စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ ရဲ၊ စစ်တပ်နဲ့အကျဉ်းဦးစီးကနေ CDM လုပ်လာတဲ့ဝန်ထမ်းတွေကို အကျဉ်းထောင်အာဏာပိုင်များက “CDM စာရင်းကနေ ပယ်ဖျက်ခွင့်ပေးဖို့ ဆိုတဲ့ အသနားခံစာ”ဆိုတဲ့စာတွေကို လက်မှတ်ရေးထိုးခိုင်းပြီး စစ်ကောင်စီလက်အောက်မှာ ပြန်လည် တာဝန်ထမ်းဖို့ ဖိအားပေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာဖမ်းဆီးထားတဲ့ ရဲ၊ စစ်တပ်နဲ့အကျဉ်းဦးစီးကနေ CDM လုပ်လာခဲ့တဲ့အကျဉ်းသားတွေကို အကျဉ်းထောင်အာဏာပိုင်တွေက “CDM စာရင်းကနေပယ်ဖျက်ခွင့် ပေးဖို့အသနားခံစာ”ဆိုတဲ့စာတွေကို လက်မှတ်ရေးထိုးခိုင်းနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ဦးဆောင်ကော်မတီဝင်ဦးသိုက်ထွန်းဦးက VOAကိုပြောပါတယ်။
“လက်ရှိမှာတေ့ာ မုံရွာအကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တာပါ။ အဓိက,ကတော့ CDM လုပ်ခဲ့သူတွေကို အသနားခံစာတင်ပေါ့။ တင်ရင်ပြန်လွှတ်နိုင်တယ်ပေါ့။ စည်ရုံးလှုံ့ဆော်တာပေါ့။ အဓိကလုပ်တာက ထောင်အာဏာပိုင်တွေပါတယ်။ အကျဉ်းဦးစီးကခေါ်တယ်ဆိုတာကို ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယ အပတ်ကနေ စလုပ်လာတာပေါ့နော်၊ အဓိကအားဖြင့် CDM လုပ်ခဲ့တဲ့စစ်တပ်၊ ရဲနဲ့ အကျဉ်းဦးစီး ဝန်ထမ်းတွေကို အရင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေကို ခေါ်ယူတွေ့ဆုံတာ့ပေါ့နော်။”
လက်မှတ်မထိုးတဲ့CDMအကျဉ်းသားတွေကိုတော့ မိသားစုကိုငဲ့ညှာတဲ့အနေနဲ့ လက်မှတ်ထိုးဖို့ ထောင်မှူး ဦးကျော်ဝင်းကိုယ်တိုင်က ဖိအားပေးပြောဆိုခဲ့တယ်လို့လည်းPPNM ရဲ့ ကြေငြာချက်မှာ ဖော်ပြပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေကို ထိန််းချုပ်နိုင်ဖို့အတွက် ရဲနဲ့စစ်တပ်က အတွေ့အကြုံရှိပြီးသားလူတွေ လိုအပ်နေတယ်လို့ယူဆရကြောင်းကိုလည်း ဆက်ပြောပြပါတယ်။
“လက်ရှိမှာတော့စစ်ကောင်စီရဲ့ယန္တယားမှာ လူဦးရေလိုအပ်ချက်တွေကရှိတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာCDM လုပ်သူတွေကများလာတော့ အရင်က အတွေ့အကြုံရှိဖူးပြီးသားလူတွေကို ပြန်ပြီး ခေါ်ယူစုဆောင်းဖို့လုပ်တာဖြစ်နိုင်ပါတယ်။”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အောက်တိုဘာလ ၄ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇,၅၁၃) ဦးရှိပြီး အဲဒီထဲက (၂၁,၀၁၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူ ၂၁,၀၀၀ ကျော်ထဲက (၉,၄၈၁) ဦး ကတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့လည်း ဖော်ပြထားပါတယ်ရှင်။
Forum