အငြင်းပွားစရာတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး လွှတ်တော်မှာ စတင်ကြိုးပမ်း နေတဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ကြိုဆိုလိုက်ပါတယ်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ် ဖွဲ့စည်းမယ့် အစီအစဉ်ကို လွှတ်တော်က မဲခွဲအတည်ပြုလိုက်တာဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မျှော်လင့်ထားတဲ့ အပြုသဘောဆောင် ဖြစ်ထွန်းမှုတခု ဖြစ်ကြောင်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။
အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်သူတွေ လိုလားနေသလို၊ ပြည်သူတွေရဲ့ ဆန္ဒကိုလည်း ပူးပေါင်းကော်မတီက ဖြည့်ဆည်းပေးဖို့လည်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပျက်ကွက်နေတယ်ဆိုပြီး မြန်မာအစိုးရအပေါ် ဝေဖန်နေတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။ ဒီမိုကရေစီ မဆန်တဲ့ ကန့်သတ်ချက်တွေ ပါဝင်နေတယ်လို့ အများက ဝေဖန်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒဒေကို ပြင်ဆင်ဖို့ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်မှာ ကတိပြုထားပေမဲ့လည်း အစိုးရသက်တမ်းဝက် ရှိလာတော့မှသာ ပြင်ဆင်ဖို့ စတင်ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။
လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၄ ပုံ ၁ ပုံ နေရာယူထားပြီး၊ အရေးပါတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကိုလည်း စစ်တပ်က ထိန်းချုပ်ခွင့်ပြုထားတဲ့ အခြေခံဥပဒေကို မပြင်နိုင်မချင်း မြန်မာနိုင်ငံကို ဒီမိုကရေစီ တိုင်းပြည်အဖြစ် လက်ခံနိုင်မှာ မဟုတ်ကြောင်းလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုခဲ့တာပါ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းမယ့် အစီအစဉ်ကိုတော့ လွှတ်တော်က မနေ့တုန်းကပဲ မဲခွဲအတည်ပြုလိုက်တာပါ။
ကော်မတီဖွဲ့စည်းရေး ပြီးခဲ့တဲ့လကုန်က လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်တွေ အဆိုပြုချိန်မှာတော့ တပ်မတော်သား ကိုယ်စားလှယ်တွေက လုပ်ထုံးလုပ်နည်းနဲ့ မညီကြောင်း ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဘယ်တုန်းကမှ ကန့်ကွက်ခဲ့ဖူးတာ မရှိကြောင်းနဲ့ ပြင်သင့်တာတွေကို စနစ်တကျပြင်ဖို့လိုကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။