သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးရေး မဟာဗျုဟာ အားနည်းချက် WLB ထောက်ပြ


မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည် မဟာဗျူဟာ စီမံကိန်းတွေ ချမှတ်ထားပေမဲ့လို့ တကယ်တမ်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှု အားနည်းသလို ရှင်းလင်းတိကျတဲ့ တာဝန်ယူဆောင်ရွက်မှုတွေ လမ်းညွန်ချမှတ်ထားတာ မရှိဘူးလို့ WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက ဝေဖန်လိုက်ပါတယ်။ အစိုးရက ချမှတ်လုပ်ဆောင်နေတဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ၁၀ နှစ်တာ မဟာဗျူဟာ စီမံကိန်းကို WLB က လေ့လာသုံးသပ်ပြီး ဒီကနေ့ စာတမ်းတစောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီသုံးသပ်ချက်စာတမ်း မိတ်ဆက်ပွဲကို ကိုယ်တိုင် သွားရောက်သတင်းယူထားတဲ့ ကိုကောင်းစံဟိန်းက အပြည့်စုံ တင်ပြပေးပါမယ်။

အစိုးရရဲ့ နှစ်ရှည်စီမံကိန်းနဲ့ လုပ်ဆောင်နေတဲ့ NSPAW လို့ခေါ်တဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းဟာ အခုဆိုရင် ၆ နှစ်ထဲကို ရောက်လာပါပီ။ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း စီမံကိန်းရဲ့ လုပ်ဆောင်ချက်တွေ ထိရောက်မှုမရှိဘူးလို့ ဒီစီမံကိန်းနဲ့ပတ်သက်လို့ လေ့လာစမ်းစစ် သုံးသပ်ထားတဲ့ WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ ပြောပါတယ်။ စီမံကိန်းပါ အချက်အလက်တွေဟာ ရည်မှန်းချက် ကြီးမားပေမဲ့၊ လက်တွေ့အကောင်အထည်ဖော်မှုကတော့ အားနည်းတဲ့အကြောင်း WLB အဖွဲ့ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ပြောပါတယ်။

“၂၀၀၈ဖွဲ့စည်းပုံမှာ အမျိုးသမီးတွေကို ခွခြားဆက်ဆံတဲ့အပိုင်း ကျားမ တန်းတူရေးမညီမျှတဲ့အပိုင်းတွေ အများကြီးရှိတယ်။ ဆိုတော့ သူက ၂၀၀၈ဖွဲ့စည်းပုံကို အခြေခံလိုက်တဲ့ အခါကျတော့ တကယ့် ပြဿနာဖြစ်တဲ့ဟာကို ကျမတို့ ထောက်ပြတယ်။ ဒီမဟာဗျူဟာ စီမံကိန်းက ဘယ်သူကတာဝန်ယူ၊ တာဝန်ခံမှုအပိုင်းမှာ ဘာမှ ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြတာတွေ မရှိသလို အကောင်ထည်ဖော် ဆောင်ရွက်တဲ့အခါမှာလည်း လူတွေ အများကြီးမသိတာတွေလည်း ရှိတာပေါ့။”

အခုစီမံကိန်းဟာ အမျိုးသမီးတွေရဲ့ လူနေမှုဘဝတွေ ပိုမို တိုးတက်ကောင်းမွန်လာအောင် လက်တွေ့မှာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘဲ အားနည်းချက်တွေ ပြည့်နေတဲ့ စီမံကိန်းဖြစ်တယ်လို့ သုံးသပ်ချက်စာတမ်းမှာ ဝေဖန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၊ တပ်မတော်ရဲ့ အာဏာလွှမ်းမိုးမှု၊ ခေတ်နဲ့အညီ လိုက်လျောညီထွေမရှိတဲ့ ဥပဒေတွေနဲ့ ကျားမ တန်းတူရေး ဖော်ဆောင်မှုကို နှောက်ယှက်ဟန့်တားနေတဲ့ အတားအဆီးတွေကို ထိထိမိမိ ကိုင်တွယ် ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့လည်း ဒီစာတမ်းမှာ သုံးသပ် ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည် မဟာဗျူဟာ စီမံကိန်း NSPAW ကို အစိုးရရဲ့ ဆောင်ရွက်ချက်နဲ့ ၂၀၁၃ ကနေ ၂၀၂၃ ခုနှစ်အထိ ရေးဆွဲထားတာပါ။ စီမံကိန်းရေးဆွဲစဉ်က အမျိုးသမီးအဖွဲ့တွေရဲ့ အကြံပြုချက်တွေ ထည့်သွင်းတာမျိုး မရှိခဲ့ဘူးလို့ သံတောင်ကြီး အမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ နော်မာမာချိုက အခုလိုပြောပါတယ်။

“ဘယ်အပိုင်းတွေ ထည့်လို့ရတယ်။ဘယ်အပိုင်းတွေ ထည့်သင့်တယ်ဆိုတာကို ကျမတို့ အမျိုးသမီးတွေ စုပီးဆွေးနွေးပီးတော့ တင်သွင်းထားတဲ့ စာတမ်းတွေလည်း ပါတာပေါ့နော်။ အဖွဲ့အစည်းတွေက အကြံပြုထားတဲ့ အရာတွေမပါဖူး။ တချို့ဟာတွေဆို ကျမတို့ အကြံပြုထားတဲ့ဟာတွေ မပါလာဘူး။”

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း သုံးသပ်ချက်စာတမ်းကိုတော့ WLB အဖွဲ့နဲ့အတူ အမေရိကန်ပြည်ထောင်စု Fordham တက္ကသိုလ်၊ နိုင်ငံတကာဥပဒေနဲ့ တရားမျှတရေးဆိုင်ရာ Leitnar Center တို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်မှာ စတင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီကနေ့ မေလ ၂၁ ရက်နေ့မှာ ဒီသုံးသပ်ချက်စာတမ်းကို ထုတ်ပြန်လိုက်တာပါ။ ဒီကနေ့ စာတမ်းဖတ်ပွဲကိုတော့ ရန်ကုန်မြို့က Green Hill ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆွေးနွေးပွဲ စကားဝိုင်းတွေလည်း ကျင်းပခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG