သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ရှင် ရုရှားနဲ့ ခရိုအေးရှား ပယ်နယ်လ်တီကန်ပြီး ကွာတားတက်


စပိန်အသင်းကို အနိုင်ရအပြီး အောင်ပွဲခံနေသည့် ရုရှားအသင်းနှင့် ပရိသတ်များ။ ၁ ဇူလိုင် ၂၀၁၈။
စပိန်အသင်းကို အနိုင်ရအပြီး အောင်ပွဲခံနေသည့် ရုရှားအသင်းနှင့် ပရိသတ်များ။ ၁ ဇူလိုင် ၂၀၁၈။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို တနင်္ဂနွေနေ့က ဆက်ပြီး ယှဉ်ပြိုင်ကစားကြတာမှာ အိမ်ရှင် ရုရှားက စပိန်အသင်းကို ပယ်နယ်လ်တီ အပါအဝင် ၅ ဂိုး ၄ ဂိုး၊ ခရိုအေးရှားနဲ့ ဒိန်းမတ်ပွဲမှာလည်း ပယ်နယ်လ်တီအပါအဝင် ၄ ဂိုး ၃ ဂိုးနဲ့ ခရိုအေးရှားက အနိုင်ရပြီး ကွာတားဖိုင်နယ် တက်သွားကြပါပြီ။

စပိန်နဲ့ရုရှားတို့ဟာ မိနစ် ၉၀ ပြည့်တဲ့ထိ တဘက် ၁ ဂိုးစီနဲ့ သရေဖြစ်နေတာကြောင့် အချိန်ပို နာရီဝက် ဆက်ကစားတာမှာ ဘယ်ဘက်ကမှ ဂိုးမသွင်းနိုင်ကြတဲ့အတွက် ပယ်နယ်လ်တီကန်ပြီး အဆုံးအဖြတ်ယူရတာပါ။

စပိန်အသင်းက Koke ကန်တဲ့ သုံးလုံးမြောက် ပယ်နယ်လ်တီကို ရုရှားဂိုးသမား Akinfeev လက်နဲ့ပုတ်ထုတ်လိုက်ပြီး Aspas ကန်တဲ့ ငါးလုံးမြောက် ပယ်နယ်လ်တီကိုလည်း ခြေထောက်နဲ့ ကန်ထုတ်လိုက်နိုင်တာကြောင့် အဆုံးမှာ ရုရှားက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရ သွားတာပါ။

စပိန်အသင်းမှ ကန်သွင်းသည့် ပယ်နယ်လ်တီကို ကာကွယ်နေသည့် ရုရှားဂိုးသမား Igor Akinfeev ။ ၁ ဇူလိုင် ၂၀၁၈။
စပိန်အသင်းမှ ကန်သွင်းသည့် ပယ်နယ်လ်တီကို ကာကွယ်နေသည့် ရုရှားဂိုးသမား Igor Akinfeev ။ ၁ ဇူလိုင် ၂၀၁၈။

ရုရှားအသင်း ကွာတားဖိုင်နယ်အဆင့် တက်နိုင်တာဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး ကတည်းကဆိုရင် ဒါဟာ ပထမဆုံး အကြိမ်ပါပဲ။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ စပိန် အသင်း ပယ်နယ်လ်တီနဲ့ရှုံးပြီးထွက်သွားရတာ ဒါဟာ သုံးကြိမ်မြောက်ဖြစ်ပြီး ၁၉၈၆ ခုနှစ် က ဘယ်လ်ဂျီယမ်၊ ၂၀၀၂ ခုနှစ်က တောင်ကိုရီးယားတို့ကို အလားတူ ရှုံးနိမ့်ဖူးပါတယ်။

ရုရှားကိုရှုံးပြီးချိန် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် စပိန်အသင်းသားတချို့။ ၁ ဇူလိုင် ၂၀၁၈။
ရုရှားကိုရှုံးပြီးချိန် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် စပိန်အသင်းသားတချို့။ ၁ ဇူလိုင် ၂၀၁၈။

တနင်္ဂနွေနေ့ ဒုတိယပွဲဖြစ်တဲ့ ခရိုအေးရှားနဲ့ ဒိန်းမတ်တို့ပွဲမှာလည်း မိနစ် ၉၀ နဲ့ အချိန်ပို နာရီဝက်ပြီးတဲ့ထိ တဘက် ၁ ဂိုးစီနဲ့ သရေ ကျနေတာကြောင့် ပယ်နယ်လ်တီနဲ့ပဲ ဆုံးဖြတ် ရတာပါ။

ဒီပွဲစစချင်း ၁ မိနစ်အတွင်းမှာ ဒိန်းမတ်အသင်းက အဖွင့်ဂိုးရသွားပြီး သုံးမိနစ်အကြာမှာ ခရိုအေးရှားအသင်းက ချေပဂိုးပြန်သွင်း တာကြောင့် ဒီဂိုးနှစ်ဂိုးဟာ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ သက်တမ်းတလျှောက် နှစ်ဘက်အသင်းနှစ်သင်း သွင်းတဲ့ဂိုးတွေထဲ ဒုတိယမြောက် အမြန်ဆုံးဂိုးတွေ ဖြစ်သွားပါတယ်။ အရင်က အမြန်ဆုံးသွင်းထားဖူးတာကတော့ ၂၀၁၄ ခုနှစ်က အာဂျင်တီးနားနဲ့ နိုင်ဂျီးရီးယားတို့ပွဲမှာဖြစ်ပါတယ်။

ပွဲစပြီး ၁ မိနစ်တွင် Mathias Jorgensen သွင်းယူလိုက်သည့် ဒိန်းမတ်အသင်းအတွက် အဖွင့်ဂိုး။ ၁ ဇူလိုင် ၂၀၀၈။
ပွဲစပြီး ၁ မိနစ်တွင် Mathias Jorgensen သွင်းယူလိုက်သည့် ဒိန်းမတ်အသင်းအတွက် အဖွင့်ဂိုး။ ၁ ဇူလိုင် ၂၀၀၈။

အချိန်ပို ဒုတိယပိုင်း ၁၅ မိနစ် ကုန်ခါနီးလေးမှာ ခရိုအေးရှားအတွက် ပယ်နယ်လ်တီရတာ ကို အသင်းခေါင်းဆောင်ဖြစ်တဲ့ ရီးယဲလ် မက်ဒရစ် ကွင်းလယ်ကစားသမား Modric ကန်သွင်းပေမဲ့ ဒိန်းမတ်ဂိုးသမား Schmeichel ကာကွယ်လိုက်နိုင်တာကြောင့်လည်း ပယ်နယ်လ်တီကန်ပြီး ဆုံးဖြတ်ရတဲ့အဆင့်ထိ ရောက်သွားတာပါ။

အဆုံးသတ်မှာတော့ ပယ်နယ်လ်တီငါးလုံးမှာ ခရိုအေးရှားအသင်းက စုစုပေါင်း ၃ လုံး ဝင်ပြီး ဒိန်းမတ်အသင်းက ၂ လုံးပဲ ဝင်တာ ကြောင့် ခရိုအေးရှားက ပယ်နယ်လ်တီ အပါအဝင် ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ခရိုအေးရှားဘက်ကသွင်းတဲ့ ပယ်နယ်လ်တီနှစ်လုံးအထိ ဒိန်းမတ်ဂိုးသမား Schmeichel က ကာကွယ်ပေးပြီး ဒိန်းမတ်ဘက်က သွင်းတဲ့ ပယ်နယ်လ်တီ သုံးလုံးအထိကို ခရိုအေးရှားဂိုးသမား Subasic က ကာကွယ်ပေးလိုက်နိုင်တာကြောင့်လည်း အခုလို အနိုင်ရသွားတာပါ။

ခရိုအေးရှားအသင်းဟာ ၁၉၉၈ ခုနှစ်ကတည်းကဆိုရင် ပထမဆုံးအကြိမ်အဖြစ် ကွာတား ဖိုင်နယ်အဆင့်ကို တက်နိုင်တာဖြစ်ပါတယ်။

ရုရှားနဲ့ ခရိုအေးရှားတို့ရဲ့ ကွာတားဖိုင်နယ်လ်ပွဲကို မြန်မာစံတော်ချိန် ဇူလိုင်လ ၈ ရက် တနင်္ဂနွေနေ့၊ မနက် ၁၂ နာရီခွဲမှာ ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။

ဇူလိုင်လ ၂ ရက် တနင်္လာနေ့မှာတော့ ဘရာဇီးလ်နဲ့ မက္ကဆီကို၊ ဘယ်လ်ဂျီယမ်နဲ့ ဂျပန် အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG