သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲပေးသူနည်းပါး


ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲပေးနေသူတဦး

ဒီကနေ့ ရန်ကုန်မှာကျင်းပတဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲ အနှောင့်အယှက်တစုံတရာမရှိပဲ အောင်မြင်စွာပြီးဆုံးသွားပေမဲ့လို့ မဲပေးသူဦးရေက အင်မတန်ကို နည်းပါးလွန်းနေတယ်လို့ မဲဆန္ဒရှင်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေကပြောပါတယ်။ စည်ပင်ရွေးကောက်ပွဲမှာ ပါတီနိုင်ငံရေး အင်အားသုံးမှုအချို့ကို တွေ့ရှိခဲ့ရသလို မဲဆန္ဒရှင် စာရင်းမှားယွင်းမှုတွေနဲ့လည်း ကိုယ်တိုင်ကြုံခဲ့ရတယ်လို့ ကိုယ်တိုင်မဲပေးခဲ့သူ စည်ပင်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တဦးကလည်း ထောက်ပြပြောဆိုပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်းတွင်း ၃၃မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲ အခြေအနေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

မတ်လ ၃၁ရက်နေ့ တနင်္ဂနွေ မနက်ခင်းကစလို့ ရန်ကုန်တိုင်း ၃၃မြို့နယ်က မဲဆန္ဒနယ်ခြောက်ခုအတွက် ကိုယ်စားလှယ်လောင်း ၂၇၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲကတော့ ချောမွေ့စွာပဲ ကျင်းပပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့လို့ မဲလာပေးသူ မဲဆန္ဒရှင်ဦးရေက သိသိသာသာကို နည်းပါးခဲ့တယ်လို့ ရွေးကောက်ပွဲမဲပေးခဲ့သူတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်တဲ့အဖွဲ့တွေက ပြောပါတယ်။ ဒီကနေ့ကျင်းပတဲ့ ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲကိုတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တာမွေမြို့နယ် မဲရုံမှာ လာရောက်မဲ ပေးခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကတော့ ဗဟန်းမြို့နယ်မှာ ကြိုတင်မဲပေးခဲ့ပြီးဖြစ်ပါတယ်။

လာမယ့်ဧပြီလအတွင်းမှာ စတင်အသက်ဝင်လာမယ့် စည်ပင်ကော်မတီဝင်ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့တော်သူ မြို့တော်သားတွေ မဲပေးခဲ့ကြတဲ့အထဲ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်မှာ ကိုယ်တိုင်သွားပြီး မဲပေးခဲ့သူ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သူ့အတွေ့အကြုံ အခုလိုပြောပြပါတယ်။

“နိုင်ငံသားတယောက်အနေနဲ့ပေါ့နော် ကိုယ့်စည်ပင်မှာ ထမ်းဆောင်မယ့် ကိုယ်စားလှယ်ကို ရွေချယ်တာက ဘာပဲပြောပြော ကျနော်တို့က ကိုယ့်မှာလည်း တာဝန်ရှိတာပေါ့နော်။ ကိုယ်လည်းရွေးချင်တဲ့အတွက်ကြောင့်မို့လို့ ဒါကိုသွားပြီးတော့ ကျနော်တို့ မဲပေးရခြင်းဖြစ်တယ်ပေါ့နော်။ ဒါကတော့ ကျနော်တို့အနေနဲ့ ကြည့်တဲ့အခါကျတော့လည်း စိတ်မကောင်းစရာကတော့ မဲပေးတဲ့ အရေအတွက် နည်းတယ်ပေါ့နော်။ ကျနော်သွားတဲ့ ၂ နာရီကျော်လောက်မှာဆိုရင် မဲပေးတဲ့လူက မရှိဘူး ကျနော်တယောက်ပဲရှိတာပေါ့နော်။ မဲပေးတဲ့ အရေအတွက် ကျနော်မေးကြည့်တော့လည်း မဲပေးရမယ့် ၁၀၀၀ကျော်မှာ လာပေးတဲ့လူက ၅၀ လောက်ပဲ ရှိတယ်လို့ ပြောတယ်ပေါ့နော်။ ဒီလိုမျိုးလာထည့်တဲ့သူ နည်းနေတာကတော့ ကျနော့်အနေနဲ့ စိတ်မကောင်းဘူးပေါ့နော်။ ဘာပဲပြောပြော ကျနော်တို့ စည်ပင်ရွေးကောက်ပွဲဆိုတာလည်း အရေးကြီးတဲ့ နေရာတခုဖြစ်တယ်ပေါ့နော်။ မြို့နယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ်ရော ရွေးရမယ့်ဟာ ဖြစ်နေတာပေါ့နော်။ လက်ရှိမဲပေးတဲ့ မဲ ရုံ တွေအနေအထားကတော့ အဆင်ပြေပါတယ်။ မဲရုံအနေအထားကတော့ ကျေနပ်မှုရှိပါတယ်။”

မဲလာပေးသူဦးရေ အတော်လေးကို နည်းတာကို တွေ့ခဲ့ရတယ်လို့ ဒေါက်တာစိုးထွန်း ထောက်ပြသွားသလိုပဲ ရွေးကောက်ပွဲကျင်းပတဲ့ ၃၃မြို့နယ်က မဲရုံတွေမှာ စောင့်ကြည့်လေ့လာသူပေါင်း (၃၄၈)ဦးကို စေလွှတ်ပြီး အနီးကပ်စောင့်ကြည့်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ ( PACE) ကလည်း ရွေးကောက်ပွဲက ချောမွေ့စွာပြီးဆုံးသွားပေမဲ့ မဲပေးသူက အလွန်ကို နည်းတဲ့အတွက် စိုးရိမ်မိတယ်လို့ ရွေးကောက်ပွဲကျင်းပနေချိန်မှာပဲ သဘောထားထုတ်ပြန်ပါတယ်။

ဒီကနေ့ကျင်းပခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲအပေါ် PACE ရဲ့ စီမံကိန်းအစီအစဉ်မန်နေဂျာကိုဟန်စိုးထွန်းက အခုလိုခြုံငုံသုံးသပ်ပါတယ်။

“မဲစပေးတဲ့ အချိန်မှာတော့ အားလုံးကတော့ အဆင်ပြေတယ်။ နောက် အေးအေးဆေးဆေးပဲ ဖြစ်တယ်။ ဒါပေမယ့် မဲလာပေးတဲ့ ပမာဏကတော့ တအားနည်းတယ်။ နောက်ထပ် စမ်းစစ်လေ့လာမှုတခုလုပ်ကြည့်တာ ရန်ကုန်မြို့မှာရှိတဲ့ ၃၃ မြို့နယ်မှာ ကျင်းပနေတဲ့ မဲရုံတွေအခြေအနေတွေ သုံးသပ်ကြည့်တာ ၁၀ ရာခိုင်နှုန်းပတ်ဝန်းကျင်လောက်ပဲ မဲလာပေးတဲ့လူတွေရှိတယ်။ အဲဒါကတော့ မဲပေးမူ တအားနည်းတယ်ပေါနော့်။ ကျန်တဲ့ ကိစ္စတွေအနေနဲ့ကတော့ မဲရုံစဖွင့်တဲ့အချိန်တွေမှာ ကျနော်တို့ observer တချို့ပေါ့နော် ၃ ရာခိုင်နှုန်းလောက်ပဲရှိပါတယ် ၊ ဒီလိုမျိုး တားမြစ်ခံရတာမျိုး ပေးမ၀င်တာမျိုးရှိပါတယ်။ မဲရုံဥပဒေမှာobserver တွေရဲ့ အခန်းကဏ္ဍအပေါ်မှာ သိရှိမှုနည်းလို့ တချို့ပေါ့နော် ၃ ရာခိုင်နှုန်းလောက်ဖြစ်တာ ကျနော်တို့ တွေ့ရတယ်။ မဲရုံနားမှာ မဲဆွယ်တာတို့တော့ ကျနော့်ဆီကို incident အကြီးကြီးတွေ မတက်လာဘူး။ တခြား incident လေးတွေတော့ တချို့ကိုယ်စားမဲပေးမှု အနည်းငယ်ရှိတာ ဒါပေမယ့် ကြီးမားတဲ့ ထူးခြားဖြစ်ရပ်တွေတော့ ကျနော်တို့ မတွေ့ရဘူးခင်ဗျ။”

ရန်ကုန်မြို့တော်စည်ပင်သာယာရေးရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်တဲ့ မဲရုံတည်နေရာနဲ့ လက်တွေ့ရှိနေတဲ့ မဲရုံတည်ရှိရာ လွဲမှားနေတယ်လို့ PACE က ထောက်ပြသလိုပဲ မဲရုံတွေမှာ လာပေးတဲ့ မဲဆန္ဒရှင်စာရင်း လွဲချော်မှုတွေရှိနေတာကို ကိုယ်တိုင် ကြုံခဲ့ရတယ်လို့ရန်ကုန်မြို့တော် စည်ပင်သာယာရေးရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူတဦးဖြစ်တဲ့ မဲဆန္ဒနယ် အမှတ်(၃)ရဲ့ ကိုယ်စားလှယ်လောင်းကိုအောင်ခန့်ကလည်း သူ့အတွေ့အကြုံ အခုလိုပြောပြပါတယ်။

“မဲလာပေးတဲ့ နေ့မှာကိုပဲ တကယ်မဲပေးလို့ရအောင် စီစဉ်ပေးထားတဲ့ စနစ်တွေမှာ အားနည်းနေတာတွေ ကျနော်တို့ တွေ့ရပါတယ်။ အဓိကတော့ မဲစာရင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သိသလောက်ကတော့ မဲစာရင်းမှာ အင်မတန်မှာ အားနည်းနေတာ မပြည့်စုံပါဘူး။ မိသားစုလိုက် ၊ တိုက်တခုလုံးလိုက်မပါတာတွေရှိပါတယ်။ ကျနော်ကိုယ်တိုင် ကိုယ်စားလှယ်တယောက်အနေနဲ့ မနက် ၇ နာရီမှာ မဲပေးတဲ့ အချိန်မှာ အခက်အခဲတွေ့ကြုံရပါတယ်။ ဘာလဲဆိုတော့ ပထမ မဲစာရင်း စစ်ထားရဲ့သားနဲ့ မဲစာရင်းနဲ့ ကိုက်တဲ့ မဲရုံကို ကျနော်သွားတဲ့အခါမှာ ကျနော့်နာမည်မပါဘူး၊ ကျနော်စာရင်းမပါဘူး၊ ကျနော့် မိသားစုစာရင်းမပါဘူး။ ဖုန်းတွေဆက်ပြီးတော့ ကျနော့်ကို နောက်မဲရုံကို ညွှန်ကြားပါတယ်။ အဲဒီမဲရုံမှာ သွားပေးလိုက်တော့ ရသွားပါတယ်။”

ဒီကနေ့ကျင်းပခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲရဲ့ အခြေအနေအပေါ် ပါတီ နိုင်ငံရေးလွှမ်းမိုးမှုတွေရှိတာကို မြင်ခဲ့ရပြီး မဲဆန္ဒရလဒ် ထွက်ပေါ်လာချိန်ကို စောင့်ကြည့်ရမယ်လို့လည်း စည်ပင်ကိုယ်စားလှယ်လောင်း တဦးအနေနဲ့ သူက အခုလိုသုံးသပ်ပါတယ်။

“ပထမဦးဆုံးအခက်အခဲကတော့ နိုင်ငံရေးအခက်အခဲပေါ့နော် ၊ ပါတီနဲ့ အခက်အခဲ။ ဒုတိယကတော့ တသီးပုဂ္ဂလထဲမှာရှိတဲ့ စီးပွားရေးအခက်အခဲပေါ့။ တတိယကတော့ နာမည်ရှိပြီးသားအခက်အခဲပေါ့နော်။ ပထမ ၂ ခုကတော့ ပိုပြီးကြီးပါတယ်ခင်ဗျ။ နိုင်ငံရေးဆိုတာက အလံ logo ဆိုတာက လူတိုင်းသိပြီးသား အလံ logo၊လူတိုင်းစိတ်ချတဲ့ အလံ logoပါ။ သို့သော်လည်း သူ့အနေနဲ့ အစိုးရအထိတောင်မှ အစိုးရဆိုတာလည်း အကြီးဆုံး နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်အထိ ဒီ Logoနဲ့နိုင်ငံတကာလှည့်နေတဲ့ Logo ဆိုတော့အစိုးရနဲ့ ပြည်သူနဲ့ ပြိုင်နေရသလိုဖြစ်ပါတယ်။ အဲဒါမမျှတပါဘူး ဒီဟာတွေကို မစဉ်းစားထားဘူးလို့ ကျနော်ထင်ပါတယ်။ ငွေရေးကြေးရေးကလည်း ပြန်ကြည့်မယ်ဆိုရင် အဖွဲ့နဲ့ တယောက် ပြိုင်ရသလိုဖြစ်နေပါတယ်။”

ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ၆ ဦး ကို မဲဆန္ဒနယ်မြေခြောက်ခုကနေ မဲပေးရွေးချယ်တာ၊ နောက် မြို့နယ် ၃၃မြို့နယ်က စည်ပင်သာယာရေး ကော်မတီတွေ အတွက် တမြို့နယ်ကို ၃ ဦးနှုန်းနဲ့ စုစုပေါင်း ၉၉ ဦးကို သက်ဆိုင်ရာ ရန်ကုန်မြို့တော်သူ မြို့တော်သားတွေက မဲပေး ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကတော့ လာမယ့်သီတင်းပတ်အတွင်း ကော်မရှင်ကနေ ထုတ်ပြန်နိုင်ခြေရှိပါတယ်။ ရွေးကောက်ခံရတဲ့ မြို့တော်စည်ပင်ကော်မတီဝင် ၆ ဦးနဲ့ တိုင်းအစိုးရက ခန့်ထားတဲ့ မြို့တော်ဝန်အပါအဝင် လက်ရှိ ကော်မတီဝင် ၅ ဦးပူးပေါင်းပြီး ကျန်ရှိတဲ့ စည်ပင်သက်တမ်း ၂ နှစ်တာအတွက် တာဝန်ထမ်းဆောင်ကြရမှာပါ။ စည်ပင်ဥပဒေအသစ်အရ ထူးခြားချက်တခုက တော့ ရွေးကောက်ခံ ၆ ဦးထဲက တဦးကို ဒုတိယမြို့တော်ဝန်အဖြစ် ကော်မတီဝင်တွေအားလုံးက လျှို့ဝှက်မဲပေး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲပေးသူနည်းပါး
please wait

No media source currently available

0:00 0:06:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG