သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေဝါလီခံထားရတဲ့ သီရိလင်္ကာကို ကမ္ဘာ့ဘဏ် ဒေါ်လာ သန်း ၂၅၀ ထပ်မံထောက်ပံ့


သီရိလင်္ကာနိုင်ငံ ကိုလုံဘိုမြို့က ဈေးတခုမှာ အသီးအရွက်ဝယ်နေကြသူများ (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)
သီရိလင်္ကာနိုင်ငံ ကိုလုံဘိုမြို့က ဈေးတခုမှာ အသီးအရွက်ဝယ်နေကြသူများ (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)

စီးပွားကျဆင်းမှုတွေနဲ့ မနှစ်က ရင်ဆိုင်ခဲ့ရပြီး ဒေဝါလီခံထားရတဲ့ သီရိလင်္ကာနိုင်ငံအတွက် ဒေါ်လာ သန်း ၂၅၀ ထောက်ပံ့ပေးလိုက်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံအတွင်း နိုင်ငံခြားငွေ ပြတ်သွားခဲ့တာကြောင့် ၂၀၂၂ ခုနှစ် ဧပြီလမှာ ချေးငွေ ဒေါ်လာ ၄၆ ဘီလီယံကို ပြန်မဆပ်နိုင်တဲ့ အခြေအနေကို ရောက်သွားခဲ့တာပါ။ အဲဒီရဲ့ အကျိုးဆက်အဖြစ်နဲ့ တိုင်းပြည်အတွက် အခြေခံလိုအပ်ချင်တွေဖြစ်တဲ့ စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ ဆေးဝါးတွေ ပြတ်လပ်သွားခဲ့တာမှာ အထွေထွေ မကျေနပ်မှုတွေဖြစ်ပေါ်ပြီး သမ္မတ Gotabaya Rajapaksa ပါ ရာထူးက ဆင်းပေးလိုက်ရတဲ့အထိ နိုင်ငံရေး မတည်ငြိမ်မှုတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။

သီရိလင်္ကာအနေနဲ့ တိုင်းပြည်စီးပွား တိုးတက်ကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ရင် ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ပေးမယ်လို့ ကမ္ဘာ့ဘဏ်က ကတိပြုထားတဲ့အတိုင်း နောက်ဆုံးကျန်ရှိနေတဲ့ ဒေါ်လာ သန်း ၂၅၀ ကို ဒုတိယအသုတ်ဖြစ် ထောက်ပံ့ပေးလိုက်တာလည်း ဖြစ်ပါတယ်။

သီရိလင်္ကာရဲ့ လက်ရှိသမ္မတကတော့ တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ တင်းကြပ်တဲ့ ခြိုးခြံ ချွေတာမှုနဲ့ ပြုပြင် ပြောင်းလဲရေးတွေအပြင် အခွန်ကို ၂ ဆ တိုးကောက်တာ၊ လောင်စာဆီအတွက် အစိုးရက အမတော်ကြေး မပေးတော့တာ၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပြဌာန်းတာ စတဲ့ အစီအစဉ်တွေကို ဆောင်ရွက်နေပါတယ်။

သီရိလင်္ကာ ဗဟိုဘဏ်ကတော့ တိုင်းပြည်စီးပွားရေးဟာ စက်တင်ဘာလမှာ ကုန်ဆုံးတဲ့ တတိယ ၃ လပတ်အတွင်း ၁.၆% တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ မနှစ်က တိုင်းပြည်စီးပွား အနုတ်လက္ခဏာ ၁၁.၅% ရှိခဲ့ရာကနေ အပေါင်းလက္ခဏာဘက်ကို ပထမဆုံး ပြောင်းလဲလာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG