သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း ပါလက်စတိုင်း ထောက်ခံသူတွေ လူစုလူဝေးနဲ့ ချီတက် ဆန္ဒပြ


ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်မှုကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ တူနီးရှားလူထု။ (အောက်တိုဘာ ၂၁၊ ၂၀၂၃)
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်မှုကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ တူနီးရှားလူထု။ (အောက်တိုဘာ ၂၁၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဗုံးကြဲ တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့တောင်းဆိုပြီး ပါလက်စတိုင်းသားတွေနဲ့အတူ ရပ်တည်ကြောင်းပြသတဲ့ လူထုစုဝေးဆန္ဒပြပွဲတွေ ကမ္ဘာ့နိုင်ငံအတော်များများမှာ ဒီရက်ပိုင်း ဆက်တိုက် ကျင်းပနေကြပါတယ်။

လန်ဒန်မြို့က အထင်ကရ Marble Arch မုဒ်ဦးကြီးရှေ့မှာ စနေနေ့က လူ ၁ သိန်းကျော် စုဝေးပြီး အစိုးရရုံးတွေစိုက်ရာ Whitehall အရပ်ကို ချီတက်ခဲ့ကြပြီး ပါလက်စတိုင်းသားတွေကို ထောက်ခံ ဆန္ဒပြခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်မှာလည်း စနေနေ့က လူတွေ ထောင်နဲ့ချီ ချီတက်ခဲ့ကြပြီး အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ရှုတ်ချတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ အလားတူ အီတလီနိုင်ငံ ရောမမြို့၊ စပိန်နိုင်ငံ မက်ဒရစ်မြို့၊ တူရကီနိုင်ငံ အီစတန်ဘူလ်၊ ဂျာမနီနိုင်ငံ Dusseldorf စတဲ့ ဥရောပက မြို့ကြီးတွေမှာအပြင် အာဖရိက၊ အာရှနဲ့ အရှေ့ အလယ်ပိုင်းဒေသ နိုင်ငံတွေမှာလည်း ပါလက်စတိုင်းကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက် ခဲ့ပါတယ်။

အစ္စရေးနိုင်ငံ Tel Aviv မြို့မှာလည်း စနေနေ့ ညနေပိုင်းက ကာကွယ်ရေး ဝန်ကြီးဌာနရှေ့မှာ Tel Aviv မြို့ခံ ရာနဲ့ချီ စုဝေးခဲ့ကြပါတယ်။ နှစ်ဘက် အပစ်အခတ် ရပ်စဲဖို့နဲ့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က ဂါဇာကို ပြန်ပေးဆွဲခေါ်ဆောင်ခံခဲ့ရသူတွေကို ပြန်လွှတ်ပေးဖို့ ပျောက်ဆုံးနေသူတွေရဲ့ ဓါတ်ပုံတွေကိုကိုင်ဆောင်ပြီး တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ အစ္စရေးနဲ့ဟားမတ်စ် အပြန်အလှန် တိုက်ခိုက်နေတဲ့စစ်ပွဲကြောင့် အစ္စရေးကို ထောက်ခံဆန္ဒပြသူတွေရှိသလို ပါလက်စတိုင်း ထောက်ခံသူတွေကလည်း နေရာအနှံ့ စုဝေးဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

စနေနေ့က ဆန္ဒပြပွဲ အများစုကတော့ ဂါဇာမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရှုတ်ချပြီး အပစ်အခတ်ရပ်စဲဖို့ ပါလက်စတိုင်းသားတွေနဲ့အတူ ရပ်တည်ကြောင်း ထောက်ခံဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲ သီတင်း ၃ ပတ်ထဲ ဝင်လာတာနဲ့အမျှ ကမ္ဘာတဝန်း ခုလို ဆန္ဒပြပွဲတွေလည်း ပိုပြီး အရှိန်တက်လာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG