သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေစိုးမိုးဖို့လို


မြန်မာနိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေကို တားဆီးဖို့ဆိုရင် နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုရှိအောင် အဓိကထား ဆောင်ရွက်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူတွေက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒီကနေ့ဇွန်လ (၅)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ရဲ့ ၂၀၁၆ခုနှစ်အတွက် အဓိကဆောင်ပုဒ်ကတော့ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်များ တရားမဝင်ကုန်သွယ်မှုတွေကို တကမ္ဘာလုံးအတိုင်းအတာနဲ့ ဆန့်ကျင်တိုက်ဖျက်ဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီကနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကျင်းပပြီး သဘာဝ ပတ်ဝန်းကျင် စောင့်ရှောက်သူတွေက သစ်ပင်စိုက်လှုပ်ရှားမှုကို ဆောင်ရွက်ကြပါတယ်။ အသေးစိတ် ဆက်ပြီးပြောပြပေးပါမယ်။

ဒီကနေ့ ဇွန်လ(၅)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ( World Environmental Day) ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "တို့ ကမ္ဘာမြေဂေဟစနစ်ကို ထိန်းသိမ်းဖို့ ၊ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်များ တရားမဝင် ကုန်သွယ်မှုကို ဆန့်ကျင်တိုက်ဖျက်စို့" ဆိုတဲ့ (Go Wild for Life ZERO TOLERANCE FOR THE ILLEGAL WILDLIFE TRADE) တိုက်တွန်းချက် အတိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံတွင်းမှာ တရားဥပဒေ စိုးမိုးမှုရှိအောင် အရင်ဆုံးဦးစားပေး လုပ်ဆောင်ရမှာဖြစ်တယ်လို့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားသူတွေက ပြောတာပါ။

သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးနေတာတွေကို ထိန်းသိမ်းဖို့ဆိုရင် သစ်တောသစ်ပင်ပြုန်းတီးအောင် တရားမဝင် သစ်ခုတ်နေတာတွေ၊ ရှားပါးတောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်ရောင်းချနေတာတွေကို ရပ်တန့်အောင်လို့ တရားဥပဒေစိုးမိုးရေးကို အစိုးရတာဝန်ရှိသူတွေက အရေးတကြီး ဆောင်ရွက်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူ ဒေါက်တာဝင်းမျိုးသူက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ပြောသွားပါတယ်။

“အဓိကတော့ တရားဥပဒေစိုးမိုးရေးပေါ့လေ။ NLD က ကြွေးကြော်ထားတဲ့အတိုင်းပေါ့နော်။ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်တဲ့နေရာမှာ တရားဥပဒေစိုးမိုးရေးမှာလည်း ပြည်သူလူထုပါ ပူးပေါင်းပါဝင် ဆောင်ရွက်တဲ့ စနစ်တခုကို အမြန်အကောင်အထည်ဖော်ဖို့လိုတယ် လို့ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သက်ဆိုင်ရာဌာနတွေနဲ့ ပြည်သူပါ ပူးပေါင်းပါဝင်နိုင်တဲ့ Mechanism လေးရှိမှသာလျှင် ဒီနေ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ပုဒ်ဖြစ်တဲ့ တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ရောင်းဝယ်ဖောက်ကားတာတွေကို ထိန်းချုပ်ဖို့ကိစ္စတွေ၊ တရားမဝင် သစ် ရောင်းဝယ်တာတွေကို တားဆီးတဲ့ ကိစ္စတွေ၊ သတ္တုတွင်းကိစ္စကြောင့် ပတ်ဝန်းကျင် ယိုယွင်းတာတွေ ဒါတွေကို ဥပဒေဘောင်ထဲရောက်လာအောင်သွင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ တာဝန်ရှိတဲ့အဖွဲ့အစည်းရယ်၊ အုပ်ချုပ်ရေးရယ်၊ ပြည်သူတွေ အောက်ခြေအဆင့်မှာတင် မြို့နယ်အဆင့်မှာပဲ ဖြစ်ဖြစ် ၊ ခရိုင် အဆင့်မှာပဲ ဖြစ်ဖြစ် ပတ်ဝန်းကျင် စောင့်ကြည့် ထိန်းသိမ်းရေး ပြည်သူ့ကော်မတီတွေ ဖွဲစည်းပြီးတော့ ဆောင်ရွက်မှသာလျှင် ဒီနေ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်နိုင်မယ်လို့ ကျနော်ကတော့ အကြံပြုပြောကြားလိုပါတယ်။”

ပဲခူးတိုင်းမှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကျင်းပစဉ် (ဓါတ်ပုံ-ဦးကျော်မင်းစံ FB)
ပဲခူးတိုင်းမှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကျင်းပစဉ် (ဓါတ်ပုံ-ဦးကျော်မင်းစံ FB)

လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ NLD အစိုးရသစ်လက်ထက်မှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်နဲ့ သစ်တောနဲ့ သယံဇာတ၊ တောရိုင်းတိရစ္ဆာန် ဘေးကင်းလုံခြုံအောင် ထိန်းသိမ်းကာကွယ်ရေးအတွက် ပြည်နယ်နဲ့တိုင်းအလိုက် ရဲလုံခြုံရေးတွေ၊ သစ်တောဦးစီးဌာနနဲ့ပူးပေါင်းပြီး စီမံကိန်းတွေ ချမှတ် အကောင်အထည်ဖော်နေပြီး ရက် (၁၀၀) စီမံကိန်းအတွင်းမှာကို အရေးတကြီးဆောင်ရွက်ချက်အနေနဲ့ ထည့်သွင်းဆောင်ရွက်နေပါတယ်လို့ ပဲခူးတိုင်းက ပဲခူးအစိုးရအဖွဲ့ဝင်သယံဇာတာ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီးဦးကျော်မင်းစံက ပြောပါတယ်။

“ကျနော်တို့ ပဲခူးတိုင်းဒေသကြီးကတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပါဝင်လာအောင်လည်း ကြိုးစားတယ်။ နောက်ကျနော်တို့ သစ်တောတွေကို ထိန်းဖို့ ပြန်ပြီးစနစ်တကျလုပ်နေတာတွေရှိတယ်။ စီမံကိန်းတွေကျနော်တို့ရေးထားတယ်ပေါ့။ အရင်တုန်းကဆိုရင် သစ်တောထိန်းဖို့ဆိုရင် သစ်တောရဲတွေ လုံလုံလောက်လောက်မရှိဘူး။ ကျနော်တို့ သစ်တောရဲတွေ ထပ်ပြီးတောင်းထားတာတွေရှိတယ်။ အရင်တုန်းကဆို ပဲခူးတိုင်းမှာ သစ်တောရဲအယောက် ၂၀ ပဲခူးကိုအခြေခံပြီးတော့ပဲရှိတယ်။ သစ်တောရဲကိုလည်း ၁၀ ယောက်နဲ့ နောက်ထပ် အယောက် ၄၀ တောင်းထားတာလည်းရှိတယ်။ နောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပေါ့နော် အဲလိုမျိုးတွေ ကျနော်တို့အကူအညီတောင်းထားတာတွေရှိတယ်။ ဆိုတော့ အရင်တုန်းက လွှတ်ထားပေးခဲ့တာဗျ။ အခြေအနေတွေ ပြန်သုံးသပ်ရင်လေ ဘာကြောင့်သစ်တောတွေပြုန်းတီးလဲဆိုတော့ တရားဥပဒေမစိုးမိုးလို့ သစ်တောတွေ ပြုန်းတီးခဲ့တာ ။ နောက်တပိုင်းကတေ့ ကျနော်တို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုပြဿနာကလည်းရှိတယ်။ သစ်ခုတ်တဲ့လူတွေကြည့်ရင် သူတို့က ပညာမတက်ဘူး၊ ဆင်းရဲတယ်။ သူတို့ရဲ့ livelihood တွေ ပြန်လည်အကောင်အထည်ဖော်ပေးဖို့ပေါ့နော်။ ဒါကတော့ ပြည်တွင်းပြည်ပ နိုင်ငံတကာအသိုင်းအဝိုင်းရော ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရော NGO တွေပေါ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ကျနော်တို့တိုင်ပင်ဆွေးနွေးပြီးတော့ ရနိုင်တဲ့နေရာကနေ တဆင့်ချင်းစီ အကောင်အထည်ဖော်သွားမယ်ပေါ့နော်။”

ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွေကို မြန်မာနိုင်ငံတဝှမ်း ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ကျင်းပကြပြီး ပဲခူးတိုင်းအတွင်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ပဲခူးတိုင်းဝန်ကြီးချုပ်က ဦးဆောင်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကျောင်းသူကျောင်းသားလူငယ်တွေ ဒေသခံပြည်သူတွေပါ ပါဝင်တဲ့ သစ်ပင်စိုက် လှုပ်ရှားမှုတွေ ရှားပါးတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး ပညာပေးပြခန်းတွေနဲ့ ပညာပေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့တယ်လို့ သယံဇာတာ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီးဦးကျော်မင်းစံက ပြောပါတယ်။

မျိုးဆက်သစ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်သိစိတ်နဲ့ ဆောင်ရွက်ကြစေလိုတဲ့အတွက် သစ်ပင်စိုက်ပျိုးတဲ့လှုပ်ရှားမှုတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေး လှုပ်ရှားသူတွေက ပြည်နယ်နဲ့တိုင်းတွေမှာ သစ်ပင်တွေ လိုက်စိုက်နေကြပါတယ်။ ဒီလှုပ်ရှားမှုတွေထဲ တနိုင်တပိုင် လှုပ်ရှားနေသူတဦးဖြစ်တဲ့ ဦးနေမျိုးဇင်ကလည်း သူ့သစ်ပင်စိုက်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး အခုလိုပြောပြပါတယ်။

“နောင်လာနောက်သားတွေ ကျနော်တို့လက်ထက်တုန်းက ကြုံလာရသလို ပူနေရသလို သဘာဝကြီးဘာဖြစ်လာမလဲ၊ မုန်တိုင်းပဲထန်လာမလား၊ ပူပြင်းခြောက်သွေ့တဲ့ အပူလိုင်းကြီးပဲရောက်လာမလားဆိုတဲ သောကတွေ မခံစားစေချင်တော့ဘူး။ သဘာဝကြီးကိုချစ်ရင်၊ သဘာဝကြီးက ပြန်ချစ်မှာပဲဆိုတဲ့ ရိုးရှင်းတဲ့အမြင်နဲ့ သစ်ပင်သစ်တောစိုက်ပျိုးကြစို့ဆိုတဲ့ ဒီလှုပ်ရှားမှုကို တပိုင်တနိုင်ကနေ ကျယ်ကျယ်ပြန့်ပြန့်လေးဖြစ်အောင် ကျနော် ကြိုးစားလုပ်ဆောင်နေပါတယ်။ အဲဒါကြောင့်မို့လို့ကျနော် အပင်စိုက်ပျိုးတာလေးတွေကို ကလေးလေးတွေ မူလတန်းကျောင်းသားလေးတွေကို ကျောင်းတွေကို အုပ်စုအဖွဲ့အစည်းတွေကတဆင့် ကျနော် request လုပ်တာပေါ့၊ တောင်းဆိုပါတယ်။ ဆရာမတွေကိုယ်တိုင် ဒီအပင်လေးတွေကို ကျောင်းရှေ့မှာ လက်ခံပေးပါ။ ပြီးတော့ ကလေးတွေကိုစိုက်ခိုင်းစေချင်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအပြင် ပြည်သူလူထုကို အသိပညာပေးမှုတွေနဲ့အတူ တရားဥပဒေနဲ့အညီ တိတိကျကျ ဆောင်ရွက်ဖို့ တပြည်လုံးအတိုင်းအတာနဲ့ သစ်တောစိမ်းလန်းစိုပြေရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေကို အစိုးရက အရပ်ဖက်အဖွဲ့အစည်းတွေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူတွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ ဒီနေ့ကျရောက်တဲ့ ၂၀၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG