင်ရရှိလာပြီ။ တကယ့်ကို ခိုင်မာတဲ့ ဒီမိုကရေစီဖြစ်အောင် မဝင်းမော်ဦးလို စိတ်ဓါတ်ရှိရှိနဲ့ ကြိုးစားစေလိုတဲ့ရည်ရွယ်ချက်ကြောင့် အခုလိုအခန်းအနားကို ကျင်းပတယ်လို့ ကျနော်က သုံးသပ်ပါတယ်။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့ အာဏာရှင်စနစ် စစ်အစိုးရအုပ်ချုပ်ရေးကနေ အရပ်သားစစ်စစ် အုပ်ချုပ်ရေး အဖြစ် ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းချိန်မှာတော့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ မရသေးပေမဲ့ ဒီမိုကရေစီအစိုးရ ရင်ဆိုင်နေရဆဲ စိန်ခေါ်မှုတွေကို လူထုရဲ့ ပူးပေါင်းပါဝင်မှု နဲ့ ရင်ဆိုင်ဖြတ်ကျော်ရဦးမယ်ဆိုတာကိုလည်း နိုင်ငံရေး လှုပ်ရှားသူတွေဘက်က ထောက်ပြကြပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူဦးနေမျိုးဇင်ကလည်း အခုလိုသုံးသပ်ပါတယ်။

“အဓိကတော့ ဒီမိုကရေစီရပြီလို့ ဦးဝင်းကြူတို့ ဒီ မဝင်းမော်ဦးတို့ အဖေ အမေက ယူဆ ယုံကြည်လို့ ဒီလို ဆွမ်းကပ်အမျှဝေတဲ့အစီအစဉ်ကို ကျနော်တို့အနေနဲ့ ဘာမှတော့ ဆိုလိုချင်တာမရှိဘူး။ ဒါပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ကျနော်တို့နိုင်ငံက ခိုင်မာတဲ့ ဒီမိုကရေစီစနစ်တရပ် တန်းတူညီမျှတဲ့ အခွင့်အရေးတွေရရှိဖို့တော့ အလှမ်းဝေးနေဆဲဖြစ်သေးတယ်။ အနှောက်အယှက်အဖျက်အဆီးအဟန့်အတားတွေနဲ့ လူထူရွေးချယ်တဲ့ အစိုးရဖြစ်အောင် မနည်းကို တည်ဆောက်ကြိုးပမ်းပြီးတော့ ရှေ့ဆက်သွားနေရတဲ့ကာလဖြစ်တယ်။ ဒုတိယတချက်ကတော့ လူထုခေါင်းဆောင်ဦးဆောင်တဲ့အစိုးရအဖွဲ့ကို တည်ဆောက်ဖို့ကြိုးစားနေတဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ အစိုးရအဖွဲ့ကို ကျနော်တို့က အထောက်အကူပေးရမယ့်အချိန်ဖြစ်ပါတယ်။ အစိုးရကောင်းအတွက်ကို ကျနော်တို့က နိုင်ငံသားကောင်းတွေ ဖြစ်ဖို့ ကြိုးစားရမှာဖြစ်သလို ၊ ခေါင်းဆောင်ကောင်းအတွက်ကိုလည်း တန်ဖိုးသိတဲ့ တာဝန်လည်းသိတဲ့နောက်လိုက်ကောင်းတွေအဖြစ် ကျနော်တို့ ကြိုးစားဖို့လိုပါလိမ့်မယ်။ ဒါမှသာလျှင် မဝင်းမော်ဦး အပါအဝင် ပေးဆပ်ခဲ့တဲ့ အာဇာနည်အားလုံးအတွက် ကျေးဇူးဆပ်ရာရောက်ပါလိမ့်မယ်။”

အဖဦးဝင်းကြူ ၊ အမိဒေါ်ခင်ဌေးဝင်းတို့ရဲ့ သမီးကြီး ၁၉၇၂ ခုနှစ်မှာ မွေးဖွားခဲ့သူ မဝင်းမော်ဦးဟာ အသက် ၁၆နှစ်အရွယ်မှာ အသက်ဆုံးပါးခဲ့ရတာဖြစ်ပြီး တကယ်လို့ သူ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင်တော့ အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ မဝင်းမော်ဦးအတွက် ရေစက်ချအမျှဝေပွဲ နဲ့ အောက်မေ့ဖွယ် ဂုဏ်ပြုပွဲ အခမ်းအနားကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (၂၀)ရပ်ကွက် ဗိုလ်တေဇလမ်းရှိ နေအိမ်မှာ မဝင်းမော်ဦး မိသားစုက ရဟန်းသံဃာတော်တွေကို သင်္ဃန်း၊ ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပြီး မဝင်းမော်ဦးကို ရည်စူး ရေစက်ချအမျှဝေခဲ့ပါတယ်။ဒီအခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဒီမိုကရေစီ အင်အားစုတွေ တက်ရောက်ခဲ့ကြပါတယ်။

မဝင်းမော်ဦး အတွက် အမျှဝေပြီ
please wait

No media source currently available

0:00 0:04:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG