သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် နဲ့ အာဂျင်တီးနား ဘယ်သူဗိုလ်စွဲမလဲ


Soccer World Cup Stadiums
Soccer World Cup Stadiums

၂၀၂၂ ကမ္ဘာ့ဖလား နောက်ဆုံးဖိုင်နယ်ကိုတော့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဒီနေ့ တနင်္ဂနွေ့နေ့ညမှာ ကစားကြမှာဖြစ်ပြီး လက်ရှိကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့ တောင်အမေရိကချန်ပီယံ အာဂျင်တီးနားတို့ ဗိုလ်လုကြမှာပါ။ ဝါသနာရှင်တွေရဲ့ ခန့်မှန်းချက်တွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။  

ပြင်သစ် နဲ့ အာဂျင်တီးနား ဘယ်သူဗိုလ်စွဲမလဲ

{{Zawgyi/Unicode}}
၂၀၂၂ ကမ္ဘာ့ဖလား နောက်ဆုံးဖိုင်နယ်ကိုတော့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဒီနေ့ တနင်္ဂနွေ့နေ့ညမှာ ကစားကြမှာဖြစ်ပြီး လက်ရှိကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့ တောင်အမေရိကချန်ပီယံ အာဂျင်တီးနားတို့ ဗိုလ်လုကြမှာပါ။ ဒီကမ္ဘာ့ဖလားဟာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပွဲလည်းဖြစ်တာကြောင့် အားလုံးက မက်ဆီအနေနဲ့ ဒီပွဲမှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်မလားလို့ စိတ်ဝင်စားနေကြပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး ကမ္ဘာကျော်ဘောလုံးသမားတွေအပါအဝင် ပြည်တွင်းပြည်ပက ဘောလုံးကျွမ်းကျင်သူတွေနဲ့ ဝါသနာရှင်တွေရဲ့ ခန့်မှန်းချက်တွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။

၂၀၂၂ ကာတာကမ္ဘာ့ဖလားဘောလုံးပွဲ နောက်ဆုံးဖိုင်နယ်ကိုတော့ ဒီဇင်ဘာ ၁၈ ရက် ဒီနေ့ညမှာ ကစားမှာဖြစ်ပြီး ပြင်သစ် နဲ့ အာဂျင်တီးနား အသင်းတို့ ဗိုလ်လုကြမှာပါ။ ပြိုင်ပွဲမစခင်နဲ့ ပြိုင်ပွဲစပြီး အစောပိုင်းမှာတော့ အတော်များများက ပြင်သစ်အသင်းကို ဖိုင်နယ်ရောက်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့်၊ အာဂျင်တီးနားအသင်းကတော့ ပွဲဦးထွက်မှာ ဆော်ဒီအသင်းကို ရှုံးလိုက်တာကြောင့် အခုလို ဖိုင်နယ်အထိ တက်မယ်လို့တောင် မထင်ခဲ့ကြတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂ သင်းစလုံး ပွဲစဉ်တလျှောက်ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး၊ အခုတော့ နောက်ဆုံးဖိုင်နယ်မှာ တွေ့ကြပြီဖြစ်ပါတယ်။ ပြင်သစ်အသင်းက လက်ရှိကမ္ဘာ့ချန်ပီယံဖြစ်သလို၊ အာဂျင်တီးနားအသင်းကလည်း လက်ရှိ ကိုပါ အမေရိက ချန်ပီယံ ဖြစ်ပါတယ်။ ၂ သင်းစလုံးမှာ လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေဖြစ်တဲ့ Messi နဲ့ Kylian Mbappe တို့ ပါဝင်နေပြီး ၂ ယောက်စလုံးက ဒီကမ္ဘာ့ဖလားမှာ ၅ ဂိုးစီသွင်းထားတာကြောင့် ဒီပွဲရဲ့ အဆုံးအဖြတ်က သူတို့ ၂ ယောက် ရဲ့ခြေစွမ်းပေါ်မှာ မူတည်နေတယ်လို့ အတော်များများက ရှုမြင်နေကြပါတယ်။ ဒါပေမဲ့လည်း အာဂျင်တီးနားနည်းပြ Scaloni ကတော့ Messi နဲ့ Mbappe တို့ ၂ ယောက်ရဲ့ ပွဲမဟုတ်ဘဲ ဒါက ပြင်သစ်နဲ့ အာဂျင်တီးနားတို့ပွဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒီ ၂ သင်းရဲ့ လက်ရှိ ခြေအနေအထား နဲ့ ပတ်သက်ပြီး Soccer Follow ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်မျိုးဟန်ကတော့ အခုလို သုံးသပ်ပါတယ်။
///// ကိုကျော်မျိုးဟန် - Soccer Follow ဂျာနယ် အယ်ဒီတာချုပ် /////

" တိုက်စစ်ပိုင်းမှာကြည့်ရင်တော့ Messi က အရမ်းကို လှုပ်ခတ် ကစားနိုင်တယ်ဆိုပေမယ့် Mbappe ၊အမ်ဘီလီ၊ ဂရစ်စမဲ၊ ဂျီရု့ တို့ကလည်း ပုံစံကောင်းတွေနဲ့ တွဲဖက်ညီနေတာကြောင့် ပြင်သစ် က အနည်းငယ်သာတယ်။ ကွင်းလယ်ပိုင်းကတော့ ကွင်းလည်ပိုင်းမှာ သိပ်မဆိုးပါဘူး။ နောက်ပိုင်းမှာတော့ အာဂျင်တီနား က နည်းနည်းသာတယ်။ အာဂျင်တီးနားက ဒီပွဲမှာ ကောင်တာနဲ့ ကစားမယ်။ ရတော့မှ Messi ကို ပို့ပေးမယ်။ ဒါကြောင့် ဒီပွဲမှာ ဂိုးနည်းမယ်ထင်ပါတယ် "

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းကတော့ ပြင်သစ်အသင်းမှာ အဖျားဗိုင်းရပ်စ်တမျိုးကြောင့် နောက်တန်းက အဓိကကစားသမားတွေဖြစ်တဲ့ Varane, Konate, Upamecano, Rabiot နဲ့ နောက်တယောက်တို့ လေ့ကျင့်ခန်းမဆင်းနိုင်တာတွေ ဆီမီးဖိုင်နယ်ပွဲမကစားနိုင်တာတွေ ဖြစ်ခဲ့ပေမယ့် အခုတော့ အားလုံးပြန်ကောင်းလာပြီလို့ သိရပါတယ်။
ကမ္ဘာ့ဖလားသမိုင်းမှာတော့ အာဂျင်တီးနားက ၁၉၇၈နဲ့ ၁၉၈၆ ခုနှစ်တွေမှာ ၂ ကြိမ်ဗိုလ်စွဲထားပြီး၊ ပြင်သစ်က ၁၉၉၈ နဲ့ ၂၀၁၈ မှာ ကမ္ဘာ့ဖလားကို ၂ ကြိမ် ဗိုလ်စွဲထားတာကြောင့် ဒီတကြိမ် ဗိုလ်စွဲတဲ့အသင်း ကတော့ ကမ္ဘာ့ဖလားကို ၃ ကြိမ်တိုင်တိုင် အနိုင်ရတာဖြစ်မှာပါ။ ဆိုတော့ဒီပွဲမှာ ဘယ်အသင်း အနိုင်ရမှာပါလဲ။ ဘရာဇီးက ကမ္ဘာကျော်ဘောလုံးသမားကြီး ရိုနာလ်ဒိုကတော့၊

//// Ronaldo - ဘရာဇီးတိုက်စစ်မှူးဟောင်း /////
" ကမ္ဘာ့ဖလားမစခင်ကတည်းက ကျနော်ပြောခဲ့သလိုပဲ ဒီနှစ် ကမ္ဘာ့ဖလားကို ဗိုလ်စွဲဖို့ရေပန်းအစားဆုံးကတော့ ပြင်သစ်အသင်းလို့ ကျနော်ထင်ပါတယ်။ ပြီးတော့ ကျနော်အတွက်ကတော့ Mbappe က ဒီကမ္ဘာ့ဖလားမှာ အကောင်းဆုံးဘောလုံးသမားဆုကို ရပါလိမ့်မယ်။

တကယ်လို့ ဒီပွဲမှာ မက်ဆီရဲ့ အာဂျင်တီးနားသာရသွားရင် ဘယ်လိုနေမလဲဆိုတဲ့အပေါ်မှာ ရိုနာလ်ဒိုက သူ့အနေနဲ့ မက်ဆီအနိုင်ရတာကို ဝမ်းသာမှာဖြစ်ပေမယ့်၊ ဘရာဇီးနဲ့ အာဂျင်တီးနားက မဟာပြိုင်ဘက်တွေဖြစ်တာကြောင့်၊ အာဂျင်တီးနားနိုင်တာကိုတော့ ဝမ်းသာမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ချယ်ဆီး နဲ့ အိုင်ဗရီကို့စ်တိုက်စစ်မှူးဟောင်း Didier Drogba ကတော့ ပြင်သစ်အသင်းမှာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တဲ့အသင်းက နည်းပြ ဒေ့ရှမ့် နဲ့ ကစားသမား ၁၀ ယောက်ပါနေပြီး၊ အဲဒီလို ကမ္ဘာ့ဖလားကိုဗိုလ်စွဲဖူးတဲ့ အတွေ့အကြုံက ပြင်သစ်အသင်းအတွက် အသာစီးရ စေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိင်းကိန်းကတော့ အာဂျင်တီးနားမှာ မက်ဆီပါနေတဲ့အတွက် အာဂျင်တီးနားက ပြင်သစ်ထက် ဗိုလ်စွဲဖို့ နည်းနည်းလေးပိုပြီး ရေပန်းစားတယ်လို့ ITV ရုပ်သံမှာ ပြောလိုက်ပါတယ်။

မြန်မာ ဘောလုံးပရိသတ်တဦးဖြစ်တဲ့ ကိုဖေမောင်ထက် ကလည်း ပြင်သစ်က အသင်းလိုက်စုစည်းမှု ပိုကောင်းပေမယ့်၊ မက်ဆီက ဒီပွဲမှာ ပြင်သစ်အတွက် အဓိက အဟန့်အတားဖြစ်တယ်လို့ မြင်ပါတယ်။

//// ကိုဖေမောင်ထက် - မြန်မာဘောလုံးပရိသတ် /////

" အသင်းတွေကတော့ ခံစစ်ကော၊ ထိုးစစ်ကော အကုန်ကောင်းပါတယ်။ ပြင်သစ်ကတော့ တသင်းလုံးကောင်းတယ်။ အသင်းလိုက် စုစည်းမှုပိုကောင်းတယ်ပေါ့နော်။ ဒါကြောင့်လည်း သူတို့က ၁၉ ၆၂ နောက်ပိုင်း ဘရာဇီးပြီးရင် ပထမဆုံး Back to Back ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေတာပေါ့။ ဒါပေမယ့်လည်း အာဂျင်တီးနားမှာ အသင်းလိုက် ပြင်သစ် လောက် မတောင့်ပေမဲ့ နောက်ဆုံး ဖိုင်နယ်မှာ ချေစွမ်းအကုန်ထုတ်မဲ့ Messi ရှိနေတာပေါ့။ သူကပဲ ၁၉ ၈၆ နောက်ပိုင်းမှာ မာရာဒိုနာ နောက်ပိုင်းမှာ တခါမှ မရသေးတဲ့ ကမ္ဘာ့ဖလားကို ရယူပေးနိုင်မယ်လို့ ထင်တယ်။ အဂျင်တီးနား က ၂ဝ၁၈ တို့ ၁၆ သင်းရှုံးထွက်မှာ ပြင်သစ်နဲ့ ကြုံတုံးက အမှားပေါ့နော် ။ Mbappe ကို မထိန်းနိုင်တဲ့အမှား ဆက်ကျူးလွန်းမယ် မထင်ဘူးဗျ ။ ဒါကြောင့် အာဂျင်တီးနားကပဲ Messi ရဲ့ ဦးဆောင်မှုနဲ့ပဲ ဗိုလ်လု့ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရမယ်ထင်ပါတယ်။ "

ဆိုတော့ သမိုင်းတလျှောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားလို့ အတော်များများက တင်စားနေကြတဲ့ မက်ဆီဟာ ကစားသမားဘ၀ တလျှောက်မှာ မနှစ်က ကိုပါအမေရိကဖလားအပါအဝင် ဆုဖလားအားလုံးလိုလိုကို ရထားပေမယ့် သူ့အတွက် အဓိကကျန်နေတာကတော့ ကမ္ဘာ့ဖလားပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံးပွဲဖြစ်တာကြောင့် အတော်များများကလည်း မက်ဆီကို အနိုင်ရစေချင်နေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး Soccer Follow ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်မျိုးဟန် က တော့ ....

///// ကိုကျော်မျိုးဟန် - Soccer Follow ဂျာနယ် အယ်ဒီတာချုပ် /////

" ကျနော်က ဒီပွဲကို ဥနှောက် နဲ့ မရွေးပွဲ နှလုံးသားနဲ့ ရွေးချင်တယ်ပြောချင်တယ်။ ဦးနှောက် နဲ့ ရွေးမယ်ဆိုရင် လက်ရှိ ချန်ပီယံ ပြင်သစ် က ချေနည်းနည်းသာတယ်။ နှလုံးသားနဲ့ ရွေးချယ်ချင်းတယ်ဆိုတာကတော့ Messi အတွက် ဒါဟာ ကမ္ဘာ့ ဖလားဖြစ်သွားနိုင်တာမို့ Messi ကို ကမ္ဘာ့ဖလား ရစေချင်တယ်ဗျာ"

ဂျပန်နိုင်ငံက ဘောလုံးဝါသနာရှင်တဦးဖြစ်တဲ့ ကိုထွန်းသီဟထက်ကတော့ ၊ အာဂျင်တီးနားအသင်းကို အားပေးမယ်လို့ ပြောပါတယ်။

///// ထွန်းသီဟထက် - ဂျပန်နိုင်ငံက မြန်မာဘောလုံးဝါသနာရှင်တဦး //////

" ကျနော်ကတော့ အာဂျင်တီးနာ Fan ဆိုတော့ အာဂျင်တီးနား ကိုပဲ ရစေချင်ပါတယ်။ သူပဲ ရမဲထင်ပါတယ်။ ဒါပေမဲ့ ပြင်သစ်ကတော့ အရမ်းကောင်းနေတော့ ခက်ခက်ခဲခဲ ကစားရမယ်ထင်ပါတယ်။ Messi ရဲ့နောက်ဆုံးပွဲ ကြောင့် အာဂျင်တီးနား ကိုပဲ ရစေချင်ပါတယ် "

ဒီ ၂ သင်း အရင်က ၁၂ ကြိမ်တွေ့ထားတာမှာ အာဂျင်တီးနားက ၆ ကြိမ်နိုင်ပြီး ၃ ပွဲ သရေကျပြီးတော့ ပြင်သစ်က ၃ ကြိမ် နိုင်ထားပါတယ်။ ဆိုတော့ မက်ဆီအနေနဲ့ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့ အတူ အောင်ပွဲခံနိုင်မလား ဒါမှမဟုတ် ပြင်သစ်အသင်းကပဲ ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက်တိုက် ဗိုလ်စွဲသွားမလားဆိုတာကတော့ ဒီနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်ခင်ဗျာ။

ပြင်သစ် နဲ့ အာဂျင်တီးနား ဘယ်သူဗိုလ်စွဲမလဲ
please wait

No media source currently available

0:00 0:06:58 0:00

.............................................


{{Zawgyi/Unicode}}

















XS
SM
MD
LG