ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေ၊ အထူးသဖြင့် တရုတ်ပိုင် စီးပွါးရေးလုပ်ငန်းတွေ အများအပြားရှိတဲ့ လှိုင်သာယာမြို့နယ်တွင်းမှာ ကာစီနိုလောင်းကစားရုံတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ကြီးထွားနေပြီး တနင်္ဂနွေနေ့က စစ်ကောင်စီခန့်ထားတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးလည်း ဒီလိုကိစ္စတွေနဲ့ ဆက်နွယ်ပြီး လုပ်ကြံ၊ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါကြောင့် ဒီနေ့တနင်္လာနေ့အထိ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားလို့ ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
ရန်ကုန်တိုင်းက စစ်အုပ်ချုပ်ရေးနယ်မြေတွေ၊ အထူးသဖြင့် လှိုင်သာယာမြို့နယ်ထဲမှာ ဟိုတယ်ဗန်းပြ ကာစီနိုလောင်းကစားရုံတွေ ကြီးထွားနေပြီး ဒါကိုအကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ လာဘ်ပေးလာဘ်ယူမှုတွေလည်း စစ်ကောင်စီယန္တရားကြားမှာ ကြီးထွားလာပါတယ်။
အခုတနင်္ဂနွေနေ့က လှိုင်သာယာ အနောက်ပိုင်းမြို့နယ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူး လုပ်ကြံသတ်ဖြတ် ခံလိုက်ရပါတယ်။ သေဆုံးသူဟာ ဒီလို ကာစီနို လောင်းကစားရုံတွေကို အကာအကွယ်ပေးထားတယ်လို့ သူနဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။ ကုန်စုံဆိုင်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းတွေကို အချိန်တိုအတွင်းမှာ ပိုင်ဆိုင်ခဲ့ပြီး လူငယ် ၁,၀၀၀ နီးပါးကို အတင်းအဓမ္မစစ်မှုထမ်းဖို့ စုဆောင်းခဲ့ကြောင်းလည်း လှိုင်သာယာမြို့က ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။
"အဲဒီလူက အရင်တုန်းက ဘာမှမဟုတ်ဘူး၊ ရေခဲမုန့်တွေဘာတွေလုပ်တာ။ လုပ်ပြီးတော့ ဖောက်သည်ပေးတာ။ နယ်ကလာပြီးလုပ်တာ။ ပြီးမှ ဟိုလူ့ပေါင်း ဒီလူ့ပေါင်းနဲ့ စီးပွားရေးတွေလုပ်၊ လူကြီးလုပ်ပြီး ထောမှန်းသိတော့၊ လူတွေက ပိုက်ဆံပဲ။ သေရမှာလည်းမသိဘူး။ အဲနေရာကို တယောက်သေသွား။ နောက်မှာ တန်းစီနေတာပဲ လုပ်ချင်တဲ့သူက။ လှိုင်သာယာက အရမ်းရတယ်လေ။ နိုင်ငံခြားသားတွေကလည်း များတယ်။ လောင်းကစားရုံတွေကလည်း ရတာက မနည်းပဲရတာ။ လောင်းကစားရုံတွေက ဟိုတယ်တွေ အဖွင့်ပြပြီး အဲဒီအထဲတွေမှာ လုပ်နေတာ၊ အဆင့်မြင့်ဟိုဘက် စက်မှုဇုံထိပ်မှာ ဟိုတယ်ကြီးတခု ဆောက်ထားတယ်၊ ညဘက်ဆို ကားတွေကအပြည့် အထဲမှာ။ အဲဒီကနေ (အုပ်ချုပ်ရေးမှူးတွေက) ပိုက်ဆံရနေတာ။"
ရန်ကုန်တိုင်းရဲ့ တခြားမြို့နယ်တွေမှာလည်း ဒီလုပ်ငန်းတွေကို အကာအကွယ်ပေးတဲ့ စစ်ကောင်စီရဲ့ အောက်ခြေ အုပ်ချုပ်ရေးအဖွဲ့တွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာပါ။ စစ်မှုမထမ်းချင်သူတွေ၊ သုံးဘီးမောင်းသူတွေ၊ ထောက်ခံစာလုပ်သူတွေ၊ ရုံးလုပ်ငန်းအဆင့်ဆင့်နဲ့ စီးပွားရေး လုပ်ငန်းတွေအထိ အဆင့်ဆင့်မှာ ငွေပေးနေရကြောင်း ဒေသခံတချို့က ဗွီအိုအေကို ပြောပြခဲ့တာပါ။
Forum